ငြိမ်းပြေ - အိပ်မက်ဆက်ကြိုး

အိပ်မက်ဆက်ကြိုး
ငြိမ်းပြေ
(သစ်ခက်သံလွင်) ဇူလိုင် ၂၈၊ ၂၀၂၃

ခင်ဗျားရဲ့ ငယ်ဘဝအိပ်မက်က ဘာလဲ ကဗျာဆရာ
ကျနော့အိပ်မက်ကတော့ မကြီးကျယ်ခဲ့ဘူး
ဆလက်ရှ်လို ဆံပင်ရှည်ရှည်ထားလို့ရရင် 
သိပ်ကျေနပ်ပျော်ရွှင်မိမှာလောက်ပဲ
တကယ်ထားခွင့်ရလို့ ထားခဲ့မိတဲ့အခါ 
ဆံပင်တထွေးရဲ့ အလေးချိန်ဟာ
မပေါ့မှန်း သိ သိလာရ
ဆံပင်ကို သ အရောင်တင် မနေနိုင်တဲ့ ဘဝမျိုးကိုး ၊

တဖက်ကလဲ ခြေရာခွက်ထဲ ရောက်နေတဲ့ ဖားသူငယ်လို
ကိုယ်ပိုင်ခဲ့တဲ့ ကိုယ့်နေရာဟာ
ကျနော်လိုကောင်အတွက် သိပ်ကြီးမား ကျယ်ပြန့်
မိုးကုတ်စက်ဝိုင်းရဲ့ မမြင်ရတဲ့ဘက်ခြမ်းဆီမှာ
ဘာတွေရှိမှန်း မသိခဲ့သလိုမျိုးပေါ့
ဒါပေမယ့် မတရားတာတော့
အသွေး အသားထဲက ကျနော်မုန်းတတ်ခဲ့တယ်
ဒီနေရာက စ 
အိပ်မက်က တူပီမို့လားကဗျာဆရာ ၊

အသံချင်းမတူပေမယ့် အကြောင်းက မကွဲခဲ့တော့
ရေတွေဟာ သမုဒ္ဒရာဆီ စီးဝင်သလိုမျိုး 
စီးဝင်တဲ့နေရာမှာလဲ အရှိန်အဟုန် မတူသလိုမျိုးလို့
နားလည်ပေးနိုင်ရင် ရပြီကဗျာဆရာ
အိပ်မက်တွေကို ဆက်တဲ့အခါ
ကြိုးက ရှည်ချင်သလောက် ရှည်နိုင်ပါတယ်
ဒါဟာ အိပ်မက်အတွက်ပဲမဟုတ်ဘူးလား
သံသရာ ဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်လို့ 
ဆိုညည်းခဲ့ကြသေးတယ်မို့လား
ခုကိစ္စက သံသရာထိမရောက်ပါဘူး
ဒီဘဝ ဒီခန္ဓာနဲ့ အပြတ်ဖြတ်ရမယ့်ပွဲ ။

* Slash = ဆလက်ရှ် 
၁၀၁၀
၇၂၆၂၀၂၃

Comments