သွေးပေါင်ကျနေတဲ့
မောင်အောင်ပွင့်
ပေါ်လီယာနာ
မေတ္တာရှင်မလေး
အရှုံးပေးရစေ့မယ်
ကျနော်
ကျနော့်အရိပ်ထက် လွတ်လပ်
ကျနော့်အရိပ်လောက် မငတ်မွတ်
ကျနော့်အရိပ်ထက် ပြော ဆို နိုင်ရဲ့။
မှောင်မယ် ဆိုရင်
အလျင်ဦးအောင်
မျက်တောင်ကို မှိတ်
တဆိတ်စာ ကြာမှဖွင့်
မှောင်ထဲ နေကျင့်ရအောင်
ကြံဆောင် နေထိုင်တတ်ပါတယ်။
အစာတောက်သူ
ချိုင်းထောက်နဲ့ လမ်းလျှောက်သူ
ဖုန်ထူတဲ့ လမ်း
စိတ်မှန်းနဲ့တောင် မရောက်ချင်ပြီ။
နှင်းဆီတပွင့် ရသဖြင့်နဲ့
ပန်းပွင့် မျက်နှာ
ပေါ်လာတဲ့သမီးလေး
နှင်းဆီတခင်း
ခြုံရှင်းပြီး စိုက်ပေးရဦးမယ်
ဆိုကရေးတီးသောက်သေတဲ့
အဆိပ်ရည်ရတဲ့ “ဟင်းမလောက်” ပင်
သင် မြင်ဖူးပါသလား။
ယင်မ မည်းရိုင်းတကောင်ရဲ့အသား
ဝါးမိ ဖူးပါစ
နံခါးခါးကြီးဗျ။
ဆိတ်ဖလူး ရနံ့
သရက်ဖူး ရနံ့
သွေးကိုသန့်စေ
သွေးလန့်စေတယ်
“ ၇၈-၁၀၀
အာဟာရ ဖြစ်မှာစား
များများ အိပ်
သိပ် အလုပ် မလုပ်နဲ့”
“ဟုတ်ကဲ့
ဟုတ်ကဲ့ပါ ဆရာ ”
ကျနော့်သွေးပေါင်
ဒါလောက်တောင် ကျနေရော့လား။
။
မောင်အောင်ပွင့်
၂၀ ၊၂၊ ၁၉၈၅
( ဆရာမောင်အောင်ပွင့်၏ “ကောင်းကင်တော်
တမ်းချင်း” စာအုပ်မှ …)
…
မြစ်ကြည့်သူ
DecorArtive, 1, Galactic |
မြစ်နားမရောက်မီ တောင်ကုန်းသုံးခုစာ
အကွာအဝေးထဲက
ကောက်ကွေ့စွာ လှပတတ်ပုံ အာရုံမှာထင်နေရဲ့။
မြစ်နားမရောက်မီ တောအုပ်သုံးခုစာ
အကွာအဝေးထဲက
မြစ်ရဲ့ရနံ့ ရနေရဲ့။
မြစ်နားမရောက်မီ ကိုင်းခင်း
သုံးခုစာ အကွာအဝေးထဲက
မြစ်ရဲ့ဗုံသံ ကြားနေရဲ့။
မြစ်သို့မရောက်မီ
ခြေသုံးလှမ်းစာ အကွာအဝေးထဲက
ကမ်းပါးစောက်
မြေသား ပန်းပုနံရံကို မြင်ရဲ့။
ကမ်းနဖူးမှာခြေစုံရပ်
ဒါ … မြစ်ပဲ။
အေး !!! မြစ် မြင်ရုံနဲ့ မြစ်ကို မသိနိုင်ဘူး
မြစ်စောင့်ဒေဝီနဲ့ မြစ်ရဲ့ဝိညာဉ်ဝှက်ထားတယ်။
မောင်နီမွန်
(ဆရာမောင်နီမွန်၏ “ပင်လယ်ညကဗျာ”
စာအုပ်မှ …)
…
ကူးတို့ခ
သွားရင်းလာရင်း
ရွှေပြည်သာ၊ ထန်းခြောက်ပင်ကွေ့
“နာရေး အလှူခံ” တွေ့မှ
“ ငါသေရင် … ငါသေရင် ” ဆိုတဲ့ဖီလင်
အနိစ္စတရာတွေး ကြက်သီးထခုန်
ငါ ဘယ်သူတွေ ကြင်နာ စာနာခဲ့သလဲ
ငါ ဘယ်အလှူတွေ ပေးဝေခဲ့သလဲ။
ရန်ကုန်နေ မြို့ပြမှာ သေရင်
သေစာရင်း ကိစ္စ
ဖွားသေစာရင်း ကိစ္စ
မှတ်ပုံတင် သန်းခေါင်စာရင်း
ကိစ္စ
မြေမြှုပ်လား သင်္ဂြိုဟ်လား
ကိစ္စ
မြေချ သရဏဂုံတင်
ဆွမ်းသွပ်ဖို့ ကိစ္စ
နာရေးနိဗ္ဗာန်ယာဉ် ထားလိုက်ပါဦး
သံဝေဂယပ်တောင်
ဘယ်မှာလဲ
လိုက်ပါပို့ဆောင်ရမယ့် လူစီးယာဉ်
ကျေးလက်မှမဟုတ်တာ
ရေဝေး , ထိန်ပင်ဆိုတာ ခရီးအဝေးကြီး
ဒါတောင်
ပြာချ၊ ဂူသွင်းကိစ္စ မဟုတ်ပါဘူး
“မနေ …သေ” လို့ဆိုပေမယ့်
အသက်ရှူ ကျန်ရစ်သူတွေက
ငါ့အတွက် ခေါင်းစားကြတော့မယ်။
ငါ သေရင်
လူ့ပြည်က တပြည်ပြည်သွားဖို့
ခုမှသတိရ
အိတ်ထဲ စမ်းကြည့်မိ
ဘာမှမရှိ ဘာမှမရှိ
ကူးတို့ခ တစ်မတ်တောင် မရှိပါလား
အားနာလိုက်တာ …
“ကျနော် ကဗျာ ဆရာပါ” ။ ။
မောင်အောင်နီ
ရွှေပြည်သာမြို့နယ်မဂ္ဂဇင်း
Comments
Post a Comment