မိုးဉာဏ်(မန္တလေး) - လက်ခေါက်ထဲ ထည့်မှုတ်ခံထားရတဲ့ သီချင်း

Art - Than Htay Maung
 
လက်ခေါက်ထဲ ထည့်မှုတ်ခံထားရတဲ့ သီချင်း
မိုးဉာဏ်(မန္တလေး)
(သစ်ခက်သံလွင်) ဇူလိုင် ၂၃၊ ၂၀၂၆


ခေတ်အဆက်ဆက်
လှောင်ပိတ်ခံရတဲ့ ရေလှောင်တမံဟာ
လူငယ်။

ခွေးခြေခုံကို လက်နက်လုပ်တတ်တဲ့ အရွယ်ကနေ
ဘုမသိ ဘမသိတဲ့ စနစ်ကြီးတစ်ခုထဲကို
မောင်းသွင်းခံလိုက်ရတဲ့
တက်ထရွန်အဖြူစလေးတွေ။

လက်ဖက်ရည်ဆိုင်မှာ စားပွဲခုံကို
လက်နဲ့ခေါက်ပြီး စီးချက်လိုက်မယ်၊
မိုးကောင်းကင်ကို ဒူးနဲ့တိုက်ချင် တိုက်မယ်။
လူငယ်ဆိုတာ
လေးကြောင်းမျဉ်းပေါ်က ဝလုံးအပိန်လေးလို
ရိုးသားလတ်ဆတ်တယ်။

မှင်နီတွေကို မကြောက်ဘူး။
ဘာဖြစ်လို့ ဖြစ်ချင်မှန်းမသိတဲ့လူဟာ
လူငယ်မဟုတ်ဘူး။

လူငယ်ဟာ
ခေတ်ကတောင်းဆိုတဲ့အခါ
မာစတာကီး ဖြစ်ပေးတတ်သလို၊
ကြယ်တွေစုံတဲ့ညအတွက်
ကိုယ်တိုင် ကြယ်ဖြစ်ပေးတတ်တယ်။

တမံတွေ ကျိုးပေါက်တဲ့နေ့မှာ
မြစ်ဖြစ်ပြီး ပင်လယ်ဆီ
စီးဆင်းသွားမယ့် သီချင်းဟာ
လူငယ်ပဲ။            ။




Comments