သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မင်းချောမြင့်၊ သော်မိုးသစ် နှင့် တေဇလင်းနည်းပညာတို့၏ ကဗျာများ

လူငယ်လေးတဦးပါ
Design Shovel
သေနတ်က
အတင်းလုယူထားတဲ့နိုင်ငံတော်မှာ
ပန်းတို့မပွင့်

ပိုင်ရှင်မဲ့ လူငယ်ဘဝဟာ
မလုံမခြုံနဲ့
ဖာထေးထားရတဲ့ စံတွေနဲ့
သွေဖီနေတဲ့ ငါ့နိုင်ငံတော်သီချင်းမှာ

လူငယ်လေး တဦးပါ

မင်းချောမြင့်
 ....
ပစ္စန္တရစ်နေ့စွဲ 
Art Tattler
ကျည်ဆံရာနဲ့ နွေဦးဟာ 
သန္ဓေငြိစ နာရီပိုင်းမှာ 
ကြေမွစုတ်ပြတ်သွားတယ်… 

ကိုယ့်အသက်ကိုကိုယ် သေချာသိမ်းထုပ်ထားလည်း
ရောက်လာမယ့် နေ့သစ်ဦးကအစ 
အန္တရာယ်ကြီးတန်းလန်းနဲ့ 

  နှင်းဆီခင်းတွေ ပိုစိုက်ထား 
ဝတ်စုံနက်တစ်စုံ ဆောင်ထား 
ငါ့တို့မြို့ကြီးက မက္ခရာနယ်မြေ။ ။

သော်မိုးသစ် 
....
သက်သေခံခြင်း
Hans Kanters Surrealist Art
ဒီဂီတဟာ …
နားရေဝပေမယ့်ထပ်တလဲလဲ
သေဆုံးခြင်းဟာ …
ရှင်သန်ခြင်းထက်များလာလိုက်
ပျောက်ဆုံးခြင်းဟာ …
အစအနမကျန်လွင့်ပါးတိမ်ကောနိုင်
အခြားမဲ့၌ …
မမြင်ရသောကြံစည်မူများကို
အဆုံးမဲ့စွာ …
ယုံကြည်နေရခြင်းတွေလည်း ဝဋ်ကြွေးပါပဲ ။။

တေဇလင်း  နည်းပညာတက္ကသိုလ်


Comments