ဖိုးရွှေညီမှိုင်း - တရွေ့ရွေ့နွေ

Image- Credit 
တရွေ့ရွေ့နွေ
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဧပြီ ၂၃၊ ၂၀၂၆


ပြေးရဲပြေးစမ်း
အမှုတော်ထမ်းတို့ရဲ့နဖူးမှာ
တသက်တာ ဖျက်မရအောင်
တက်တူးတွေ ထိုးမှတ်သတဲ့
အိုး ...
တို့ရောက်နေတာ
ဘာခေတ်ကြီးလဲ။
လူထုကို ကြောက်ခေတ်အကျဉ်းထဲ
အတင်းဆွဲချခဲ့ပြီး ကျွန်ခေတ်တည်သူ
ဦးခွံတွေနဲ့ဖုတ်တဲ့
အုတ်ချပ်တွေသုံး နန်းကိုတည်
သွေးနီတွေနဲ့သွန်းတဲ့ ပလ္လင်ပေါ်တက်ပြီး
အာဏာသံလျက်နဲ့ စီရင်သူ။
မတရားခေတ်မှာ
အာဏာကိုဖီဆန်
တော်လှန်ခြင်းသာ တရားတဲ့ ...
သမိုင်းထဲက
စပါတာတွေ
စပါတာတွေ
ပြန်ရှင်သန် လာနေပြီ
မဟာနွေရည်ထဲ ...
မက်ခ်ဘက်လို
အိပ်မက်ဆိုးတွေ ညတိုင်းမက်
သွေးစွန်းလက်တွေကို
ခဏခဏထ
ရေနဲ့ဆေးချလို့ မရတော့ဘူး
စုန်းမတွေဟောတဲ့နိမိတ်အတိုင်း
တောအုပ်တွေက နန်းတော်ဆီ
တရွေ့ရွေ့နဲ့ လာနေပြီ။
နွေဦးမှာပွင့်တဲ့ ပန်းတွေ
အားလုံးကို ခြွေချလို့
ရချင်ရမယ်
နွေဦးကို မင်းအာဏာက
မလာနဲ့တားလို့ မရတော့ဘူး။
လည်နေတဲ့ သမိုင်းဘီးကြီးက
မီးကျည်တွေကြားမှာ
ဘုရင်တုကိုနင်းချေဖို့
ပလ္လင်တုကိုနင်းချေဖို့
နေပြည်တော်ဆီ တရွေ့ရွေ့။

(၂၀၂၆ ဧပြီ ၁၂)

Comments