အလွမ်းတို့ မြစ်ဖျားခံ ရာသီ
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဇူလိုင် ၂၃၊ ၂၀၂၅
(သစ်ခက်သံလွင်) ဇူလိုင် ၂၃၊ ၂၀၂၅
နွေတံလျှပ်တို့၏လက်ဖြာမှုနှင့်အတူ အပူငွေ့တို့သည် မြို့ကလေး ရဲ့လမ်းတွေပေါ်၌ လျှပ်တိုက်ပြေးလွှားဖြန့်ကျက်ထားကြလေသည် ။
နွေလေပူပူ၏ ဝေ့ဝဲတိုက်ခတ်မှုထဲ ဗာဒံရွက်တွေ ဖွဲဖွဲလွင့်လွင့် ကြွေကျသက်ဆင်းလာပုံသည်ပင် သက်ငြိမ်ပန်းချီကားတချပ်အလား ။
နွေလေစီးကြောင်းထဲ အပူငွေတို့နှင့်အတူ ခပ်လှမ်းလှမ်းမှ စီးမျောလျှံကျလာသော သကြ်န်သီချင်းသံ ခပ်မြူးမြူး တချို့သည် တိုးသဲ့လွင့်ပျံ့ကာ ကျွန်တော့် နားစည်သို့ လာရောက် ရိုက်ခတ်မှုကို ပူလောင်အိုက်စပ်မှုတွေကြားထဲမှ အလိုမတူပါပဲ လက်ခံရရှိနေပြန်ပါသေးသည် ။
အလွမ်းငွေ့ငွေ့သည် ရင်သို့ အချိန်ပြည့် ရိုက်ခတ်နေတတ်သော လှိုက်လောင်မှုတခုဆိုသော်ငြား ဒီလို နွေသို့ ရောက်လျှင် ပိုမိုပူပြင်းလောင်မြှိုက်ခံရသကဲ့သို့ပင် ဖြစ်နေတတ်မြဲပါလေ ။
အချိန်ကာလ၏စီးမျောမှုထဲ အလွမ်းတို့သည် နစ်မြှုပ်ပျောက်ကွယ်သွားတတ်သောအရာမဟုတ်ဆိုသည်ကို အဘယ်သူကိုများ ပြောပြခွင့်ရနိုင်ပါ့မည်နည်း မသိနိုင်ပြန် ။
အတိတ်တို့သည် ကျန်ရစ်ခဲ့သည်ဆိုပေသော်ငြား ရင်နှလုံးနှင့် စိတ်အတွေးအိမ်၌ ရုပ်ရှင်အနှေးပြကွက်ကဲ့သို့ ကျွန်တော့်၏နောက်ဆုံးထွက်သက် မတိုင်ခင်အထိတော့ စွဲမြဲထင်ကျန်ရစ်နေမည့် ပုံရိပ်အရှင်များသာ ဖြစ်နေပြန်သည် ။
စိန်ပန်းနှင့် လက်ပံတွေ ရင့်ရင့်ရဲရဲဝေနေသော မြို့ကလေး၏လမ်းကျဥ်းလေးတွေထက် နွေအပူကို အန်တုရင်း ယုံကြည်ချက်တခုဖြင့် လက်ချင်းမြဲမြဲဆုပ်ကိုင်ကာ ရင်ကော့ ခေါင်းမော့ ကြွေးကြော်ခဲ့သော ပုံရိပ်တို့သည် ဝေးလွင့်ကျန်ရစ်ခဲ့ရပေပြီ ။
ကလေးတွေကိုချစ်တတ်ပြီး ကျွန်တော့်အပေါ် နားလည်တတ်လွန်းသော သူမ၊ အမှန်တရားတခုအတွက် ယုံကြည်ရာကိုစွဲကိုင်ရင်း နူးညံ့မာကြောလွန်းတဲ့ နှင်းဆီဖြူမလေး ၊ ဓမ္မ နဲ့ အဓမ္မ ရဲ့ တိုက် ပွဲကြား သူမ ပေးဆပ်လိုက်ရတာ အသက်တဲ့လား ? ။
ဆို့နင့် နာကျင်ရလွန်းသောရင်သည် လှိုက်ခုန်လွန်းနေသည် ။ မျက်ဝန်းတို့ကို မှိတ်ချလိုက်တဲ့ ခဏ မျက်ရည်ပူစီးကြောင်းတို့သည် အရှိန်အဟုန်ပြင်းစွာကျိုးပေါက်သွားခဲ့ရလေသော ရေတံခွန်မှ ရေစီးကြောင်းတွေကဲ့သို့ ပါးပြင်ပေါ် တလှိမ့်လှိမ့် အတိုင်းအဆမဲ့စွာ စီးပြိုကျလာခဲ့ရပြန်သည် ။
ယုံကြည်ရာတခုအတွက် ရဲရင့်ခဲ့လေသော သူမ ရဲ့ စိတ်ဝိဉာဥ်တို့နှင့် အတူ ကျွန်တော့် နှလုံးသားတစုံသည်လည်း ပျောက်ရှသေဆုံးခဲ့ရလေသည်ပဲဖြစ်ပါသည် ။
ထိုအတူ သူမကိုရွတ်မပြဖြစ်ခဲ့လေသာ ကဗျာလေးတပုဒ်ကို သူရူးတယောက်လို နှုတ်မှ တိုးဖွဖွ ရွတ်ဆိုမိတိုင်း သူမဝိညာဥ် ၏ နားတို့၌ ကြားသိနိုင်ပါစေကြောင်း မဖြစ်နိုင်မှန်းသိနေပေမဲ့လည်း အဖန်ဖန်အထပ်ထပ် ဆုခြွေတောင်းမိနေပြန်ပါသေးသည်လေ သူမကြားသိနိုင်ပါစေသားရယ်လို့ ပေါ့ ။
# အလွမ်းကြွေ နွေရာသီ #
ရွက်ကြွေရာသီထဲ
ဧပြီဟာ မျက်ရည်တွေနဲ့ တိုးဝင်ခဲ့
ဖွေဖွေးလှုပ် အဝါရောင်အလွမ်းတွေ
ကြဲပက်ဖြန့်ခင်းထားတဲ့ နွေ
တစုံတယောက်ဟာ
တစုံတရာကို စောင့်မျှော်ရင်း
အဝါရောင် မျက်ရည်တွေသာ
နွေ ရှုမျှော်ခင်းထဲ
တသွင်သွင် စီးဆင်းနေရတုန်းပါပဲ ..... ။
ခုတော့ နွေရဲ့ပူပြင်းလောင်မြှိုက်ခြင်းထဲမှာ ကျွန်တော်တယောက်ထဲ အလွမ်းကိုသာ လွမ်းဆွတ်ပွေ့ဖက်နေရင်းနဲ့ ချစ်မက်မြတ်နိုးနေတတ်ခဲ့ပါပြီလေ၊ တမလွန်မှ သူမငြိမ်းမြအေးချမ်းပါစေသား ။
ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
Comments
Post a Comment