အတောင်ပံတစ်စုံစီရဲ့ရှင်သန်မှု
ငြိမ်သက်ခြင်းထဲက ရုန်းထွက်လို့
ရှေ့ကိုတလှမ်းချင်း တိုးထွက်ခဲ့ကြတယ် ။
မလိုပါဘူး ...အာမခံချက်ရှိတဲ့လမ်းညွှန်မြေပုံတွေ
ငါတို့ရဲ့သွေးထဲမှာကိုက လမ်းကြောင်းမှန်ရဲ့
အချက်ပြမှုပါပြီးသားပဲ ....
တယောက်ချင်းစီမှာရှိတဲ့ကြိုးစားမှုဟာ
အစုအဖွဲ့တခုရဲ့ ခွန်အား
နွေးထွေးမှုတခုက ရင်ထဲမှာခိုင်မြဲနေပြီ။
ကိုယ်ပိုင်တောင်ပံဟာ ကိုယ်ပိုင်အနာဂတ်ရဲ့ယုံကြည်မှု။
မုန်တိုင်းတွေကိုရင်ဆိုင်ရင်း မိုးကုတ်စက်ဝိုင်းမှာ
ပန်းချီကားဆွဲသလို ငါတို့ရဲ့အတောင်ပံခတ်သံတွေ
ဒေါင်လိုက်ပဲ တက်တက်
အဝန်းလိုက်ပဲ ဝိုင်းဝိုင်း
ကိုယ်ပိုင်အရှိန်နဲ့ကိုယ်တိုင်ပျံသန်းပါ
မောရင် နားခွင့်ရှိတယ်
အားမလျှော့ကြေး သံစဉ်တွေပဲပေးပို့ပါ
မိုးတိမ်တွေကို ကျော်ဖြတ်လို့ အတောင်ပံချင်းရိုက်ခတ်သံ
ဒီခရီးမှာ ငါတို့မထီးကျန်ဘူး
ဘယ်နေရာကပဲ စတင်ခဲ့ပါစေ
ဟိုးအဝေးမှာတော့
ရွှေအိုရောင်ဆည်းဆာက
ငါတို့ကိုပြုံးပြစောင့်ကြိုနေဆဲ ။ ။

Comments
Post a Comment