နေမင်းသ - ဒီနေ့ ကျင်ယူရသမျှ...

Art- POS 
ဒီနေ့ ကျင်ယူရသမျှ...
နေမင်းသ
(သစ်ခက်သံလွင်) မေ ၁၉၊ ၂၀၂၆


မနက်ဖြန်ဆိုတာ ဒီနေ့ ကျင် ယူရသမျှသာဖြစ်သည်။ ကျနော်တို့ ဘာတွေ ဘယ်လို ဘယ်လောက် ဘယ်အတွက် ကျင်ယူခဲ့ကြပါသလဲ။ ဣသာ မစ္ဆာရိယညွှန်ကို ဘယ့်လောက်ဖယ်ထုတ်နိုင်ခဲ့သလဲ။ ဝန်တိုခြင်း အညစ်အကြေးဟာ အတ္တစိတ်ကို ထပ်ပြီးဖုံးလိုက်တဲ့အခါ အမြင်ပျက်ယွင်းနေတဲ့အကန်းတစ်ယောက်လို အရောင်အရုပ်နဲ့သဏ္ဌန်တို့ကို သူထင်သလို အမှန်ပြုတော့တာပါပဲ၊၊ လှည့်စားမယ်၊လှည့်ဖျားမယ်၊ မျက်နှာဖုံးတွေတစ်ခုပြီးတစ်ခု တပ်ဆင်မယ်၊ မုသားစကားကို ရေလဲသုံးမယ်၊ ကိုယ့်အတွက်ကိုပဲကြည့်တဲ့ အတ္တဗဟိုပြုမှုကို အသေဆုပ်ကိုင်မယ်၊ ပညာမလို၊ သိက္ခာမလို ကောင်းမှုတစ်စုံတစ်ရာမလို သူတစ်ပါးပျက်စီးလိုစိတ်နဲ့ နေ့တစ်နေ့ကိုဖြတ်သန်းမိပြီဆိုတာနဲ့ အဲဒီနေ့ဟာသူ ကျင်ယူရတဲ့နေ့တစ်နေ့ရဲ့မနက်ဖြန်အတွက် အလင်းမိုက်ကောင်းကင် အမိုက်လွင်ပြင်တစ်ခုကိုရလိုက်ပြီဆိုတာ သေ ချာပါတယ်။ ဒီလိုလူအတွက် ကောင်းသောနေ့ဆိုတာ ဘယ်တော့မှရောက်မလာမယ့် အဝေးဧည့်သည်ပဲဖြစ်ပါတယ်။ အနိုင်လည်းမရ သင်ခန်းစာလည်းမရ အရင်းရှုံးနေတဲ့ အနာဂတ်ပျောက်နေသူဖြစ်မှာပါပဲ။ မနက်ဖြန်ကောင်းတွေကိုလိုချင်သူအတွက်တော့ ဒီနေ့ကောင်းတွေ တည်ဆောက်ရပါမယ်။ ဒီနေ့ ကျင်ယူရသမျှဟာ မနက်အတွက်လက်ဆောင်တွေပါပဲ။

ဒီနေ့ဆိုတဲ့စကားကို နေ့တိုင်းပြောဆိုသုံးနှုန်းနေကြပေမယ့် ပြုမူမှုသဘောအရ တစ်ဦးချင်း၏ ရွေး ချယ်မှု ခံယူမှု ယုံကြည်မှု‌တွေကြောင့် ဖြတ်သန်းမှုပုံသဏ္ဌန်အားဖြင့် တူညီကြမှာမဟုတ်ပါဘူး။

တစ်နေ့တာရဲ့ဖြတ်သန်းမှု ဒါမှမဟုတ် အချိန်တခဏဖြတ်သန်းမှု ပစ္စုပ္ပန်အဆုံးအဖြတ်ဟာဘဝတစ်ခုအတွက်အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် လူတစ်စု၊ နိုင်ငံတစ်ခု၊ ကမ္ဘာတစ်ခုအတွက်လည်း အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်‌ တွေးကြံစိတ်သည် အယူမှန်ဖို့လိုအပ်ပါတယ်။ ကတိကဝတ်နှင့် သံဓိဌာန်ချပိုင်းဖြတ်မှုတွေဟာ ချစ်ခြင်း၊ မုန်ခြင်း၊ ကြောက်ရွံ့ခြင်း ၊ ကာလ ဥတုရာသီနဲ့ အခြားလူမှုဘဝများစွာ မှာ ဆက်စပ်ပတ်သက်‌နေတတ်တယ် မဟုတ်လား။

           ကျနော်တို့ဟာနေ့စဉ်ဖြတ်သန်းခြင်းများစွာထဲက ဘယ်အရာတွေကိုဖယ်ထုတ်ခဲ့ပြီး ဘယ်အရာတွေကို ဆယ်ယူခဲ့ပါသလဲ ။အချို့အရာ‌တွေကြ ဖယ်ထုတ်ချင်ပေမယ့် မတတ်သာလို့ လွယ်ထားရတာ‌ တွေလည်း ရှိတယ်ဆိုပြီး ပြောတာတွေလည်း တွေ့ရကြားရတတ်တယ်။ မလွယ်ချင်မသယ်ပိုးချင်ရင် မလိုချင်သည့်အရာကို အဆုံးစွန်ထိ ငြင်းပယ်ရပါလိမ့်မယ်။ ကိုယ့်အတွက်ကြောင့်တော့ ပတ်ဝန်းကျင်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေသင့်ဘူးမဟုတ်လား။ မလိုချင်သည့်ကပ်ငြိမှုတွေကို မဖယ်ထုတ်ရဲသမျှတော့ မိမိလိုအင်နှင့်ဝေးနေဦးမှာပဲဆိုတာ သိသင့်တယ်။ ဒါဟာ သေခြင်းတစ်မျိုးလို့ဆိုရင် မှားမယ်မထင်ဘူး။ အဲဒီသေခြင်းကိုမနှစ်သက်ဘူး လွတ်မြောက်လိုတယ်ဆိုရင်‌တော့ အိပ်မက်တွေကိုဖြတ်ကူးတဲ့အခါ၊ စကားလုံးတွေကိုဖြတ်ကူးတဲ့အခါ၊ အနာဂတ်တံတားတွေကိုဖြတ်ကူးတဲ့အခါ ကျနော်တို့သတိထားရပါလိမ့်မယ်။ သမိုင်းကတော့ ဒီရေကြောင်းမှာ စီးမြဲစီးနေတယ်ဆိုတာမမေ့ပါနဲ့။ ဆိုတော့

ကျနော်တို့မနှစ်မြုပ်ဖို့လိုမယ်မဟုတ်လား။ ကြမ်းတမ်းဆိုးယုတ်ကောက်ကျစ်သူတွေကတော့ မနက်ဖြန်ကိုသွားတဲ့ခရီးမှာ အလစ်အငိုက် နှစ်မြုပ်ဖို့ အမြဲသွေးဆောင်နေကြ ဖျားယောင်းနေကြမှာပါပဲ။ အဓမ္မရဲ့အမှောင်မှာအကွယ်အထောက်ပြုနေကြတော့ တချို့လည်း မမြင်လွယ်မကြားလွယ်ကြဘူးပေါ့။ မြင်သောမျက်စိကြားသောနားရှိမှသာ မြင်လွယ်ကြားလွယ်တတ်တဲ့သဘောမို့မြင်တတ်ကြားတတ်ဖို့အတွက် သတိရှိဖို့လိုပါလိမ့်မယ်။ ဒါမှသာ သူယုတ်တို့ရဲ့အဆင်းကိုလည်းမြင်နိုင်မယ်၊ အသံကိုလည်းကြားနိုင်မယ်၊ မဟုတ်ရင်တော့ မြုပ်ပြီသာမှတ်ပေရော့လို့ ပြောရမလိုပါပဲ။ ကျနော်တို့လွတ် မြောက်မှုအတွက် ကျနော်တို့ဆုံးဖြတ်ချက်ဟာ ကျနော်တို့ဖြစ်တည်မှုဖြစ်လာဖို့ကလွဲပြီး အခြားမရှိပါဘူး။ အတ္တကိုဗဟိုပြုပြီးတွေးမယ်ကျင့်မယ်ပြုမယ်ဆိုရင်တော့ လူအဖြစ်ရှိနေတာဟာ ဘာအတွက်လဲလို့ မေးရမယ့်အခြေအနေပါပဲ။ ဒီအခြေပြုမှုကပဲ မတရားတာကိုမငြင်းပယ်ရဲတဲ့အဆင့်ထိတက်သွားတာ ဖြစ်ပါလိမ့်မယ်။ အဲဒီမှာကိုယ့်အကျိုးအတွက်ပဲငဲ့ပြီးမတရားတာကိုမတရားဘူးလို့တောင် မပြောရဲကြတော့ပါဘူး။

       မတရားတာကို မတရားဘူးဟုမပြောရဲခြင်းသည် မတရားမှု၏ ကြံရာပါပင်ဖြစ်သည်ဟု ဆိုတာ ကြားဘူးမှတ်ဘူးကြမှာပါ။ ဆိုတော့ ပြောသင့်ပြောထိုက်သည်တို့ကို ပြောရပါလိမ့်မယ်။ ဒါသည်မတရားမှုကိုကျူးလွန်ခြင်းမဟုတ်။ မမှန်တရားမဟုတ်၊ မတရားတာကို မတရားဘူးဟုမပြောရဲခြင်းသည်သာ မတရားမှုဖြစ်ပါတယ်။ အကြောက်တရားလွှမ်းမိုးခံရခြင်းကြောင့် မတရားမှုအတွက်ကြောက်ရွံ့ခြင်း စိုးစဉ်းမျှမရှိသင့်ပါဘူး။ မမှန်တရား၊ကြောက်ရွံ့ခြင်းနှင့် မဖြောင့်မတ် မတည်ကြည်ခြင်းကြိုး၏ အနှောင်အဖွဲ့အထုံးကိုဖြေချွတ်ရန်မှာ လူ့တာဝန်တစ်ရပ်ဖြစ်ပါတယ်။ အဲဒီစိတ်ဖြင့် ဒီနေ့၏ခြေလှမ်းကိုအစပြုကာဖြောင့်တန်းစေသင့်ပါတယ်။ မနက်ဖြန်ရဲ့အကျိုးဟာ ဒီနေ့ရဲ့အကြောင်းပဲမဟုတ်လား။ ကျနော်တို့ ဒီနေ့ လျောက်သောခြေလှမ်းတစ်လျောက်မှာ ဆူးညှောင့်ခလုပ်၊ တွင်းနက် ကျော့ကွင်း၊ အမျိုးမျိုးသောထောင်ချောက်၊ အစုံစုံသောရစ်ပတ်တွယ်ငင်တတ်သည့်နှောင်ကြိုးနွယ်မျှင်တွေနဲ့ ကြမ်းတမ်းဆိုးယုတ် ကောက်ကျစ်သူတို့ဟာ သွေးဆောင်ရန်အသင့်စောင့်ဆိုင်နေတတ်တယ်၊ အဓမ္မရဲ့အမှောင်မှာ အကွယ်အထောက်ပြုနေတတ်လို့သာ မမြင်လွယ် မကြားလွယ်ဖြစ်ရ တတ်တာပါ။ မြင်သောမျက်စိရှိ၍ ကြားသောနားရှိသူတို့သည်သာ သူယုတ်တို့၏အဆင်းကိုလည်းကောင်း၊ အသံကိုလည်းကောင်းမြင်နိုင်ကြားနိုင်၏လို့ဆိုရပါမယ်။ ဒါကြောင့်ကျနော်တို့ သမ္မာသတိ ကြီးစွာရှိရန်လိုအပ်ပါတယ်။ ထိုသတိသည်သာ မတရားသည့်အသံကိုကြားလိမ့်မယ်။ မတရားသည့်အမှုကိုမြင်လိမ့်မယ်။‌ ကြောက်သင့်တဲ့အကြောက်တရားနဲ့ မကြောက်သင့်တဲ့အကြောက်တရားကို ခွဲခြားသိမြင်လာတဲ့အခါမှာတော့ ခြေလှမ်းတို့သည်ဖြောင့်မတ်လာလိမ့်မယ်။ ဖြောင့်မတ်သည့်အလျောက် တည်ကြည်လာလိမ့်မယ်။ တည်ကြည်လာသည့်အလျောက် ကြောက်ရွံ့ခြင်းကင်းလာလိမ့်မယ်။ ကြောက်ရွံ့ခြင်းကင်းသောသူတို့သာ မတရားမှုအတွက် တရားသောပြုဖွယ်ကိစ္စတွေကို မကြောက်မရွံ့ ပြုမှုပြောဆိုကျင့်ကြံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုနဲ့သာ လွတ်မြောက်ခြင်းဆီ အရောက်လှမ်းနိုင်မယ့်ခြေလှမ်းကို ဒီနေ့ကျနော်တို့အစပြုနိုင်ကြလိမ့်မယ့်လို့ထင်ပါတယ်။ ဒါကြောင့် မြင်သောမျက်စိရှိစေ၊ ကြားသောနားရှိစေလို့ဆိုချင်ပါတယ်။

      မိမိတွေးကျင့်ဖြစ်တည်ရရှိတဲ့အရာ‌တွေဟာ ပြင်ပလောကပတ်ဝန်းကျင်ရဲ့ဖိအားကြောင့်လား။ဘယ်သူမပြု မိမိမှုမို့ ကိုယ်သာတာဝန်ရှိသူဖြစ်ပါတယ်။ ယူငင်ခြင်းနဲ့ ငြင်းဆန်ခြင်းမှာ မိမိကိုယ် တိုင်မှအပ အခြားအရာတို့၌ တာဝန်မရှိနိုင်ပါဘူး။ ရွေးချယ်မှုဆိုင်ရာမှာ လွတ်လပ်မှုအရ ပုဂ္ဂလဆန်လွန်းတဲ့ လိုအင်ရဲ့လှုပ်ဆွမှုနောက်လိုက်ပါခြင်းကိုတော့ လူသည် ဆင်ခြင်သင့်သည်မဟုတ်လား။ ထိုအရာ သည် အတ္တဖြစ်တည်မှုဆီ ဦးတည်ရာလမ်း။ ထိုအရာကိုထိန်းညှိမှသာ လောကနှင့်လူကြား သဟဇာ တဖြစ်မှု ညီညွတ်မှုဆီ ရောက်နိုင်မယ့်လမ်းဖြစ်ပါမယ်။ မိမိဆုံးဖြတ်ချက်သည် မိမိဖြစ်တည်ရရှိမည့်လောကမို့ ကျနော်တို့ ဘယ်သို့သောလောကကို ရချင်လိုချင်ပါသလဲ။

မနက်ဖြန်ဆိုတာ ဒီကနေ့ ကျင် ယူရသမျှသာ။။       ။

နေမင်းသ

၁၆ မေ ၂၀၂၆


Comments