မိုးဉာဏ်(မန္တလေး) - ဖလ​က်တံအရိုးပေါ်က စုတ်ချွန်းချွန်းဘဝ

Art-POS
ဖလ​က်တံအရိုးပေါ်က စုတ်ချွန်းချွန်းဘဝ

မိုးဉာဏ်(မန္တလေး)

(သစ်ခက်သံလွင်) အောက်တိုဘာ ၁၅၊ ၂၀၂၆


ဂီယာမပါ ဘရိတ်မပါတဲ့

အဝါရောင်ပြိုင်ဘီးနဲ့၊

ရပ်ကွက်က အလွယ်တကူ

လက်မခံတဲ့ သီချင်းနဲ့၊


လူ့အဖြစ်ရဲ့တေးကိုပကာသနတွေနဲ့

အရသာမဲ့စေတဲ့လူ့မလိုင်တွေကို

တံတွေးလှည့်မထွေးဘဲ နယ်နှင်ခဲ့ကြ။


မဟုတ်မခံစိတ်ကို ချက်ကြိုးမဖြတ်ဖို့

သစ္စာထားခဲ့ကြတော့ ဂျင်းပန်အပြဲတွေဟာ

လူကြိုက်နည်းလေရဲ့။


ဘဝင်မမြင့်သလိုဘဝလည်းမမေ့တဲ့

အရက်ဖြူဆိုင်လေးထဲ

သုံးဆယ့်တစ်ဘုံကို ရှေ့ဘီးထောင်စီးတယ်။


လမ်းသစ်ရှာရင်း လမ်းပျောက်နေတတ်တဲ့

ဂြိုလ်ပဲ့တွေ။

ကီးချော်နေတတ်တဲ့ဖလက်တံပိန်တာရိုးလေးတွေ။

သင်ရိုးမှာမပါတဲ့

နုတ်စ်အသစ်တွေရှာရင်း၊

ခံယူချက်ကို ဆေးမင်ကြောင်ထိုးရင်း၊

စုတ်ချွန်းချွန်းဘဝကို ကြိုးညှိခဲ့ကြ။


ရိုးသားတဲ့နှလုံးသားတွေကို

မျက်နှာသာမပေးတဲ့ အတ္တကမ္ဘာကြီးကို

မိုးလင်းပေါက် ဘားအပြည့် တီးခေါ​က်ရုံနဲ့ ...


အညာမြေပြန့်ကနေ

ဘိုလီဗီးယား တောင်တန်းတွေအထိ

ငါတို့ဟာ

သူပုန်တွေ ဖြစ်ကုန်ကြတယ်။           ။



Comments