ခင်လွန်း - " ပုရွက်ဆိတ်တကောင်ရဲ့ ထမင်းတနပ် "

" ပုရွက်ဆိတ်တကောင်ရဲ့ ထမင်းတနပ် "
ခင်လွန်း

၁၁၊ နိုဝင်ဘာ၊ ၂၀၂၁
....
မနှစ်က ငြိမ်းချမ်းရေးကဗျာဆရာကြီး မောင်အောင်ပွင့် အသက် (၇၀) ပြည့်နှစ်မှာ ကျနော် လွမ်းလို့ရေးခဲ့တဲ့စာလေး ဒီနေ့ပြန်တင်ရင်း ဒီနှစ်နည်းနည်းလေး ထပ်တိုးပြောပါရစေ
.
အဲဒါရေးတုန်းက ဖတ်သူဘက်က ဘာမှမဟုတ်လောက်ပေမယ့် စာရေးနေတဲ့ကျနော့်မှာတော့ အရာရာတရိပ် ရိပ် စိတ်ထဲမြင်နေရလို့ စာရေးရင်း ဝမ်းနည်းသလိုလို လွမ်းဆွတ်သလိုလိုခံစားရင်း မျက်ရည်လဲ (နှာရည်တွေလဲကျ) ကျမိပါတယ်။
သေချာတာက ကျနော်အခုပြန်ဖော်ပြတဲ့စာကိုရေးခဲ့တုန်းက မေးရိုးကြီးထောင်းထောင်းထအောင် အံကြိတ်ထားမိတာကိုလဲ သတိရနေမိတယ်။
တမျိုးပဲ ဒီခံစားမှုမျိုးက ဥပမာနှိုင်းပြောဖို့တော်တော်ခက်တယ်။
သေချာတာက တယောက်ဘဝကိုတယောက်၊ တယောက်အသက်တယောက် အပ်ထားကြရတဲ့အချိန်ကာလတွေကို ကျနော်သတိရနေတာဖြစ်တယ်။
တချိန်တော့ အချိန်ယူပြီး အဲဒီ့အကြောင်းတွေ စာပြန်ရေးအုံးမယ်။
ကျနော်တို့ဟာ ဘယ်အချိန်မှန်းမသိ အသက်နဲ့ခန္ဓာ အိုးစားကွဲသလိုကွဲသွားနိုင်တဲ့လမ်းခရီးတွေ အခြေအနေတွေကို အတူဖြတ်ခဲ့ကြချိန်တွေပါပဲ။
မမေ့နိုင်တဲ့အဖြစ်နဲ့ရေးခဲ့တဲ့စာမို့ ဟာသွားခဲ့တာတွေ ကျန်နေတာတွေ ရှိခဲ့ပါတယ်။ 
ဥပမာ...အဲဒီအစာမှာပါတဲ့ သို့ ဦးပုရွက်ဆိတ်ကြီးဆိုတာကို ကျနော်ဘာမှ မရှင်းထားပဲရေးခဲ့တယ်။
မောင်အောင်ပွင့်ရဲ့ နာမည်ကျော်ပုရွက်ဆိတ်ကဗျာတွေအကြောင်းသိတဲ့သူတွေကတော့ ဘာမှမထူးပေမယ့် သာမာန်စာဖတ်သူတွေ နောက်လူငယ်မျိုးဆက်သစ်တွေက ဒါကို မသိနိုင်ကြဘူး။
အဲဒီ့သူတွေအတွက် တိုတိုပဲပြောပါ့မယ်။ ဦးပုရွက်ဆိတ်ဆိုတာနဲ့ အဆက်အစပ်မဲ့ စပြီးရေးဖြစ်ခဲ့တာကိုပြောပါ့မယ်။ 
၈၈ လေးလုံးလူထုအရေးတော်ပုံကာလမှာ အဖိနှိပ်ခံလူထုဘက်က အမြဲရပ်တည်ခဲ့တဲ့ ဆရာမောင်အောင်ပွင့်ဟာ ထုံးစံအတိုင်း စစ်ဘီလူး သဘက်တွေဘေးက လွတ်မြောက်ဖို့ ရှောင်တိမ်းရင်း ရန်ကုန်မှာ မထင်မရှားနေ ထိုင်ရပါတယ်။
နားရာခိုရာ အတည်တကျမဟုတ်ပဲနေခဲ့ရာတွေထဲမှာ ကျနော်တို့ ယနေ့ဆရာကြီး ဂျက်(ကွမ်းခြံကုန်း)တို့ နေစိမ့်တို့စုစည်းရာ အိပ်မက်ဖူးမဂ္ဂဇင်းတိုက်လေးလဲပါပါတယ်။
ခရမ်းပြာမြင်းရိုင်းကြီးစကားနဲ့ပြောရရင် အိပ်မက်ဖူးဟာ ငြိမ်းချမ်းရေး ကဗျာဆရာယောက်ရဲ့ ဗုံးခိုကျင်းလဲဖြစ်ခဲ့တယ်ပေါ့။

အဲဒီမဂ္ဂဇင်းတိုက်လေးမှာ ဆရာမောင်အောင်ပွင့်နဲ့ကျနော်ဟာ နေ့တာတော်တော်များများကို အတူတူနေခဲ့ကြပါတယ်။
အဲဒီကာလက ဝန်ထမ်းတွေကိုလဲ အတင်းကြပ်ထားတဲ့အချိန်မို့ ဆရာကြီး ဂျက်လို တက္ကသိုလ်က ဆရာတပါးလဲ ရုံးဆင်းချိန်မှသာ ရောက်လာတတ်တာမို့ ကျနော်နဲ့ ဆရာမောင်အောင်ပွင့်တို့သာ တိုက်မှာ အနေများကြပါတယ်။
ကျွဲကူးရေပါပဲသဘောထားပါဗျာ။ 
အဲဒီကာလ ၈၈ လူထုအရေးတော်ပုံကြီးကာလမှာမှ တိုက်တိုက်ဆိုင်ဆိုင် မဂ္ဂဇင်းထုတ်ဝေဖြစ်ခဲ့တဲ့ကျနော်တို့မှာကလဲ ငွေကြေးအခြေအနေက ခေါင်းပါးနေတဲ့ကာလပါ။ စာအုပ်တွေဖြန့်ချိထားပေမယ့် တိုင်းပြည်က ပျက်သလောက် နီးပါးဖြစ်နေတာမိုု့ငွေတွေက ပြန်မဝင်၊ ဝင်တာတွေကလဲ ခေါင်းအကွဲကွဲ၊ အဲဒီလို ကာလပေါ့ဗျာ။
မနက်ဆို ကျနော်တို့စုရပ် မြောက်ဥက္ကလာပ ကဗျာဆရာယမုံအိမ်ကနေ မြို့ထဲကို ချီတက်၊ တိုက်ကိုရောက်တော့ လုပ်စရာရှိတာလေးတွေလုပ်၊ အဲဒီလိုအချိန်မျိုးတွေမှာ ညဘက် ဘယ်နေရာ ဘယ်သူ့အိမ်မှာ အိပ်လာခဲ့ရမှန်းမသိတဲ့ကိုပွင့်က မျောလွင့်လွင့် ပမ်းလျလျနဲ့ ရောက်လာတတ်ပါ တယ်။ ပြီးတော့ သူ ကျနော့်တို့ကိုကူလုပ်နိုင်တာလေးတွေ ကူလုပ်ပေါ့။ 

ဒါပေမဲ့ ဒီလိုသာကူညီဆောင်ရွက်လေ့ရှိပေမယ့် အိပ်မက်ဖူးကိုရောက်လာတဲ့ စာပေကိစ္စ စာမူကိစ္စတွေကို ပါဝင်ပတ်သက်လေ့မရှိတတ်ပါဘူး။ သူ့စည်းနဲ့သူသာ နေလေ့ရှိပါတယ်။
တနေ့တော့ စာတိုက်ကနေ ရောက်လာတဲ့စာအိပ်တွေတထပ်ကြီးမှာ ကျနော်ဟာ "သို့ ဦးပုရွတ်ဆိတ်"ဆိုတဲ့ နာမယ်နဲ့ အိပ်မက်ဖူးကိုပေးလာတဲ့ စာတစောင်ကြောင့် ကြောင်စီစီ ဖြစ်နေမိပါတယ်။ ဘာလဲဟပေါ့။ ဘယ့်နှယ် ဘယ်လိုဖြစ်တာလဲပေါ့။
အဲဒီလိုဖြစ်နေချိန်မှာ မဂ္ဂဇင်းတိုက်ကိုစာတွေရောက်တိုင်း ကျနော်တို့ နယ်ကစာမူတွေမျှော်သလိုမျိုး သူလဲ မျှော်နေလေ့ရှိတဲ့အကိုပွင့်က "ကိုခင်လွန်းရေ အဲဒီ့ဦးပုရွက်ဆိတ်ဆိုတာ ကျနော်ပါဗျာ ...ကျနော့်ချစ်တဲ့ နန်းဆီက လာတဲ့စာပါဗျာ" တဲ့။
သူဟာ စာပွဲပေါ်မှာထပ်ထားတဲ့စာအိတ်တွေကိုယူမကိုင်ဘဲ ကျနော့်ဘေးမှာရပ်ရင်းပြောလာတာပါ။ သူ့မျက်လုံးမှာပေါ်နေတဲ့လွမ်းရိပ်တွေကို ဖုံးဖိမရတတ်တော့ဘူးထင်ပါရဲ့။
သြော် ပုရွက်ဆိတ်က မောင်အောင်ပွင့်ယောင်ဆောင်၊ မောင်အောင်ပွင့်က ပုရွက်ဆိတ်ယောင်ဆောင် ဆိုတဲ့ သူ့ရဲ့နာမည်ကျော် ပုရွက်ဆိတ်ကဗျာတွေထဲကလို ပုရွက်ဆိတ်တကောင်အဖြစ် အိပ်မက်ဖူးမှာ သူဟာ ရောက်နေခဲ့တာမှန်း ကျနော်သိလိုက်ရပါတယ်။
ကျနော့်ကို ခွင့်ပြုချက်တောင်းပြီး သူ့ဇနီးဆရာမနန်းညွန့်ရွှေဆီက စာကို မျက်ရည်တလည်လည်နဲ့ ယူဖတ်ပါတယ်။ ကျနော်ကတော့ စာကိုဖတ်ရင်း သက်ပြင်းမောတွေချချနေတတ်တဲ့သူ့ပုံရိပ်ကို ခုတိုင် မြင်နေမိတုန်းပါပဲ။
ဒီလိုနဲ့နေကြရင်း ထမင်းစားချိန်ရောက်တဲ့အခါ ကျနော်က ကိုပွင့်ကိုမေးမိတာပေါ့။ 
"ကိုပွင့်ရေ ထမင်းစားပြီးပြီလားပေါ့"
ဒါဟာ ကျနော့်အတွက်တော့ ပုံမှန်မေးခွန်းတခုကိုပြောမိတာပါပဲ။
အဲဒီမှာ ...ရုတ်ခနဲ နတ်ကျသလိုတုန်ယင်သွားတဲ့ သူ့ရုပ်ရော စိတ်ရောကို ကျနော် အံ့အားတကြီးတွေ့လိုက်ရပါတယ်... ဒီ့ထက် အံ့အားသင့်ဖို့ကောင်းတာက သူပြောတဲ့စကားဗျာ ဘာလဲဆိုတော့...

"ကိုခင်လွန်းရယ် ... ခင်ဗျားဗျာ ဒီ ထမင်းဆိုတာကြီးကို မသုံးစမ်းပါနဲ့" တဲ့။
သြော် ...ဖြစ်ရလေ ...ထမင်းဆိုတာကြီးတဲ့လား။

ဒီနေရာမှာ တခုပြောဖို့လိုလာပါပြီ။ အိပ်မက်ဖူးကို ထုတ်ဝေကြတဲ့ငွေကြေးက ကဗျာဆရာနေစိမ့်တို့ မိသားစုပါ။ ငွေကြေးစီမံခန့်ခွဲတာက ဆရာကြီးဂျက်က စီမံခန့်ခွဲပါတယ်။
ကျနော်ကတော့ ကာယ ဉာဏ ဝါသနာ ယုံကြည်မှုနဲ့ ဘဝစိုက်ထူ ပါဝင်ပါတယ်။
မဂ္ဂဇင်းအဖြစ်ရပ်တည်နေချိန်မှာ ကျနော့်ရဲ့စားစရိတ်ကို မဂ္ဂဇင်းက ကျခံပါတယ်။ ကျနော်တို့ လစာမယူကြပါဘူး။ ပေးစရာလဲမရှိပါဘူး။ ခေတ်က ပျက်နေသလောက်မဟုတ်လား။

ဆိုတော့ ကျနော်ကလဲ မဂ္ဂဇင်းတိုက်ကိုချီတက်လာချိန်ဆိုရင် လမ်းစရိတ်လေးနဲ့ နေ့လည်စာ ထမင်းဖိုးလေးထည့်လာရုံပဲငွေက အိတ်ထောင်ထဲပါတာပါ။ အပိုလဲမရှိတတ်ပါဘူး။ ဆိုတော့ ကျနော်ထမင်းစားချိန်မှာ သင့်တော့်ရာ ပေါချောင်ကောင်းဆိုင်လေးတဆိုင်ဆိုင်ကို သွားရမှာမို့ ကျနော်က ဆရာပွင့်ကို (ကျနော် ကိုပွင့်လို့ပဲခေါ်တာပါ) ထမင်းစားပြီးပြီလား မေးမိလိုက် တာပါ။ (စိတ်ထဲမှာ ပုံမှန်လိုပဲ စားပြီးလောက်ပြီလဲထင်နေမိလို့ပါ)
ကိုင်း ခုတော့ ဒီထမင်းကြီးဆိုတာကို မသုံးစမ်းပါနဲ့တဲ့။

အကိုပွင့်ရေ ဘယ်လိုမှမထင်ပါနဲ့၊ ထမင်းကြီးလို့ မသုံးပါနဲ့ဗျာလို့ပြောလိုက်တဲ့အချိန်က ကတုန်ကယင် အသံနဲ့အတူ မျက်လုံးအိမ်ထဲမှာ မျက်ရည်ဝဲလာရုံမက လိမ့်ဆင်းကျလာတာကိုပါ ကျနော်က မြင်ဖြစ်အောင် မြင်မိပါတယ်ခင်ဗျာ။ 

ဆိုပါတော့ ... ဒီလိုနဲ့တော်တော်များများနေ့တွေမှာ ကျနော်တို့နှစ်ယောက်ဟာ အဲဒီ့ဟာကြီးအစား ကမ်းနားဘက်ကနေ စက်လှေတွေနဲ့တက်တက်လာတဲ့ အသီးအနှံ့တွေကို (ကီလိုမာလကာသီးကြီးတွေ၊ ဖီးကြမ်းငှက်ပျော၊ သီးမွှေးငှက်ပျောတွေကို) နေ့လည်စာအဖြစ် ဝယ်စားဖြစ်ပါတယ်။
ကိုပွင့်ရောက်မလာတဲ့နေ့တွေမှာ ကျနော်က ပေါချောင်ကောင်းထမင်းဆိုင်လေးတွေရှိရာကို တယောက်ထဲရွက် တိုက်လို့ပေါ့။ 
တခါတခါ ကိုယ်စားခါနီး ကိုယ့်စာပေသူငယ်ချင်းတယောက်ယောက် သို့မဟုတ် ၂- ၃ ယောက်ရောက်လာရင်တော့ အစီအစဉ်ပြောင်းပြီး လက်ဖက်ရည်လေး ဘာလေးလောက် သောက်ရတဲ့အခါမျိုးလဲ ရှိတယ်ပေါ့ဗျာ။
အဲဒီ့ဟာကြီးအချိန် တော်တော်လေးလွန်ကာမှ ကိုပွင့်ရောက်လာရင်လဲ ကျနော်က အရင်လိုမေးခွန်းဟောင်း ပြန်မထုတ်တော့ဘဲ ကိုပွင့် တခုခုပြီးခဲ့ပြီလားပေါ့။

သူကလဲ ကျနော့်ကို ကိုခင်လွန်းရော ခင်ဗျား တခုခုစားပြီးပြီလားဗျာလို့ မေးတတ်ပါတယ်။
ဟုတ်တယ်။ ကျနော်တို့ တခုခုတွေနဲ့ပြီးခဲ့ကြတယ်။
ဟုတ်တယ်၊ ကျနော်တို့ တခုခုတွေမက နှစ်ယောက်ပေါင်း လုပ်ခဲ့ကြတယ်။
ကျနော်တို့ လုပ်ခဲ့ကြတာတွေက "အဲဒီ့ဟာကြီး" အတွက်မျှ မဟုတ်ပါဘူး။
ကျနော်တို့ယုံကြည်ချက်ကို ကိုင်စွဲပြီး ရပ်ခံနိုင်သမျှ ရပ်ခံတိုက်ပွဲဝင်ခဲ့ကြတာပါ။
ဒါဟာပုံပြင်လဲမဟုတ်၊ အလွမ်းဇာတ်နာဖြစ်အောင် လုပ်ကြံထားတာလဲမဟုတ်။
အဲ့ဒီလေထဲမိုးထဲမုန်တိုင်းထဲက လှိုင်းအလူးအပုတ်ဒဏ်ကိုခံကြရာမှာ ဒီနေ့ နံမည်ကျော်ဆရာတပါးဖြစ်တဲ့ ( အဲဒီတုန်းက ကလောင်အားယူခါစ ) ကိုတောက် ခေါ် နေဇော်နိုင်လဲ ပါတတ်ပါတယ်။ (သူ့အကြောင်းကလဲ ရေးစရာလေးတွေ ရှိပါသေးတယ်။)
ထားတော့ အဲဒါတွေ ကိုယ့်ရင်ထဲကိုယ် နက်နက်တူးဆွပြီး သတိရတတ်တော့ ကျနော် သတိရလွမ်းဆွတ်မိသွားပါတယ်။
ကျနော် မျက်ရည်ကျပါတယ်။
ကျနော်လွမ်းပါတယ်။
ကျနော် အလေးပြုပါတယ်။ ဦးညွှတ်ပါတယ် အကိုပွင့်ခင်ဗျာ…

အကိုပွင့်ပြောတဲ့ ငြိမ်းချမ်းရေးညစာ စားပွဲကြီး ကျင်းပနိုင်တဲ့တနေ့ ကျနော်တို့ ပြန်ဆုံချင်ပါသေးတယ်။
အင်း မကြာခင် မကြာခင်နဲ့ ၂၀၁၇ ဆိုရင် မကြာခင်ဆိုတဲ့စကား ကျနော်တို့ပြောခဲ့ကြတာ အနှစ် ၂၀ ပြည့်ပါပေါ့လားအကိုပွင့်ရေ…

သင့်ချစ်ရဲဘော် 
ညီ-ခင်လွန်း
၁၁၊ နိုဝင်ဘာ၊ ၂၀၁၆
ညနေ - ၀၅း ၃၅ 
Image- Crd

(ဆရာမောင်အောင်ပွင့် (၇၁) နှစ်မြောက်မွေးနေ့ ဦးညွှတ်ဂုဏ်ပြုခြင်း)

Comments

  1. ခင်လွန်း - ပုရွက်ဆိတ်တကောင်ရဲ့ ထမင်းတနပ်

    တနေ့ ထမင်း ၂ နပ်စားကြသူတွေထဲမှာ မြန်မာစာသတ်ပုံမှန်တာလည်း ပုရွက်ဆိတ်လောက်တော့ ရှိပါတယ်။ ကွန်ဂရက်ကျူလေးရှင်း။

    ဒေါက်တာတင့်ဆွေ

    ReplyDelete
    Replies
    1. ဝင်ဖတ်ပေးလို့ အထူးကျေးဇူးတင်ပါတယ်ဆရာ၊ အမြဲသတိရလျက်ပါ။ မဲဆောက် မိုးကြိုးသတင်းစာတိုက်မှာဆုံစည်းခွင့်ရခဲ့တာ ဘယ်သောအခါမှမမေ့ပါ။

      Delete
    2. ဝင်ဖတ်ပေးလို့ အထူးကျေးဇူးတင်ပါတယ်ဆရာ၊ အမြဲသတိရလျက်ပါ။ မဲဆောက် မိုးကြိုးသတင်းစာတိုက်မှာဆုံစည်းခွင့်ရခဲ့တာ ဘယ်သောအခါမှမမေ့ပါ။

      Delete
  2. မြန်မာစာကို မှန်အောင်ရေးတဲ့စာတပုဒ် တွေ့ပါတယ်။ ကွန်ဂရ်ကျူလေးရှင်း။

    ReplyDelete
  3. Slots Casino Site Review 2021
    The company has over 100 games and also has a large gaming library. There are various software providers to offer games, including Pragmatic Play, Casino Games: 550+ Slots, 300+ Table GamesWelcome Bonus: 100% up to € 200 luckyclub Rating: 3 · ‎Review by LuckyClub

    ReplyDelete

Post a Comment