''မျက်ရည်ခံမှဲ့ရဲ့ အသိုက်''
ခင်လွန်း
(သစ်ခက်သံလွင်) ဧပြီ ၉၊ ၂၀၂၂
တနေ့သားမှာ ဥယျာဉ်ခြံတခုထဲ အသီးလေးတွေလိုက်ခူးရင်း ကိုယ့်လက်က အမွှေးနုလေးတွေထိုးခါစ မျက်လုံးတောင် မဖွင့်တတ်သေးတဲ့ နီတာရဲငှက်ပေါက်စလေးတွေရဲ့အသိုက်တခုနဲ့ ပက်ပင်းသွားဆုံတယ်။ အိုး ...ဒါဆို စောစောက ဝှစ်ခနဲ ထပျံပြေးသွားတာ အမေငှက်မကြီးပဲနေမှာပေါ့။
စောရီးပါကွာ မမျှော်လင့်ဘဲဖြစ်တာပါ၊ တကယ့်ကို လုံးဝမသိလို့ ဖြစ်သွားတာပါလို့ စိတ်ထဲကနေရေရွတ်တောင်းပန်ရတာပေါ့။ ကိုယ်က လူကြမ်းစိတ်ကြမ်းကြီးမဟုတ်ရပါဘူးကွာပေါ့။ ကိုယ်ဟာ သူများအသိုက်အမြုံ၊ သူများဘဝအသက်ကိုဖျက်ဆီးဖို့ဝေးစွ တဖက်သားမျက်နှာညိုးလျ၊ သိမ်ငယ်စိုးထိတ် မရွံ့မရဲဖြစ်နေတာမျိုးကိုတောင် မကြည့်ရက်မမြင်ဝံ့သူပါကွာလို့လဲ စိတ်ထဲကြိတ်ပြီး ကျိန်ပြော ပြောရတာပေါ့။ နို့ သူတို့ကမ္ဘာလေး ကိုယ့်ပယောဂကြောင့် ခလောက်ဆန် ဝုန်းဒိုင်းကျဲသွားရသလိုဖြစ်ခဲ့ရပြီမဟုတ်လား။
ပြီးတော့ အသိုက်ထဲ တုံးလုံးပက်လက်လေးတွေဖြစ်နေကြတဲ့ငှက်ကလေးတွေကိုကြည့်ရင်း စိတ်က ငါတို့လဲ ဟိုး ပုလုကွေးလေး နီတာရဲလေးတုန်းက အခုငှက်သိုက်လေးနဲ့တူတဲ့ အမေ့အနှီးထုတ်လေးထဲမှာ အနွေး ဓာတ်လေးရအောင် ဒီလိုပဲနေခဲ့ကြရတာပဲနေမှာလို့ တွေးမိသွားတယ်။
ကျနော်က သူတို့ကို သေသေချာချာမြင်ချင်စိတ်၊ (ခုလိုဓာတ်ပုံလေး ရိုက်ချင်စိတ်)တွေနဲ့ အရွက်အကိုင်းတွေကို ဖယ်လိုက်တော့ သူတို့ရိပ်မြုံလေးတော်တော်လေးလှုပ်ခါသွားတယ်လေ၊ သူတို့အတွက် ကမ္ဘာပျက်ကိန်းဆိုက်သလိုဖြစ်နေတော့မှာပေါ့၊ စိတ်ထဲမကောင်းလိုက်တာ။
ကျနော်တို့လူ့စိတ်ဆိုတာကလဲ သနားရင်သာ သနားတာ၊ ကိုယ်လိုချင် သိချင်ဖြစ်ချင်တဲ့စိတ်ကိုကျတော့ အလို လိုက်မိရက်သားဖြစ်နေပြီး သူများဘက်ကို တစိတ်လေးတောင် အလေးထားမစဉ်းစားမိလေတော့ သူတို့လေးတွေ မတရားကိုကြောက်နေတော့မှာနော်။ အသိုက်ထဲက ရုတ် ခနဲ ထပျံ ပြေးသွားတဲ့ အမေငှက်မကြီးခမျာမှာလဲ တနေ ရာကနေ ဘယ်လောက်တောင် ပူပန်စိုးထိတ် မယ်ပဋာ ပြာလူးဖြစ်နေမလဲမသိဘူး။
ကျနော်ကြည့်လိုက်တော့ အသိုက်ထဲကွေးလွေးနေတဲ့ ငှက်မောင်နှမလေးတွေဟာလေ မျက်လုံးသာမဖွင့်နိုင်ကြသေးတာ သူတို့နှုတ်သီး ဝါဝါလေးတွေ ဟစိဟစိနဲ့ ပွင့်အာနေကြလို့ပေါ့။
ဒါဟာ အန္တရာယ်တခုခုကျရောက်နေတာခံစားနေရတဲ့ ပြယုဂ် မြင်ကွင်းပေါ့။ မျက်လုံးလေးတွေစုံမှိတ်ရင်း မေမေရေ လာပါတော့ လာပါတော့ လို့ အော်ဟစ်မြည်ကြွေးနေတာပဲနေမှာပေါ့။ ကျနော်တို့ငယ်ငယ်တုန်းကလဲ အမေအပြင်သွားတာတအောင့်လောက်ကြာရင် အာပြဲကြီးနဲ့ အော် အော်ငိုကြသလိုမျိုးနေမှာပေါ့။
အဲဒီလိုလေးမြင်တော့ စိတ်ကလဲမြန်လိုက်သမှ အမေ့ဆီစိတ်ရောက်ပြီး လွမ်းလိုက်တာ။ ဘဝတလျှောက် တရားနဲ့ ဓမ္မနဲဝေးခဲ့လို့လားတော့မသိ၊ ဒီ ၆၀ ကျော်အဘိုကြီးဟာ 'အမေ' ဆိုတဲ့ ခံစားမှုတခုခုစိမ့်ခနဲဝင်လာရင် ဝင်လာစိတ်နဲ့တပြိုင်နက် မျက်ရည်ကလဲ စို့လာ ဝဲလာမြဲပါပဲ၊ အမေပြောတဲ့ " သားက မျက်ရည်ခံမှဲ့နဲ့ဆိုတော့ အလွမ်းသမားဖြစ်တတ်တယ်" ဆိုတဲ့ အင်္ဂါရုပ်ဟောချက်ကလဲ ကွက်တိမှန်ပါ့အမေ။
အမေရယ် ... အမေ့အသိုက်လေးထဲကနေကျနော်ဟာ တစုံတရာသောအကြောင်းတရားနဲ့ မလွှဲမရှောင်သာ ပြေးထွက်ခဲ့ရပါတယ်။ အမေပြောတဲ့ မျက်ရည်ခံမှဲ့နဲ့ဆိုတဲ့အလွမ်းသမားဟာ ပြေးထွက်ခဲ့ရပါတယ်။
ကျနော်ဟာ ကိုယ့်အသိုက် ကိုယ်တိုင်ဖျက်မိခဲ့သူလား။
အဲဒီ့နေ့က ငှက်လေးတွေရဲ့အသိုက်နားမှာ ခပ်ကြာကြာလေး မင်တက် ရပ်နေမိခဲ့သေးတယ်။ နောက်တော့မှ အခါတိုင်းကလို အလွမ်းဓာတ်ဟာလဲ ယုံကြည်မှုတခုခုအတွက်ဆို 'အား' အဖြစ် ရှုမြင်ခံစားတတ်ရမယ် ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အားတင်းချက်နဲ့အတူ နေတတ်အောင် နေပါတယ်ဖြေပါတယ်အမေ။
ပြီးတော့ ငှက်ကလေးတွေကိုလဲ မင်းတို့လေးတွေ ဘေးဘယာ အန္တရာယ်ဟူသမျှ ကျော်လွှားကင်းလွတ်ပြီး သန်မာခိုင်ခန့်တဲ့တောင်ပံအစုံနဲ့ လေအဟုန်ထဲ အမြင့်ဆုံးပျံသန်းနိုင်ကြပါစေလို့ ဆုချွေပေးခဲ့ပါတယ်အမေ။
လွန်း
ဧပြီ ၉၊ ၂၀၁၉
၁၁း ၅၀ နာရီ
(ဟမ်မီလ်တန်)
Comments
Post a Comment