တိုးတိုး - ဖက်စိမ်းကွမ်းတောင်

Photo- Crd
ဖက်စိမ်းကွမ်းတောင်
တိုးတိုး
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၈၊ ၂၀၂၁
ဆရာမခင်ခင်ထူး ရဲ့ မအိမ်ကံ စာအုပ်ထဲက ပဓာနဇာတ်ကောင် မအိမ်ကံ အင်မတိအင်မတန်ကိုင်ချင်ခဲ့တာက ဖက်စိမ်းကွမ်းတောင် တဲ့...
ဆရာမခင်ခင်ထူးက အညာဒေသကိုသရုပ်ဖော်ထားတဲ့စာတွေကိုရေးတဲ့နေရာမှာ စာဖတ်သူကိုဆွဲခေါ်နိုင်လွန်းလို့ ဖတ်နေရင်းကိုယ်တိုင် ဆရာမရဲ့အညာမြေကို အလည်ရောက်သွားသလိုပါပဲ.. အညာမြေရဲ့သရုပ်သဏ္ဍန်တွေ အတွေးထဲမှာ ကွက်ကွက်ကွင်းကွင်း ပေါ်စေအောင် ရေးနိုင်သူပါ..
ဒီ မအိမ်ကံစာအုပ်လေးမှာ အညာဒေသတခုဖြစ်တဲ့ မြင်းခြံနယ်တဝိုက်က ရွာ​လေးတရွာရဲ့ထုံးတမ်းစဉ်လာ ဓလေ့စရိုက်လေးအပြင် မြန်မာတွေရဲ့မျိုးချစ်စိတ်ထက်သန်ပုံ၊ သူ့ကျွန်မခံပုံ၊ တိုင်းပြည်ချစ်စိတ် ပြင်းပြကြပုံကို အသေးစိတ်ရေးပြထားတာပါ။
ဒီစာအုပ်ကိုဖတ်ပြီး ရင်ထဲမှာ ရသမျိုးစုံ ခံစားရတယ်။
မအိမ်ကံမှာ ငယ်ငယ်လေးထဲက အိပ်မက်တခုပဲ ရှိခဲ့တယ်။
အဲဒီ့အိပ်မက် သူဟာ ဖက်စိမ်းကွမ်းတောင်ကိုင် ဖြစ်ချင်ခဲ့တာပဲ။
သူက အင်မတန်ချော အင်မတန်လှပပြီး ပြည့်စုံချမ်းသာသူမို့ တနေ့မှာ ဖက်စိမ်းကွမ်းတောင်ကိုင်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ နေထိုင်ကြီးပြင်းလာခဲ့တယ်..
'ဖက်စိမ်းကွမ်းတောင်' ဆိုတာက ငှက်ပျောဖက် အလက်တွေနဲ့ ချိုးရတာပါ/
ဆရာမခင်ခင်ထူးတို့နယ်ဘက်မှာ အလှူအတန်းလုပ်တဲ့အခါ ရွှေကွမ်းတောင် ငွေကွမ်းတောင် ကျောက်စီကွမ်းတောင်အပြင် ဖက်စိမ်းကွမ်းတောင်ကို အဓိကထားကြတယ်/
ပိတ်ဖြူတွေခင်း ဆန်ပန်းပေါက်ပေါက်တွေကျဲပြီး သန့်စင်မွန်မြတ်တယ်လို့ သတ်မှတ်ထားတဲ့နေရာမှာ အစဉ်အဆက်လက်ဆင့်ကမ်း တတ်မြောက်လာတဲ့ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တဲ့ အမျိုးသမီးကြီးတွေက ငှက်ပျောဖတ်တွေကို ကန်တော့ထိုးပြီး ကွမ်းတောင်လုပ်ကြတယ်/
ပုံတွေကိုကြည့်ရတာကလည်း လက်ဝင်ပြီး ပညာသားပါပုံပါပဲ။
အနုပညာလက်ရာမြောက်တယ်...
အရင်ခေတ်က အခုထက်ပိုပြီး လက်ရာမြောက်မယ် ထင်ပါတယ်။
ဖက်စိမ်းကွမ်းတောင်ကို မြဖက်ကွမ်း​တောင် မြစိမ်းကွမ်းတောင် လို့လည်းခေါ်ကြတယ်။
ရွှေကွမ်းတောင် ငွေကွမ်းတောင် ကျောက်စီကွမ်းတောင် ကို ဘယ်လိုအပျိုစင်မဆို ကိုင်ခွင့်ရှိပေမဲ့.. ဖက်စိမ်းကွမ်းတောင်ကို ကိုင်ချင်တိုင်းကိုင်ခွင့်မရှိပါဘူး/
ဖက်စိမ်းကွမ်းတောင်ကိုင်ဖို့အတွက် အဲဒီအမျိုးသမီးလေးမှာ သတ်မှတ်ထားတဲ့ စံ နဲ့ အရည်အချင်းတွေရှိရမှာပါ..
အဲဒါတွေကတော့...
ရုပ်ရည်အတန်အသင့် ချောမောရမယ်...
မိစုံဖစုံသက်ရှိထင်ရှား ရှိရမယ်...
မိဘသက်ရှိထင်ရှား ရှိပြန်ရင်လဲ ငယ်လင်ငယ်မယား ဖြစ်ရမယ်...
ပစ္စည်းဥစ္စာအတန်သင့် ပြည့်စုံတဲ့ ရွာမျက်နှာဖုံး ဖြစ်ရမယ်..
ရေမျောကမ်းတင် တုံးမှီတိုင်ကပ် မဖြစ်စေရ...
ဆွေမျိုးဂုဏ်ရှိရမယ် မျိုးရိုးကောင်းရမယ်...
အကျင့်စာရိတ္တ ပြည့်စုံကောင်းမွန်ရမယ်...
ရည်းစာသနာမရှိရ... နာမည်ပျက်မရှိရ... လျှပ်ပေါ်လော်လီ မရှိရ...
ဖက်စိမ်းကွမ်းတောင်ကိုင်ခွင့်ရတဲ့ အပျိုချောကို ရွာက ရွေးပါတယ်... အဲဒီအချက်အလက်နဲ့ ပြည့်စုံမှ ကိုင်ခွင့်ရတယ်... ဘယ်သူ့သမီးမို့ ဆိုတဲ့ မျက်နှာလိုက်မှုမရှိရဘူး... 
ဖက်စိမ်းကွမ်းတောင် ကိုင်ခွင့်ရဖို့ ဆိုတာ အရွယ်ရောက်လာတဲ့ အပျိုလေးအားလုံးရဲ့ အိပ်မက်ပါ... 
အိပ်မက်သာမက်ခွင့်ရှိပြီး ကိုင်ခွင့်ရှိဖို့ကတော့ မလွယ်ပါဘူး..
ကိုင်ခွင့်ရတဲ့ အပျိုစင်​လေးဟာ ရွာရဲ့ကျက်သရေဆောင်  ရွာရဲ့စံပြဖြစ်ပြီး ကိုယ်ကျင့်တရား၏နမိတ်ပုံလေးတခု ဖြစ်တယ်...
ဖက်စိမ်းကွမ်းတောင် ကို ကိုင်ခွင့်ရသူကသာ တဦးတည်းမူပိုင် ကိုင်ခွင့်ရပြီး တခြားသူတွေ ဘယ်သူမှ ထိခွင့်ကိုင်ခွင့်မရှိတဲ့ထိ တန်ခိုးကြီးပါတယ်.. 
အဲလို စည်းကမ်းချက်တွေအပြင် ရွာမှာ အလှူရှိလို့ ဖက်စိမ်းကွမ်းတောင်ကိုင် အပျိုချောတယောက်ကို ရွေးထားပြီးကာမှ အဲဒီရွာမှာ နာရေးဖြစ်ရင် ဒုမင်္ဂလကိစ္စပေါ်လာတဲ့အတွက် သုမင်္ဂလကို ​နောက်ဆုတ်ပေးရတဲ့ ထုံးစံကရှိပြန်တယ်..
အဲလိုအခါမျိုးမှာ ဖက်စိမ်းကွမ်းတောင်ကိုင် အဖြစ်အရွေးခံထားရတဲ့ အမျိုးသမီးလေးဟာ ဖက်စိမ်းကွမ်းတောင် နဲ့မထိုက်တန်သူ လာဘ်မကောင်းသူ ဖြစ်ရတယ်... အလှူရက်ပြန်သတ်မှတ်တဲ့အခါ အဲဒီအမျိုးသမီးလေးကို ဖယ်ပြီး အဲဒီအချက်အလက်တွေနဲ့ ပြည့်စုံတဲ့ နောက်အပျိုစင်တယောက်ကို ရွာက ထပ်ရွေးကြတယ်...
အဲဒါကို လာဘ်ဦးလွဲတယ်လို့ ဆိုကြတယ်... 
မအိမ်ကံ ဆိုတဲ့ အလွန်ချောမောလှပပြီး ပြည့်စုံချမ်းသာတဲ့ အမျိုးသမီးလေး ငယ်ဘဝထဲက မျှော်လင့်တကြီး မက်ခဲ့ရတဲ့ အိပ်မက်က ဖက်စိမ်းကွမ်းတောင်ကိုင် ဘဝ တဲ့...
အဲဒီ အပျိုစင်လေးဟာ အဲဒီဖက်စိမ်းကွမ်းတောင်ကို ရူးရူးမူးမူး ကိုင်ချင်ခဲ့ရှာတယ်...
ဘယ်လောက်တောင် ဖက်စိမ်းကွမ်းတောင်ကိုင်ဘဝကို သူ့ခမျာ မက်မောခဲ့လဲဆိုရင်...😢
အဲဒါကတော့ ဖတ်ကြည့်မှပဲ သိမှာပါ.. 
ဆရာမခင်ခင်ထူးကို လေးစားလို့ ဇာတ်လမ်းကို မပြောပြတော့ပါဘူး..
လက်ကလုံးဝမချနိုင်အောင် ဖြစ်ခဲ့ရတဲ့စာအုပ်လေးပါ..
ဖက်စိမ်းကွမ်းတောင် ပုံလေးတွေ တွေ့မိလို့ပါ...
မူရင်းဓာတ်ပုံပိုင်ရှင်ကို Crd ပေးပါတယ်... 🙏🙏🙏

Comments