မိုးမြင့်ယံ - အပူရောင်တွေကြားက အလင်းငှက်

အပူရောင်တွေကြားက အလင်းငှက်
မိုးမြင့်ယံ
(သစ်ခက်သံလွင်) မေ ၁၈၊ ၂၀၂၄

မိုးခေါင်ရေရှားရပ်ဝန်းထဲမှာ
ပူလောင်ကြွပ်ဆတ်ခြင်းတွေနဲ့
ကျွန်တော် မာကြောပါရစေ မေမေ
အသိုက်အမြုံဝေးငှက်တကောင်အတွက်
အတောင်ပံတွေကိုမှ လာလာဟပ်တဲ့မီးတွေက
ပိုမိုပူပြင်းလွန်းလှချည်ရဲ့ မေမေရယ်
ဒါပေမဲ့ ......
နွေကို ပန်ဆင်ထားတဲ့
မီးငှက်တကောင် ကျွန်တော်အတွက်တော့
လောင်ကျွမ်းပြာကျမသွားခင်အချိန်ထိ
အလင်းတံခါးပေါက်တွေထံအရောက်
ပျံသန်းခြင်းအတတ်တွေ နဲ့ အားကုန်ရုန်းကြွ
တွန်းတိုက်ထိုးခွင်းရင်း
မရပ်မနား ခရီးနှင်နေစမြဲပါ မေမေ .......။

Comments