မိုးဉာဏ်(မန္တလေး) - ကဗျာ ရတနာသိုက် တူးဖော်ခြင်း


 
Art- Than Htay Maung 
ကဗျာ ရတနာသိုက် တူးဖော်ခြင်း
မိုးဉာဏ်(မန္တလေး)

(သစ်ခက်သံလွင်) စက်တင်ဘာ ၁၈၊ ၂၀၂၅


(၁)

ကဗျာကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းထက် ကဗျာအလုပ်ကို စိတ်အားထက်သန်စွာလုပ်ကိုင်လိုသည်။ကဗျာအလုပ်ဆိုသည်မှာ ဆရာဝန်၊ သိပ္ပံပညာရှင်၊ ဒါမှမဟုတ် သမ္မတတစ်ယောက်လိုမျိုး သစ္စာရှိရှိတာဝန်ထမ်းဆောင်ရမည့်အလုပ်တစ်ခုဖြစ်သည်။ ကဗျာဆရာများနဲ့ ကဗျာ ကို တန်ဖိုးထားသူတို့၏ ခံယူချက်များဖြင့်သာ ကဗျာလောက၏ ယန္တရားကို ၂၄နာရီပတ်လုံး လည်ပတ်နေစေလိုသည်။

"စာကောင်းရေးချင် စိတ်ကောင်းထား" 

ဇော်ဂျီ

ဘဝတွင် ဘာဖြစ်ချင်သလဲမေးလာလျှင် ကဗျာဆရာသာ ဖြစ်ချင်သည်။ကိုလံဘတ်၊ သောမတ်အက်ဒီဆင် ၊ ဟင်နရီဖို့ဒ် ၊ လူးဝစ်အမ်းစထရောင်းတို့လို ထူးချွန်သူများရှိခဲ့သော်လည်း ယက်ဖ်တူရှင်ကို၊ မာယာကော့ဖ်စကီး၊မောင်ချောနွယ်၊ ဖော်ဝေးတို့လို ကဗျာဆရာစစ်စစ်တစ်ယောက်သာဖြစ်လိုသည်။

"စကားလုံးတွေနဲ့ ပုံဖော်တဲ့ အတတ်ပညာ
ဘာကောင်းလဲ၊ ခက်ခဲတယ်၊ နက်နဲတယ်၊
လူလည်းမွဲလို့။

ကိုဆွေ


မနက်မိုးလင်းသည်နှင့် ကဗျာ၊ ညအိပ်ရာဝင်ချိန်ထိ ကဗျာနဲ့သာ။
ရေးပြီးသားနဲ့၊ ရေးလက်စကဗျာများကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ခြင်း၊ အပိုဒ်များ နေရာချထားခြင်းတို့ကို၊ ရှေ့နေတစ်ဦး၏ အတွေးအမြင် တရားသူကြီးတစ်ဦး၏ စီရင်ဆုံးဖြတ်မှုမျိုးဖြင့် စေ့စေ့စပ်စပ် စဥ်းစားသုံးသပ်ရသည့် အချိန်များသည် ကဗျာအလုပ်တွင် ပေးဆပ်ရသည့် အချိန်ပိုများသာဖြစ်သည်။ ဤသို့ ကြိုးစားအားထုတ်မှုများက ကဗျာ့ယဥ်ကျေးမှုကို ပိုမို မြင့်မားလာစေသည်။

(၂)

"ကဗျာဆိုသည်မှာ အပေါစား ချက်ကျောက်မဟုတ်။လူ့ယဥ်ကျေးမှု အမွေအနှစ်။ရတနာစစ်စစ် ဖြစ်ချေသည်။

ကောက်နွယ်ကနောင်


လမ်းပြင်လုပ်သားများ၊ တံတား​တည်ဆောက်သူများကဲ့သို့ပင် ကဗျာဆရာများ၏ဘဝကိုလည်း မြင်အောင်ကြည့်တတ်ရန် လိုအပ်သည်။စစ်မှန်တဲ့ ကမ္ဘာကြီးဟာ ဘက်လိုက်မှုမရှိပါက ပင်နဆလင်ဆေးဝါးလိုအပ်သကဲ့သို့ ကဗျာဆရာများကိုလည်း မုချလိုအပ်ပေမည်။

"ဟောသည်ကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့ ကျွန်တော် ကဗျာဆရာလုပ်ရမယ် အမေ"

ပိုင်စိုးဝေ


ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သင့်သလိုကဗျာအနုပညာရှင်တို့၏ အဖိုးတန် စကားလုံးများကိုလည်း ထိန်းသိမ်းသင့်သည်။

"ကျွန်တော်က ကဗျာနဲ့ပတ်သက်ရင် နေ့ဖို့ညစာ မချန်ချင် လောဘတကြီး မျိုချချင်တဲ့ အကျင့်ရှိမယ်"

ခရမ်းပြာထက်လူ

ကဗျာအနုပညာရှင်များသည် ကမ္ဘာကြီးကို နောက်ကျောမှ ဓားနဲ့ထိုးမည့်သူများ၊ မီးလောင်တိုက်သွင်းမည့်သူများ မဟုတ်ချေ။ အဓိပ္ပာယ်မဲ့ပြီး အကျိုးမရှိသည့်အလုပ်မျိုးကိုလည်း သူတို့မလုပ်ကြပေ။

တခြားသူတွေမကြားနိုင်တဲ့အသံလေးများကို ခေါင်းအုံးအိပ်၍ခံစားနားဆင်တတ်ခြင်းသည်ပင် ကဗျာဆရာတစ်ဦးရဲ့အလုပ်ဖြစ်သည်။

"ကဗျာဆရာများသည် ကမ္ဘာကြီး၏ တရားမဝင်သည့် ဥပဒေပြုအမတ်များ ဖြစ်ကြသည်။"

ရှယ်လီ


"ကဗျာဆိုတာ မရှိသေးတဲ့ အသစ်တစ်ခုခုထဲ တိုးဝင်ပြုလုပ်တဲ့အရာ။"

ခိုင်မြဲကျော်စွာ


ကဗျာအလုပ်ဆိုတာ အပြစ်ကင်းသူများကို ပြန်လည်အမှတ်ရခြင်း၊
ကောင်းမွန်သည့် လူအဖွဲ့အစည်းကို တမ်းတခြင်းဖြစ်သလို
မတရားမှုများကို ဆန့်ကျင်သည့် တော်လှန်ရေးတစ်ခုလည်း ဖြစ်ပါသည်။

(၃)

ကဗျာအနုပညာရှင်များတွင် ပုံမှန်လစာနှင့် ပင်စင်လစာမရှိပေ။ 

ကိုဆွေက "မြန်မာပြည်မှာ ဘယ်ကဗျာဆရာမှ ငွေနံ့ရလို့ ငွေအတွက်သက်သက်နဲ့ဖြင့် ကဗျာမရေးကြပါဘူး။
ဒီတစ်ချက်တည်းနဲ့တင် ကဗျာဆရာတွေကို လေးစားရပါတယ်။" လို့ ဆိုခဲ့ပါတယ်

"ကဗျာကိုဖတ်ခြင်းအားဖြင့်အားပေးပါ။"

လှသန်း

လှသန်းကပင် "ဘဝမှာ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ ခက်ခဲမယ်၊ ဒုက္ခရောက်မယ်ဆိုတာ သိသိနဲ့ ကျွန်တော် ကဗျာဆရာဘဝကိုပဲ ကျေကျေနပ်နပ် ရွေးချယ်ခဲ့ပါတယ်။
ပတ်ဝန်းကျင်မှာ ကားပွဲစားလောက်မှ၊ ချဲထီရောင်းသူလောက်မှ လူအထင်မကြီးတဲ့ ကဗျာဆရာဘဝကိုပဲ သေသေချာချာ ရွေးချယ်ခဲ့ပါတယ်။" ...လို့ ရေးဖွဲ့ခဲ့သည်။

ရွှေရ​(တောင်ကုတ်)
ကလည်း...
"အနာဂတ်ကို ကျွန်တော် ယုံတယ်။ အနာဂတ်အတွက် အရက်ပုန်းရောင်းသလောက်မှ တွက်ခြေမကိုက်တဲ့ ကဗျာအလုပ်ကို ကျွန်တော် အပတ်တကုပ်လုပ်နေတာပဲ" လို့ သူ၏ ခံယူချက်ကို ထုတ်ဖော်ခဲ့သည်။။

ကဗျာအနုပညာရှင်များသည် နာကျင်မှုကိုယ်စီဖြင့်၊ ခံစားချက်များကို လီဗာကုန်ဖွင့်ပြီး မောင်းနှင်ကြသူများဖြစ်ပါသည်။

"အဂ္ဂဘုံမှာ ကဗျာဆရာများနေ၏။"

ဇော်ဇော်အောင်

ဆေးဝါးများ၏ အာနိသင်လို၊ အစားအစာများ၏ အာဟာရလိုပင် ကဗျာတွင်လည်း သူ၏ ကိုယ်ပိုင်ဂုဏ်သတ္တိစွမ်းအင်များ ရှိသည်။

"ကဗျာစာအုပ်တစ်အုပ်ကို ဖတ်ရတာ စီးကရက်တစ်ဘူးသောက်ရသလို ကျန်းမာရေးကို မထိခိုက်ပါဘူး။ဘောလုံးပွဲတစ်ပွဲ ကြည့်ရသလောက် အိပ်ရေးမပျက်ပါဘူး။"

လှသန်း

ကဗျာအလုပ်ဟာ ပျက်ကျသွားမယ့် လေယာဥ်အိုကြီးမဟုတ်၊နစ်မြုပ်သွားမယ့် ဇိမ်ခံသင်္ဘောလည်း မဟုတ်ပေ။
ကမ္ဘာကြီးကို ဒုက္ခမပေးတတ်သည့် အလုပ်ဟာ ကဗျာအလုပ်သာ ဖြစ်သည်။

(၄)

"ကဗျာထွန်းကားတဲ့ တိုင်းပြည်ဟာ လူ့ခံစားမှု ထွန်းကားတယ်။လူ့ခံစားမှု ထွန်းကားရင် လူ့ယဥ်ကျေးမှု ထွန်းကားတယ်။စိတ်ကူးစိတ်သန်း ထွန်းကားတယ်။ကိုယ်ကျင့်တရား ထွန်းကားတယ်။ အနာဂတ်နေ့များ ထွန်းကားတယ်။နှစ်သစ်ကူးပွဲတော်များ ထွန်းကားတယ်။"

မောင်သာချို


"ကဗျာဟာ ခံစားမှုရဲ့ နိုင်ငံဖြစ်တယ်။"

မောင်သာနိုး


"ကဗျာတစ်ပုဒ်ဟာ ကမ္ဘာတစ်ခုပဲ"

ချားလ်ဘန်းစတိုင်းန်

သန့်စင်သော ယူရေနီယမ်တွေ မဟုတ်သော်လည်း ခေတ်ပေါ်ကဗျာအလုပ်မှ အရသာရှိပြီး ဗီတာမင်ကြွယ်ဝသောအတွေးအခေါ် စကားလုံးများကိုထုတ်လုပ်ပေးသည်။

"ကျွန်တော်တို့ တစ်တွေက ကဗျာဆရာတွေပါ။ထစ်ခနဲရှိ လက်ကပါပြီးသား၊ ထစ်ခနဲရှိ မျက်ရည်ကျပြီးသား ကဗျာဆရာတွေပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ရင်ဘတ်ထဲမှာ စက်တပ်ထားသူတွေ မဟုတ်ကြလို့ပဲ။"

ကြည်ဇော်အေး

ကဗျာအလုပ်အတွက် ထောက်ခံစာ သို့မဟုတ် ရုပ်ရည်ကောင်းဖို့ မလိုအပ်။ လိုအပ်သည်မှာ ကိုယ်ချင်းစာတရား​၊ ကဗျာအပေါ်သစ္စာရှိမှုနဲ့၊ ကမ္ဘာကြီးကို မျက်ခြည်မပြတ် ကြည့်ရှုတတ်မှုတို့သာဖြစ်သည်။

"ကဗျာစပ်တယ်ဆိုတာ ဖန်တီးမှုအလုပ်ပဲ။ ဖန်တီးတယ် ဆိုတာ ပုဂ္ဂလိက အလုပ်တစ်မျိုးပဲ"

မောင်စွမ်းရ
ည်

ဧရာဝတီ၏ စီးဆင်းမှုကို ခံစားတတ်သကဲ့သို့ ညနေအိပ်တန်းပြန်သူ၏ ပင်ပန်းမှုကိုလည်း စာနာတတ်ရမည်။
ကိုယ်တိုင်လည်း စီးဆင်းတတ်ရမည်။
ကိုယ်တိုင်လည်း ပျံသန်းတတ်ရမည်။

"လောကကြီးမှာ ကဗျာဝတ်ရုံခြုံထားရတာ ကျက်သရေ အရှိဆုံးပါပဲကွာ။"

မောင်ချောနွယ်


ကဗျာအလုပ်၏ အရသာဟာ ငြိမ်းချမ်းခြင်း၊ အသက်ဓာတ်၏ မတည်ငြိမ်မှုတို့ကို ခံစား​မိစေသည်။ဒဏ်ရာများ၏ အလှတရားနှင့် အတိမ်အနက်ကို အဆုံးမဲ့ခံစားမှုများလည်း ပေးစွမ်းနိုင်သည်။

"အနုပညာမှာ ဘက်ရှိရမယ်
ကဗျာဟာ ပြည်သူတွေဖြစ်တယ်"

ဒေါင်းနွယ်ဆွေ


"ဖိနှိပ်သူဘက်မှ ရပ်သောကဗျာတို့ကား ဟောင်းရပေမည်။
ဖိနှိပ်ခံရသူဘက်မှ ကဗျာတို့ကား သစ်ရပေမည်။"

ဒဂုန်တာရာ

ခံစားမှု၏အတိုင်းအတာကို တိုင်းတာနိုင်သည့် ပစ္စည်းတစ်ခုမှာ ကဗျာဖြစ်ပြီး၊နှလုံးသားရှိသူများသာ နားဆင်နိုင်ကြသည်။

"ဘဝမှာ အနိမ့်ဆုံးကတော့ ကဗျာဆရာဖြစ်ချင်တယ်။
အမြင့်ဆုံးကလည်း ကဗျာဆရာပဲ ဖြစ်ချင်တယ်။"

ဖော်ဝေး

ကမ္ဘာကြီးက ကဗျာကို ဘယ်အချိန်မှာ အလိုအပ်ဆုံးဖြစ်သလဲ။ အလင်းဘက်ခြမ်းတွင်ရော၊ အမှောင်ဘက်ခြမ်းတွင်ပါ ကဗျာသည် အင်အားအပြည့်နှင့် အဆင်သင့်ရှိနေမည်သာ ဖြစ်သည်။

"တိုင်းပြည်ပျက်တဲ့အချိန်ရယ်
တိုင်းပြည်တည်ဆောက်တဲ့အချိန်ရယ်
ကဗျာကောင်း အလိုအပ်ဆုံးပါပဲ။"

မောင်လင်းရိပ်

ကဗျာသည် ကမ္ဘာကြီးကို လှမ်းကြည့်နိုင်သည့် ပြတင်းပေါက်တစ်ခုဖြစ်ပြီး။ ကဗျာအလုပ်သည် ကော့ဆက် တောင်တန်းများလို ခိုင်ခန့်မြဲမြံပါသည်။

"လောကကြီးက ဘာပေးပေး ကဗျာဆရာက ကဗျာပဲရတယ်။
လောကကြီးဆီကို ဘာပြန်ပေးပေး ကဗျာဆရာက ကဗျာပဲပြန်ပေးစရာရှိတယ်"

ရတုသစ်

"ကဗျာဆရာကွ
ကဗျာဆရာကွ
ကဗျာဆရာကွ
အော်ကြ။"

အောင်ချိမ့်

ကမ္ဘာကြီးသည် ကဗျာနှင့် ဂျက်ပင်ထိုးထားပြီး ကဗျာအလုပ်သည် သစ္စာရှိသူများသာ လျှောက်လှမ်းနိုင်သည့်တောင်တန်းတစ်ခုဖြစ်သည်။

"အနိမ့်ဆုံးကလည်း ကဗျာဆရာ၊ အမြင့်ဆုံးကလည်း ကဗျာဆရာဖြစ်လိုသည်" ဟူသော ရင်ခုန် သံသည် မရပ်မနား တဒုတ်ဒုတ်ခုန်နေဆဲပင်။
 
ကဗျာဟာ သစ္စာရှိရမည့် အလုပ်တစ်ခု၊ သစ္စာထားရမည့် အလုပ်တစ်ခုလည်း ဖြစ်သည်။

ပင်ပန်းဆင်းရဲမှုများ၊ ခက်ခဲမှုများ ရှိနေမည်ကို သိလျက်နှင့်ပင် ကဗျာအလုပ်သမားများသည် အနာဂတ်အတွက် လက်နက်မပါသည့် တော်လှန်ရေးကို ဆက်လက် ဆင်နွှဲနေဦးမည် ဖြစ်သည်။

ပင်ပန်းဆင်းရဲမှုများ၏ အကျိုးအဖြစ် ငွေကြေးနှင့်တိုင်းတာ၍ မရနိုင်သောရတနာစစ်စစ်ကို ကဗျာဆရာများ ရရှိခဲ့ကြသည်။        ။

မိုးဉာဏ်(မန္တလေး)
Sep 2025


Comments