ရောက်တတ်ရာရာ အရေးအသားများ
ငြိမ်းပြေ
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၁၊ ၂၀၂၆
ငြိမ်းပြေ
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၁၊ ၂၀၂၆
နေ့စဉ်ဘဝရှင်သန်နိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားရခြင်းမှာ လူဟာ တိကျသေချာစွာတိုင်းချုပ်ထားတဲ့ အင်္ကျီတထည်ကို ကောက်စွပ်လိုက်သလိုမျိုး တသားထဲကျနေပါပြီ၊ နေပူလို့ မိုးရွာလို့ဆိုတဲ့ဆင်ခြေတွေကိုဘေးဖယ်ထားပြီး လက်ရောခြေရောမပြတ်လှုပ်ရှားနေမှ အဆင်ပြေရုံသာရှိတဲ့တိုင်းပြည်မှာ ကျနော်တို့တတွေ နေထိုင်ကြပါတယ်၊ အမျှင်မပြတ် တတွင်တွင်လုပ်နေကိုင်နေတဲ့ကြားထဲက အဆင်မပြေခြင်းအမျိုးမျိုးကလည်း နေရာမျိုးစုံကနေ ဆီလိုအပေါက်ရှာပြီး ဝင်လာတတ်ပါသေးတယ်၊ ဒီကြားထဲ မြွေပူရာကင်းမှောင့်ဆိုသလို အချုပ်အခြာအာဏာဟာ မသမာသူရဲ့လက်ထဲကိုရောက်သွားပြန်တဲ့အခါ ဘေးကင်းလုံခြုံခြင်းဆိုတာ ချိုနဲ့လားလို့ပြန်မေးရမလိုဖြစ်လာပါတော့တယ်၊ နေရာတိုင်းနေ့ရက်တိုင်းမှာ အရာရာဟာ မသေချာခြင်းဆိုတဲ့တရားမှာ ကျကျနနတည်နေတော့တာပါပဲ၊ ညဦးပိုင်းမှာ ညီအကိုချင်းစနောက်ရင်း အိပ်ရာဝင်ခဲ့တဲ့ကလေးဟာ သိပ်မကြာခင် ဗုံးလာကြဲလို့ မရှိတော့တာကအစ မနက်ဟင်းစားရှာထွက်ရင်း ခြေထောက်တဘက်ပြန်ပါမလာတဲ့ သူငယ်ချင်းအလယ်ချက်ကောင်းထိမှန်သွားလို့ဦးခေါင်းခွေညွှတ်ကျဆုံးသွားတဲ့လူငယ်လေးအထိ ဘာဆိုဘာမှ ရေရေရာရာမပြောနိုင်ကြတော့တာပါပဲ ၊ ကမ္ဘာကြီးကတော့ ဒီအခြေနေဟာ သိပ်ကိုစိုးရိမ်စရာကောင်းတဲ့ အရေးပေါ် အခြေနေတရပ်ဖြစ်ကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ဖို့လောက်ပဲ လုပ်တတ်ခဲ့ကြတာပါ၊ ကျနော်တို့အထင်တကြီးရှိခဲ့ကြရတဲ့လူသားခြင်းစာနာမှုဆိုတာ အကျိုးအမြတ်တစုံတရာရနိုင်မယ့်အခွင့် အလမ်း နည်းပါးခဲ့မယ်ဆိုရင် နှုတ်ဖျားလောက်ကသာ မကောင်းတတ်လို့ ထုတ်ပြောတတ်တဲ့ လောကဝတ်စကားဆိုတာကို ကျနော်တို့ ကောင်းကောင်းကြီး နားလည်တတ်ခဲ့ပါပြီ။
ခေါင်းပေါ်မှာ မိုးကညို့တုန်း
မှန်းဆချက်က အရေးပေါ်သတိပေးချက်ဆိုတာကြီးပဲ ..
စိတ်ကူးထဲမှာ ဘယ်လိုမှထင်မထားတဲ့ ဘယ်လိုဒုက္ခမျိုးကိုမဆိုရေရွတ်တွေးတောကြည့်လိုက်စမ်းပါ၊ အရောင်ဆိုးထားတဲ့ဒုက္ခလှလှလေးတွေကစလို့ အရောင်အဆင်းမဲ့မလှမပဒုက္ခမျိုးစုံအထိ တခုမှမလွဲချော်နိုင်လောက်အောင် ကျနော်တို့နေတဲ့ပြည်မှာ ပေါများလှပါတယ်၊ ပြည်တွင်းဖြစ် ဒုက္ခလှလှတွေတင်မကဘူး၊ ပြည်ပကတင်သွင်းလာတဲ့ ဒုက္ခတွေကလဲ အရောင်မျိုးစုံလင်စွာနဲ့ တောင်ပုံယာပုံ၊ မဖိတ်ခေါ် ဧည့်ဝတ်မပြုလဲ အချိန်မရွေးအိမ်တံခါးလာခေါက်တတ်တဲ့ အလိုက်ကမ်းဆိုးမသိတဲ့ ဧည့်သည်လိုမျိုးတွေပေါ့ ၊ ဒါတွေက ဝဋ်တွေပါလို့ပြောလာရင် ကိုယ်မသိတဲ့ဘဝတုန်းက လုပ်ခဲ့ကိုင်ခဲ့တာတွေက ပါလာဦးမယ်မဟုတ်လား ၊ ခုစိတ်ခုကိုယ်နဲ့လုပ်ခဲ့တာမဟုတ်တာကို ဒီစိတ်ဒီကိုယ်ကြီးက လာခံနေရ တာမျိုးကိုတော့ ဘယ်လိုမှဘဝင်မကျနိုင်ဘူး၊ ဒီတခုနဲ့ပဲ လူဖြစ်ရတာလဲ အရသာရှိမယ်မထင်မိပါဘူး ၊ ဝဋ်နာကံနာဆိုတာ လူ့ပယောဂနဲ့မှ ကင်းမှကင်းပါလေစ ။
ဘာမဆို စိတ်ကူးရှိသမျှ ဒုက္ခ ကိုရွတ်ကြည့်စမ်းပါ ..
တွေ့လား.. တခုမှ မလွဲစေရဘူး ဆိုက်ဆိုက်မြိုက်မြိုက် ပေါ့
တော်ရုံ ဝဋ်နာ ကံနာ လားဗျာ..
ထင်တယ် ဘယ်သူမှ လူဖြစ်ချင်စိတ်အရသာမယ်မယ်ရ ရှိလှရယ် မဟုတ်ဖူး လို့..
မတော်တဆကျကွဲသွားလို့ အစိပ်စိပ်အမွှာမွှာဖြစ်သွားတဲ့ကြွေပန်းကန်တချပ်လို ဒါမှမဟုတ်ရင်လဲ လုံးချေဆုတ်ဖြဲလွှင့်ပစ်လိုက်တဲ့စက္ကူတရွက်လိုမျိုးပေါ့၊ ဘယ်နေရာကနေ စကိုင်ပြီး ဘယ်လိုပြန်ပြီး ဆက်စပ်ရမှန်းမသိသလိုမျိုး တနည်းအားဖြင့် ဘယ်လိုမှမတတ်နိုင်တော့တာကို ထိုင်ကြည့်နေရတဲ့ အဓိပ္ပါယ်မရှိမှုလောက် အဓိပ္ပါယ်မဲ့လှတာ ဘာဆိုဘာမှမရှိပါဘူး၊ တနေ့လာလည်း မဲပြာပုဆိုးတွေကြားမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ဘဝတွေရဲ့ နိဂုံးကမ္ပာတ်အဆုံးသတ်ဟာ အသက်ရှင်ရပ်တည်နိုင်ရုံသက်သက်ပဲလား ၊ ကျောက်ခေတ်ကျော်လွန်လာလို့ နျူကလီးယားခေတ်ရောက်နေတာတောင် ကျနော်တို့ဟာ မသေရုံသက်သက်ပဲရပ်တည်နေကြရတုန်းလားလို့တွေးကြည့်မိတဲ့အခါ ဝမ်းနည်းဖို့ကောင်းသလောက် ဘဝအဓိပ္ပာယ်ဆိုတာလဲ အနှစ်သာရ အင်မတန်ကင်းမဲ့လှပါတယ်။
ဘယ်ကစ ကောက်ရမှန်းမသိတော့တဲ့ အကွဲအစ တွေလို စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေရမှု၏ အဓိပ္ပာယ်ဟာ အဓိပ္ပာယ်မဲ့လှ
နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ပုံတူတွေ ဓာတ်ပုံတွေ ရုပ်တုတွေအမျိုးမျိုးသောသမိုင်းရှိခဲ့ကြသူတွေကစလို့ နတ်ဒေဝတာ ဘုရားရဟန္တာတွေအထိ စေ့စေကြည့်ရင်းက စိတ်ရှိလက်ရှိ မေးခွန်းတွေနဲ့ ပစ်ပေါက်မေးမြန်းလိုက်ချင်မိပါရဲ့ ၊ ကမ္ဘာ့သမိုင်းမှာ ပွန်ပီမြို့က လူတွေဟာ မီးတောင်ချော်ရည်တွေ ဖုံးအုပ်မှုကြာင့်နာမည်ကျော်ခဲ့ကြတယ်လို့ဆိုရင် ကျနော်တို့ရော အဲသည်လို နာမည်ကျော်ဖို့ နည်းလမ်းတွေ အများကြီးရှိခဲ့ပြီးသွားပြီပဲလေ၊ ကျနော်တို့နိုင်ငံအတွက်တော့ လူဆိုတာ အပေါများဆုံးအသေးဖွဲအသိမ်နုပ်ဆုံးနဲ့ တန်ဖိုးထားဖို့ နည်းနည်းမှမလိုအပ်သောအစက်အပျောက် အမှုန်လိုအရာလေးတွေလို့များမှတ်ယူကြလေသလားမပြောတတ်တော့ပါဘူး ၊
လူတွေဟာ ပွန်ပီမြို့သားများနဲ့မခြား
လူသားရဲ့ သေးဖွဲ မှု့ အမှုံအစက်ငယ်
ရုပ်တုကို မော့မော့ကြည့် မေးခွန်းတွေမေး ကြတဲ့သူတွေ..
ဒီလိုနဲ့ ကရွတ်ကင်းလျှောက်သလိုမျိုးပေါ့၊ အဆိုးကျော့သံသရာလို့ပဲ စကားလုံးငှားသုံးရရင် ကောင်းမလား၊ သေချာတာက အသစ်အသစ်ကနေ ထပ်ပြန်ထပ်ပြန်စနေကြတာနဲ့ အရှေ့ကိုမရောက်နိုင်သလိုမျိုး အဆုံးကို ရောက်ဖို့ အစကနေ ခနခနပြန်လျှောက်နေရသလိုမျိုးပေါ့ ၊ မျှော်လင့်ခြင်းတွေက ပြည့်နှက်နေပါသော်လည်း ဖြစ်ပေါ်လာတဲ့အသီးအပွင့်ဟာ ကြမ်းတမ်းခက်မာတဲ့ ရာသီဥတုကြားမှာ သီးလာပွင့်လာရတာမို့ အပြစ်အနာအဆာက ပြည့်နှက် အဲသည်အထဲမှာ စိတ်ဆင်းရဲမှုမျက်ရည်ပါဝင်နှုံးကဘယ်လောက် ဝေဒနာဖက်တဲ့ သောကပါဝင်မှုက ဘယ်လောက်ဆိုတာတွေနဲ့ မအောင်မြင်မဖြစ်ထွန်းတဲ့သီးနှံတွေ ၊ အဲဒီအခါ လူဟာ ညည်းတွားလေတယ် တဘဝထဲရထားလို့သာပေါ့တဲ့ ဒီအသံကို ရွှေမချနိုင်လဲ ချပြထားလို့ရရင် ပြချင်မိပါရဲ့ဗျာ ။
ဒီလိုပေါ့ အစပြန်ရောက်ဖို့ အဆုံးထိသွားရ၊ နောက်ထပ်တစ်ကြိမ် ပွင့်ရတဲ့အသီးအပွင့်များမျှော်လင့်ခြင်းရာသီတော်က ကြမ်းတမ်းပြည့်နှက်
အနာအဆာဘယ်လောက်၊မျက်ရည်ဘယ်လောက်၊ ဝေဒနာ အချိုးကျ ဘယ်မျှ တစ်ဘဝပဲရလို့သာကွာ....တဲ့၊ ဒီအသံပြထားလို့ရရင် ပြထားချင်တယ်
ဆရာမြရဲ့ ဝင်းပသောလေလိုမျိုး ဒီနေရာမှာ ထူထပ်တဲ့အမှောင်ပေါ့၊ မှောင်သမှ ပိန်းပိတ်အောင်မှောင်နေတဲ့ဘဝကြီး၊ လူရွှင်တော်တွေပြောသလိုဆို ညမှောင်မှောင် ကတ္တရာလမ်းပေါ် အသားမဲနက်နေတဲ့ကပ္ပလီတယောက် လမ်းလျှောက်လာသလိုမျိုး မှောင်အတိပေါ့၊ အနာဂတ်ဆိုတာ နောက်တနေ့မှာ မသေဖို့အရေးပဲ၊ သမိုင်ဦးဘုံမြေခေတ်က ကျွန်တွေအချင်းချင်းတိုက်ကြတဲ့ပွဲလိုပဲ၊ မသေချင်သေးရင် ရှင်သန်ဖို့နည်းလမ်းမှန်သမျှနဲ့ ကြိုးစားနေဆိုတဲ့ ကာလကြီးပဲ၊ တွေ့ပါများလာတဲ့ ဒုက္ခဆိုတာကြီးကိုလဲ လှလှပပပြန်ပြုံးပြတတ်အောင်သင်ယူရတာ လွယ်မှမလွယ်ကူတာမို့လား၊ ပြုံးတယ်ဆိုတာ ကျနော်ပြည်မှာ လွယ်တာမှတ်လို့၊ နောက်တမျိုးပြောရရင် မချိလွန်းလို့ သွားဖြဲပြနေရတာလဲဖြစ်နိုင်သေးတာပဲလေမဟုတ်လား။
ထူထူထဲထဲကြီး မှောင်ကျ ထူထူထဲထဲကြီး ဘဝ ရ၊ ဒီတော့လည်း ကျကျနန ဒုက္ခလှလှနဲ့တွေ့တိုင်း နှုတ်ဆက်ရတာ ဘယ်လိုပြုံးရပါ့။
ကဗျာလေးဖတ်နေရင်းက စိတ်ထဲမှာ ထပ်ပြောချင်လာတဲ့ စကားလုံးတွေကို နေရာချကြည့်မိတာပါ၊ ခေါင်းစဉ်မပါသော ကဗျာစုကို မိုးမင်းအိမ်က ရေးသားပါတယ် ၊ ဒီလိုစကားလုံးတွေကို နေရာချထားခြင်းအပေါ် သူလဲသဘောကျ နှစ်သက်လိမ့်မယ်လို့ထင်မြင်မိပါတယ် ၊ တဆက်တည်း ပေါ်လာတဲ့အတွေးလေးတခုက ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာကောင်းစွာထိမ်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ ဆိုတဲ့စကားလေးပါ ၊ ချမ်းသာကိုယ်စိတ် မြဲကြပါစေ ။
ငြိမ်းပြေ
သြဂုတ် ၁၅၊ ၂၀၂၆
Comments
Post a Comment