Poems

Powered by Blogger.

Articles

Variety

Latest Release

Wednesday, September 28, 2016

Mimi Thaw

သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ ဂင်္ဂါဂူဂူး၏ ကဗျာများ

ဧဒင်ဥယျာဉ်မှ ညနေခင်းများအထိ ချစ်ခြင်း ရူးခြင်း ဖိစီးခြင်းများ
www.pinterest.com

ငါတို့ဟာ ဥယျာဉ်အပြင်ကို ခြေချမိတာနဲ့
ကမ္ဘာအနှံ့က ငါတို့ ကြိုက်တဲ့သစ်သီးတိုင်းကို အလိုရှိသလို လွတ်လွတ်လပ်လပ် ဆွတ်ယူစားသောက်နိုင်ကြပြီ
ငါတို့အတွက် ဘုရားသခင်ချမှတ်ခဲ့တဲ့ စည်းမျဉ်းဟာ နှလုံးသားတွေကို စည်းကြပ် လူသားရဲ့ခံစားနိုင်မှုအစွမ်းကို ကန့်သတ်ခဲ့ရုံသက်သက်ဖြစ်တယ်
အခက်ခဲဆုံးလမ်းကို ငါတို့အလွယ်တကူရွေးချယ် ဘုရားသခင်ကို ပြိုင်တူကျောခိုင်းခဲ့ကြတယ်
ငါတို့ဟာ ဘုရားသခင်ထက် ငါတို့ချင်းသာ ပိုနီးကပ်ပိုနားလည်လာကြတယ်
အရှက်သည်းလာကြတယ်
နှလုံးခုန်သံတွေ မြန်လာကြတယ်
ပွင့်လင်းစွာ ချစ်တတ်လာကြတယ်
နာကျင်စရာအသစ်မှာ စိတ်လှုပ်ရှားလာတယ်
ချွေးသံရဲရဲမှာ ပျော်ရွှင်လာကြတယ်
ဘုရားသခင်ညွှန်းဆိုတဲ့ ဒုက္ခကြီးခြင်းမှာ အရသာတွေ့လို့
ငါတို့ တခါနမ်းရှိုက်ကြတိုင်း ဘုရားသခင်ဟာ သက်ပြင်းပူကြီး တခါချတယ်
ဘုရားသခင်ရဲ့အရှိန်အဟုန်ကြီးလှတဲ့ ဝန်တိုမှုဟာ ငါတို့ကို သတ်ပစ်ခဲ့ပြီး
ငါတို့ချစ်ခြင်းကို သေအောင်မသတ်နိုင်တဲ့အခါ
ဘုရားသခင်ဟာ နှစ်ပေါင်းများစွာခြားပြီးမှ တယောက်ကို တနေရာစီမှာ လူဖြစ်ခွင့်ပြန်ပေးခဲ့တယ်
ကမ်းအမှားတွေမှာ ဆိုက်ကပ်စေခဲ့တယ်
လူစိမ်းတွေကို မင်းအယောင်ဆောင်စေခဲ့ပြီး ငါ့ကိုလည်း လူစိမ်းတွေရင်ခွင်မှာ မှားယွင်းစွာ ပြိုကျစေခဲ့တယ်
မိုးဖွဲဖွဲ အလင်းကျဲကျဲ ညနေခင်းတခုမှာ
ငါတို့ချစ်ခြင်းရဲ့တန်ခိုးဟာ ဘုရားသခင်ရဲ့ကျိန်ခြင်းကို နင်းချေဖြတ်တောက်နိုင်ခဲ့တယ်
ကြိုတင်ချိန်းဆိုမှုမပါဘဲ ငါတို့ဆုံတွေ့ခဲ့ကြပြီး
ပြန်လည်ဆုံတွေ့ခြင်းမှာ ကာလရှည်ကြာစွာ ဖိစီးခဲ့တဲ့ အလွမ်းတွေဟာ မောပန်းနွမ်းလျ အစေးပေါက်နေရာက ငါတို့ကိုယ်ပေါ် ဒလဟော ပွင့်အံလျှံကျလာ ငါတို့လည်း တယောက်ထဲတယောက် တိုးဝှေ့ဖက်တွယ်ထားမိရက်သား
တယောက်ထဲတယောက် အကြိမ်ကြိမ်ရောက်ခဲ့ဖူးလည်း အကြိမ်တိုင်းမှာ နီမြန်းပူထူလို့ သွေးဆူနေရက်သား
ငါပြောတယ်
‘ငါ့မှာ ဘာမှမရှိတော့ဘူး’ တုံ့ဆိုင်းစွာ
မင်းပြန်ပြောခဲ့တယ်
‘မင်းဟာ မင်းဖြစ်နေဆဲအချစ် ’
မင်းပြောတယ်
‘ကိုယ်လုံးပေါ်မှန်ထဲပေါ်လာ ငါ့ခန္ဓာကြီးဟာ အရုပ်ဆိုးလိုက်တာ’ စိတ်မသာစွာ
ငါပြန်ပြောခဲ့တယ်
‘မင်းခန္ဓာကိုယ်ကြီး အရှိအတိုင်းဟာ ငါ့တကယ့်ကမ္ဘာ ’
ဧဒင်ဥယျာဉ်ထဲမှာ
တားမြစ်ထားတဲ့ သစ်သီးကို ငါ့ဘက်က စကမ်းပေးခဲ့သလို
အဲဒီညနေခင်းမှာ
မင်းပေါင်တွေပေါ် ခြေထောက်တွေကို ငါ့ဘက်က စလှမ်းတင်ခဲ့တာ ။ ။

ဂင်္ဂါဂူဂူး
၉-၉-၂၀၁၆
သောကြာ
...
ညနေခင်းမှာသူ့ကိုနာကျင်ခြင်းတွေအလွတ်
www.pinterest.com
ရွတ်ပြမိတော့သူ့မျက်လုံးထဲကိုယ့်နာကျင်မှုဟာခုန်
ဝင်သွားတယ်အဲဒီမင်းမျက်လုံးထဲကနာကျင်ခြင်းအရောင်ကိုကိုယ်သိပ်ကြိုက်တာ
မပြောဖြစ်သေးဘူးမင်းပေးတဲ့ပန်းသီးသေးသေးလေးတွေကျွတ်
လိုက်ပုံများကိုက်လိုက်တိုင်း ဂျွတ်ဂျွတ်အသံတွေ
ဟာ အဲလစ်(စ) အိမ်ပြန်ရောက်နေပြီလားလို့တောင်အထင်မှားမိတယ် ဆေးမှတ်တမ်းတွေ
အဲလစ်(စ)စားသွားကြောင်းမင်းကိုပြောပြတော့တားမြစ်
အိပ်ဆေးတွေတရားဝင်ဝယ်ဖို့ကိုယ့်မှာသက်သေ
မရှိဘူးကိုယ်တို့ညနေခင်းဟာတရားဝင်ဖို့
မလိုအပ်ဘူးမဟုတ်လားမင်းရဲ့စူးရှထိုးထွင်းမှုဟာကိုယ့်ဆီ
တဟုန်ထိုး ထိုးဆင်းလာပြီးပွေ့ချီသွားတာကောင်းကင်နိုင်ငံ
ဆိုတာကောင်းကင်သားတို့အတောင်ခတ်မှရောက်မယ့်နေရာ
အခုကိုယ်တို့ရောက်နေတဲ့ညနေခင်း
ဟာ အိန်ဂျယ်လ်တို့ကမ္ဘာ နာရီကိုလှမ်းကြည့်
မင်းပစ်ချလိုက်တာ သက်ပြင်းလား မိုးကြိုးလား ကိုယ့်ကိုလား
ညနေခင်းကိုဆွဲဆန့်နေမိတာ ကိုယ့်ရဲ့များပြားလှတဲ့မင်းအပေါ်
တပ်မက်စွဲလမ်းစိတ်တွေဆိုတဲ့အကြောင်း ဒါလည်း
မပြောဖြစ်သေးတဲ့အကြောင်းတွေထဲသိမ်းထားရင်း
မင်းရဲ့အတောင်ပံရာတွေ တိမ်စတိမ်နတွေ
ကပ်ငြိနေတဲ့ကိုယ့်ခန္ဓာကိုယ် ငုံ့ကြည့်ရင်းလေ ။ ။ 

ဂင်္ဂါဂူဂူး
၂၀-၉-၂၀၁၆
 ထိုညနေခင်းများ
shadowlight9.blogspot.com
နိမိတ်ပြအိပ်မက်
ယုတ္တိလွန်စိတ္တဇ
နှလုံးရမ္မက်ကိုအားပေးသော မသိစိတ်မှာ
ထိုညနေခင်းများကို ပြိုင်တူလက်ခံရရှိကြတဲ့အခါ
နူးညံ့ကဗျာ
ခမ်းနားဂီတ
ချစ်သူဘာသာစကားမှာ
အသက်မဲ့ကမ္ဘာ ရှင်သန်လာ
ပင်လယ်ရနံ့အနမ်း
လွန်ပွဲအထိအတွေ့
အိမ်အရသာရင်ခွင်မှာ
ခမ်းခြောက်စမ်းချောင်းများ စီးဆင်းလာ
သံစုံကွတ်ကီး
ရောင်စုံသစ်သီး
ပျော်ရွှင်ဂျယ်လီမှာ
နေလောင်သစ်ပင်များ စိမ်းလန်းလာ
အစွဲလမ်းသွေးကြော
အရူးမျက်ရည်
အသဲကွဲချစ်ခြင်းမှာ
အိပ်မောကျနှလုံးသားများ နိုးထလာ
ဝိညာဉ်
အသက်ဓာတ်
စကားလုံးအနက်
ဘဝ
ခန္ဓာ
နှလုံးသား
ညနေခင်းမှာ ရှေးဘဝများစွာ
ညနေခင်းမှာ ကိုယ်တို့ များစွာ
ညနေခင်းမှာ ထိုညနေခင်းများစွာ ။ ။

ဂင်္ဂါဂူဂူး
၂၆-၉-၂၀၁၆


k

သစ်ခက်သံလွင် အက်ဆေး၊ သင်းရည်လွင်၏ " ပြောင်းလဲနေတဲ့တိမ် "






 ဘဝဟာ ကြွေအံကစားသလိုဖြစ်တယ်။ ဘဝဟာ လူရွှင်တော်တယောက် ပျက်လုံးတွေရှိတယ်။ ဘဝဟာ နေလိုပူတယ်။
ဘဝဟာ ရေခဲစိမ်ဖြစ်တယ်။


ပြောင်းလဲနေတဲ့ တိမ်
  
အချိန်တို့အကုန်မြန်သည်။ မသိနိုင်သောဘဝတိုတို၏မြစ်တို့စီးဆင်းသွားသလို ဖြစ်သည်။ လူတယောက် အတွက်ကန့်သတ်ထားသောနေ့များ အစားထိုးပြန်မရ။
မမြင်ရသောလမ်းများကြွေနေသော ကြယ်များ အနန္တ။
ရေပေါ်ဆီတချို့၊ ကိုယ်ရည်သွေးတချို့ အနံကြီးကွင်းကျယ် တွင်ကျယ်နေသောအနံ့များ လမ်းဘေး ဆိုင်တွေလိုညှော်လို့။


ကျွန်တော်တို့ပေးဆပ်နေသည်။ ပေးဆပ်နေဆဲဖြစ်သည်။ မည်သူမျှ မတွေးကြ။ အားလုံး ခေါင်းတွေ မော့ထားကြ။
အားလုံး ဘေးဘီမကြည့်ကြ။ ကိုယ့်သီချင်းနဲ့ကိုယ်။
ကိုယ့်အဖျားသွေးနဲ့ကိုယ်အေးစက်နေကြဆဲ။


အတ္တကိုယ်စီ။ မျှော်လင့်ခြင်းဟာ ဗုံတလုံးလို အသံထွက်မကောင်းခဲ့ဘူး။ ဒါပေမဲ့ ပျော်ပျော်နေ သေခဲ။ သည်လိုစီးဆင်းခဲ့ကြတယ်။ ဘဝဟာ လောင်းကြေးရှိတယ်။
ဘဝဟာ အပေးအယူရှိတယ်။ ဘဝဟာ ငိုသံတွေ ရှိတယ်။ ဘဝဟာ ကြွေအံကစားသလိုဖြစ်တယ်။ ဘဝဟာ လူရွှင်တော်တယောက် ပျက်လုံးတွေရှိတယ်။ ဘဝဟာ နေလိုပူတယ်။
ဘဝဟာ ရေခဲစိမ်ဖြစ်တယ်။


နတ်နေကိုင်းလေးတခုတောင် အပြည့်အဝမသိမ်းပိုက်နိုင်တော့ ကျွန်တော်တို့ဟာ လိပ်စာမှား ရောက်လာတဲ့ အရိုင်းစိုင်းတွေလို တောမှားနေတဲ့ယုန်တွေ ဖြစ်လာတယ်။ တခါတခါ ပစ်ကွင်းထဲ လည်စင်းခံ သိုးတွေ လည်း ဖြစ်တယ်။ ကြေကွဲခြင်းဟာ အရင်းအနှီးများတဲ့ လက်ဆောင်လဲဖြစ်တယ်။ သည်လိုနေ့တွေမှာ ကျွန်တော်တို့ကြွင်းကျန်နေကြဆဲ။

အခွင့်အရေးဆိုသည်စကားသည် ကျွန်တော်တို့နဲ့ မပတ်သက်။ အရာရာသိမ်းပိုက်နိုင်သော ဖြည့်ဆည်း ပေးနိုင်သောအိပ်မက်များ တိုရေရှားရေနိုင်လွန်းသည်။ ဘုရင်ခံတယောက် စိတ်ကူးမျိုး တွေးလို့ ရနေတာလေးကပဲ အကောင်းဆုံး ဆုလာဘ် ဖြစ်ရသည်။ ငိုရင်း ရယ်တတ်ခဲ့ပြီ။
ပေးဆပ်ခြင်းဟူသည် အလိုအလျောက်ဖြစ်နေသော စက်တလုံးကျွန်တော်တို့ အော်သံခေါ်သံများ အသံဝင်နေမြဲ။ အမြဲတန်းမေ့နေသော မေ့ကျန်ခဲ့သော မေ့ထားခဲ့သော မြက်ခင်းလေးဖြစ်သည်။ ဘယ်တော့ပြန်ရောက်မယ်မသိတဲ့ ရထားတစင်းလည်း ဖြစ်သည်။
လူတယောက်အတွက် သူ့ဘဝသည် သူ့အရေးအခင်း။

သူ့ရဲ့ကိုယ်ရေး ရာဇဝင်ဖြစ်သည်။ ခုချိန်ထိတော့ သူ့ရေးနေတဲ့ စာမျက်နှာတခုမညီမညာဖြစ်နေဆဲ။ ကိုယ် ငေးမောမိသောလမ်းများ အတွေးထဲ ဝေးနေဆဲ။ ဒုက္ခဟာ ချိုခဲ့ပြီ။

သည်နေ့ဟာ ကြိုးပြတ်နေတဲ့ ဂစ်တာပဲ။ 

ကျေနပ်စွာနေတတ်ရုံ။ ရှင်သန်နေရဦးမည်။ လုပ်နိုင်သလောက် လုပ်နေရဦးမည်။ တတ်နိုင်သလောက်
ရိုးသားခြင်းအလံ လွှင့်နေရဦးမည်။ ချိန်ခါမရွေး ပျောက်ကွယ်သွားနိုင်တဲ့ မီးခိုးတွေလို ဟောင်းနွမ်းသွား မယ့် စာမျက်နှာတခုလိုဖြစ်လို့မရ။ အကောင်းဆုံးတွေ ပေးချင်နေခဲ့သည်။ 


တချိန်ချိန်ဆိုတာ ရောက်မလာခင် နောက်ဆုံး သီချင်းတပုဒ်မဆိုဖြစ်ခင် ဘဝကို ကျေနပ်နေချင်သေးသည်။
လူဆိုတာက အချိန်မရွေးပြောင်းလဲနေတဲ့ကောင်းကင်ကြီးထဲက တိမ်မျှင်သေးသေးလေးတခုမဟုတ်ပါလား။


သင်းရည်လွင်
July 2016

k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဇေမှိုင်း၊ ငြိမ်းချမ်းအောင်၊ ယောဟန်အောင်တို့၏ကဗျာများ

လွန်ခဲ့သော
totallyhistory.com 
 
အချိန်တွေ အများကြီးပါ
         မလုပ်ချင်လို့ မလုပ်ခဲ့တာနဲ့
         မလုပ်နိုင်လို့ မလုပ်ခဲ့တာပဲ,
         လုပ်လို့မရတာတော့မပြောကြေးလေ...
         
         သေချာပြီဆိုပြီး
         ငြင်းခုန်နေကြသူတွေ
         အများကြီး ဘေးနားမှာရပ်လို့
         ငေးမောကြည့်
         " အကြည်ရေ..ရရင်....ဆိုတဲ့ စကားနဲ့
                        လက်ကာပြရင်း( လက်အုပ်ချီတာမဟုတ်)
           လူလိုမြင်တတ်သူကြီးတွေ
          အများကြီး....."
           လောကကြီးမှာ ဗျာ
            အဲသလို လူတွေမှ
            တပွင့်ပြီး တပွင့် ကြွေလွင့်ကုန်ကြရတာ
            အေးပေါ့လေ...
            ကိုယ့်ကိုကိုယ် မသနားတတ်တဲ့လောက
            အလေးအပင်ချင်းတူတာတောင်
            အမှောင်ထုကိုမှ ထမ်းချင်တတ်တဲ့လောက
            ကျောချမှ ဓားပြမှန်းမသိတဲ့လောက
            ရှေ့ဘဝ, နောက်ဘဝဆိုတာလေးနဲ့
            ချွေး သိပ်တတ်တဲ့လောက
            ငါကတော့ တစ-ပြင် အဝမှာစောင့်လို့........။

    ( လွန်ခဲ့တဲ့ရက်ပိုင်းကမှ လွန်သွားခဲ့ကြရသော လွန်သူများ သို့ )

ဇေမှိုင်း -၁၉၁၆
                            
…..

အချင်းကပ်တဲ့ ကောင်
www.metmuseum.org
 ကံကြမ္မာ အောက်ဖဲ
မိဘပေးတဲ့ ပညာ
ပေါင်းစပ်ထားတဲ့ဘ၀တခုဟာ
စနစ်ဆိုးတခုကို ဖြတ်သန်းရင်း
အဆိုးတွေကို ကျောပိုး
ကောင်းနိုးနိုး မျှော်လင့်ချက်
တနေ့တော့
အလင်းရောင်တွေ့မယ်ဆိုပြီး
ခရီးထွက်ခဲ့တယ်။

လူငယ်ဘဝ
တောထဲမှာ ကုန်
ထောင်ထဲမှာ ဆုံး
အပျော်တွေ အငွေ့ပျံ
အချိန်တွေ ပုပ်သိုး
မြစ်တွေ ခမ်းခြောက်
အိမ်ပြန်မရောက်တာလည်း
နှစ်ပေါင်းက ၂၀ ကျော်
သြော်
အဖေနဲ့ အမေလည်း အိုလှရောပေါ့။

ပြည်တွင်းစစ်တွေ
ကျည်ဆံမုန်တိုင်းတွေကြား
သူ့သား ကိုယ့်သား
ဘယ်သူ့သားပဲဖြစ်ဖြစ်
သေကြ ကျေကြ
ရင်ဘတ်တွေ မကွဲအက်ပေမဲ့
နှလုံးသားတွေ သေဆုံးနေတဲ့နိုင်ငံကြီး
အမုန်းတရားတွေက သန္ဓေတည်
ဆင်ခြင်စဉ်းစားဉာဏ်တွေ ပေါက်ဖွား
မတော်လောဘတွေ ကြီးပြင်းနေတော့
တော်တော်နဲ့တော့
ပြုပြင်လို့ ရမယ်မထင်။
-
ဘာပဲဖြစ်ဖြစ်
ခင်ဗျားချစ်တဲ့
ကျနော်ချစ်တဲ့
နိုင်ငံတော်တခုမှာ
မျိုးဆက်သစ်တွေ
ကောင်းမွန်စွာ ပညာသင်ကြားခွင့်ရမယ်ဆိုရင်တော့
အနာဂတ်ဟာ
လူသားရင်းမြစ်တွေနဲ့
လှပလင်းလက်နေလိမ့်မယ်။

-
ငြိမ်းချမ်းအောင်
စစ်ပွဲကြီးတွေ ပြီးတဲ့အခါ
www.mfa.org
 ကောင်လေးရေ..
ဒီရွာကို ပြန်ရောက်သေးတယ်နော်..
နင့်ဗိုက်က အတော်ထွက်လာပေါ့
မြို့သားတရုတ်ပုံ ဖြူဖြူ ၀တုတ်တုတ်နဲ့
အရင်လို ၀ါးခြမ်းဖျား ငှက်ဖျားရုပ်မဟုတ်တော့ဘူး။
အမိုး ပြောတယ်ဟုတ်
ငါတို့ တောင်ပေါ်ကလူတွေအတွက်တော့
ဒုက္ခ ခံမနေပါနဲ့..
သင့်ရာတော်ရာမှာ
'နင့်ဘ၀ နင်ကျောင်းတော့' ဆိုတာ။
ကောင်လေးရေ..
မင်းတို့ ကျောင်းသားသူပုန်တွေ အရင် ၃-ရက်လမ်းလျှောက်လာရတဲ့
ငါတို့ရွာ
အခု ဆိုင်ကယ်လမ်းပေါက်ပါပကော...
ဒါပေသိ .. တောတွေပြုန်းလာလို့
နေတော့ကျောကုန်းကော့အောင် ပူသနော့။
စစ်ပွဲကြီးတွေ ပြီးကတည်းက ဆိုပါတော့...
တို့ရွာမှာ ကုမ္ပဏီတွေ ရောက်လာ..
ရွှေတွေရှာ.. သစ်တွေခုတ်ကြ
မြစ်ကြီးလည်း ပိတ်ပစ်မယ် ပြောတာပ
သူတို့ သိမ်းသွားကြတဲ့ ငါ့ကွမ်းသီးခြံထဲလည်း
ရုံးတွေ၊ တန်းလျားတွေ၊ အလုပ်သမားတွေနဲ့ စည်စည်ပင်ပင်။
စစ်ပွဲကြီးက တို့ဖိုးခွား၊ တို့ ဖိုးဒိုမူတွေကို စားခဲ့တယ်။
စစ်ပွဲကြီးက ရွာတွေ၊ သစ်တောတွေကိုစားတယ်။
စစ်ပွဲကြီးက ငါတို့တောင်ယာ၊ ငါတို့ ဘုရားကျောင်းတွေကို စားတယ်။
စစ်ပွဲကြီးက ငါ့ယောက်ျားခြေတစ်ဖက်ကိုတောင် စားလိုက်သေး
စစ်ပွဲမီးတောက်ကြီးက တောင်တန်းတွေကိုပါ စားပစ်ခဲ့တာပေါ့။
ရွာဟောင်းတော့ကွယ် ... မှတ်မိစရာ ဘယ်ရှိမလဲ
လူတွေလည်းပြောင်း၊ အိမ်သစ်တွေလည်းပေါင်း
မီးစက်တဂျောင်းဂျောင်း မောင်းလို့ ဗီဒီယိုကြည့်ကြ
အရက် ဘီယာချောင်းစီးကြ
ကမ္ဘာ့ဘောပွဲကြီးကို လောင်းကြ
ချဲသမားတွေလည်း တယ် နေရာကျသကွဲ့။
အရင်တုန်းက အမိုးတို့ တောင်ယာခုတ်တော့
ရေဆုတ် တောပြုန်းတယ် နင်တို့ပဲပြောကြ
အခုစစ်ပွဲပြီးတော့မှ တောင်တွေက ကတုံးတွေချည်း
စီမံကိန်းကြီးတွေလည်း ရောက်လာတယ်
ပြောင်သလင်းခါအောင် တောတွေခုတ်
ငါတို့ စပါးနဲ့ငြုတ်စိုက်ခဲ့တဲ့နေရာမှာ
အခုတော့ ရာဘာနဲ့ ၀ါခင်းတွေချည်း
စက်မှုသီးနှံဆိုပြီး စိုက်ကြတာပ
တရုတ်ဆီက အတော်အ၀ယ်လိုက်ဆိုလား။
အရင်က သောက်ရေခပ်တဲ့ စမ်းတွေ
ချောက်သွားပြီလေ
မြစ်ရေတွေတောင် နောက်ကျိနေပါပေါ့
ငါတို့ဘ၀ကတော့ ပင်ပန်းတုန်း၊ ပင်ပန်းဆဲပါပဲ
တချို့လည်း ရှမ်းပြည်သွား
တချို့လည်း မြို့များမှာ အိမ်ဖော်လုပ်
တောပန်းအလှလေးတွေတောင်
ရွာကိုနှုတ်ဆက် ထွက်သွားကြတာကြာပေါ့။
အဘိုးကြီး၊ အဘွားကြီးနဲ့ ကလေးတွေပဲ များနေတဲ့ရွာ
မြို့က သူတို့ ပို့စာလည်းစား
ကလေးကလောင်လည်း ထိန်း
မိသားစု ကောက်သိမ်းပွဲတွေလည်း လွမ်းစရာဖြစ်ကုန်ပြီကွဲ့။
မင်းတို့ တပ်မှူးကျလို့
မြှုပ်ခဲ့တဲ့နေရာလား
အဲသည်မှာ မတွေ့လား
အခု ဘူဒိုဇာ ရပ်ထားတဲ့နေရာလေ....။


ယောဟန်အောင်
၂၀၁၂ ခုနှစ်၊ ဇန် ၁၉