တည်ဘွားဦး - အိမ်အပြန်

အိမ်အပြန်
တည်ဘွားဦး
(သစ်ခက်သံလွင်) မတ် ၁၄၊ ၂၀၂၄

လာတုန်းကအတိုင်းပဲ
ပြန်သွားရဦးမှာပါ

ဟုတ်ပါတယ်
နာတာက ဒီနေရာကပါ
ဒီနားလေးကို ခဏခဏ ပိုဖိထားကြတာပါ

အသံအမူအရာ ပြောင်းသွားတယ်
ကိုယ့်ကိုယ်ကိုယ် စက်တခုလိုကောင်းလာမလားလို့
ပြန်လာပြင်ပါတယ် ပညာရှင်က မရှိဘူးြဖစ်နေတယ်

ဆေးရှိပါတယ်
နာတာက မရှိတော့တာပါ
ဟိုတနေ့ကနာတော့ ဆေးက မရှိတော့ဘူး

ထွက်ပြေးခြင်းဝါဒသမားတွေက
အမုန်းတရားကို ဘယ်တော့မှလက်မခံဘူး
အဲဒီတော့ ငါက ပက်ပက်စက်စက် ရယ်မိတာမှားလား

မကျန်တော့တဲ့ရောင်းကုန်တစ်ခုလို
တမ်းတမ်းတတ စွဲလန်းစိတ်က
ကောင်းကင်မှာ အကြောင်းအရာတွေထင်တော့မယ်

ဘာမှမယူပါဘူး
ဘာမှမလိုပါဘူး
နေရောင်ခြည်ထွက်သလိုမျိုး ထွက်သွားမှာပါ
လထွက်လာသလိုမျိုး ထွက်သွားမှာပါ မပူနဲ့

ဒီကျီးကန်းတွေကလည်း လူကိုမြင်တိုင်း
စူးစူးဝါးဝါးကိုအော်နေတော့တာပဲ
ငါ့အသားတွေကိုများ စားတော့မလား

တနေ့မီးခိုးငွေ့လို
ပျောက်ကွယ်သွားရဦးမယ်ဆိုတာ သိပါတယ်

ဘာကိုမှမလိုတော့ပါဘူး
အားလုံးအဆင်ပြေပါတယ်
လာတုန်းကအတိုင်းပဲ ပြန်သွားရဦးမှာပါ။ ။ 

၉၊ ၀၃၊ ၂၀၂၄
ညနေ- ၆း ၁၄

Comments