မိုးဉာဏ်(မန္တလေး) - လောကဓံ သလိပ်ဖတ်

Art- Aung Htet

လောကဓံ သလိပ်ဖတ်
မိုးဉာဏ်(မန္တလေး)
(သစ်ခက်သံလွင်) စက်တင်ဘာ ၂၉၊ ၂၀၂၆


ကမ္ဘာကြီးကကယ်တင်ခံချင်မှန်းမသိ ဘာမှန်းမသိ
ငါတို့တွေက ဇွတ်အတင်း
ကယ်တင်ချင်ကြတယ်။

ဆိုင်ကယ်တစ်စီးကိုတစ်စစီဖြုတ်လို့
ပြန်​တပ်ဆင်ချိန် မူလီတစ်လုံးပိုကျန်ခဲ့တဲ့
ငါတို့တွေက ကျွမ်းကျင်စက်ပြင်တွေ။

ဘီအီးတစ်ပိုင်း၊ ခေါင်ရည်နှစ်လုံးလစ်မစ်မှာ
ဘဝကိုနှမ်းဖတ်ချဥ်နဲ့မြည်းလို့
ငါတို့ဟာ နာမည်မရသေးတဲ့အရံဂြိုလ်တွေ။

ငါတို့အိပ်မက်တွေထဲမှာ
ငါတို့ဟာ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ၊
နာမည်ကြီးမယ့်ဇာတာရှင်တွေ။
ငါတို့အိတ်ကပ်ထဲမှာတော့
ဖက်ကြမ်းဖိုးအကြွေအချို့နဲ့
ခြောက်ခန်းတော့မယ့် ဆီတိုင်ကီကို ဖင်ခုထိုင်ကြတယ်။

ဘရိတ်ရူးကပ်နေတဲ့ ခေတ်ကြီးရဲ့လည်ချောင်းထဲက
ထွေးထုတ်ခံရတဲ့
လောကဓံသလိပ်ဖတ်ကလေးတွေ
ဘယ်သူမှမပိုင်တဲ့
လယ်ကွင်းတွေဆီက ကောက်ပဲသီးနှံလို
နေ့တွေညတွေကို
အလွယ်တကူဆွတ်ယူစားသုံးခဲ့ကြ။

ကဗျာဆရာအောင်ချိမ့်က ​
"ကမ္ဘာဟာ ပျက်ပြီးရင် ပြန်လာမယ်" ပြောတယ်။

ငါတို့ကောင်တွေကတော့
ကမ္ဘာကြီးတစ်ခုခုဖြစ်တော့မယ်ကြားတိုင်း
တစ် - နေရာယူ
နှစ် - အဆင်သင့်
သုံး ဆိုတာနဲ့ အသက်ကိုတံခါးဖွင့်ပေးလိုက်ကြတယ်။ ။

2592026

Comments