ကျော်စောနိုင်(အစော) - ၂၁ ဥဩတွန်တဲ့ ရာသီ

Art- KT# 
၂၁ ဥဩတွန်တဲ့ ရာသီ
ကျော်စောနိုင်(အစော)
(သစ်ခက်သံလွင်) ဇွန် ၁၀၊ ၂၀၂၆


(၁)
စာအုပ်မျက်နှာဖုံးမှာ
"၂၁ ဥဩတွန်တဲ့ရာသီ" ဆိုတာကို
မင်နီနဲ့သားထား
ပွင့်နေတဲ့အရိုးခေါင်းတံဆိပ်တွေ
လမ်းပေါ် ကျဲနေပုံ....

(၂)
စာအုပ်ထဲက
နာရီပုံမှာ လူတွေထွက်ကျလာ
သူတို့
တစ်ယောက်မနက်ခင်းကို
တစ်ယောက်ဆီ ဝေမျှရင်း
ညဘက်အခင်းအကျင်းကျ ပြန်သိမ်းကြတယ်။

(၃)
လူထုပုံ တစ်ပုံထဲမှာ
ထင်းမီးဖိုနဲ့ ထမင်းအိုးတည်ရင်း
မီးခိုးနံ့နဲ့ ထမင်းနံ့ကို
တစ်ပြိုင်တည်း ရှူရှိုက်နေတယ်။

(၄)
တချို့
အနာဂတ်ကို
စျေးချိုချိုနဲ့
လမ်းမပေါ်မှာ ရီဝေမှုနဲ့ လိုက်ရောင်းကြ
ရီဝေရီဝေစွဲမက်
တစ်ထုပ်၊ တစ်သက်။

(၅)
အမေတစ်ယောက်ရဲ့
မီးဖိုချောင်မှာတော့
မီးမရှိပဲ တည်ထားတဲ့အိုးထဲ
ဆန်လည်းမရှိဘူး။

(၆)
ကလေးတစ်ယောက်က
မြေကြီးပေါ် နိုင်ငံတော်မြေပုံဆွဲတယ်
မြေပုံထဲမှာ သူတို့ရွာကလေးမပါဘူး
သူတို့အိမ်တွေမပါဘူး
မြေပုံမှာ မီးခိုးတွေ အူထွက်လို့။

(၇)
တောင်တန်းတွေဟာ 
တံခွန်တခုလွှင့်တင်လိုက်ရဲ့
မိုးတိမ်တွေဆီလွင့်တင်လိုက်တဲ့
တံခွန်မှာ
မီးဆွဲနေတဲ့ အဝတ်တစ်စနဲ့ 
" အိမ်အပြန်လမ်း " ဆိုတဲ့ စာသားထည့်ထားရဲ့ ။ ။







Comments