မိုးဉာဏ်(မန္တလေး) - တမ်းတခြင်းထုတ်တန်း

 
Art- KT#
တမ်းတခြင်းထုတ်တန်း
မိုးဉာဏ်(မန္တလေး)
(မိုးမခ) ဇွန် ၂၊ ၂၀၂၆


ခြေထောက်မပါတဲ့ တိမ်လို
တောင်နံရံတွေကို ခေါင်းနဲ့တိုက်ပြီး
အိမ်ပြန်လမ်းကို ရှာနေမိတယ်။

အိမ်နဲ့မဝေးချင်ပဲ ဝေးခဲ့ရသူမို့
အငွေ့ရိုက်ခံရတဲ့ စလောင်းဖုံးလေးမှာ
ငွှေ့ရည်ကြည်ဥတွေ တွဲခိုနေတာကို လွမ်းတယ်။

တောင်ခိုးတွေနဲ့ ရင်ကြပ်နေတဲ့
ယာခင်းလေးကို လွမ်းတယ်။

အုပ်ဆောင်းအောက်က
ဗီတာမင်အပြည့်နဲ့
ထမင်းကြမ်းခဲလေးကို လွမ်းတယ်။

အိုးဖင်မည်းမည်းလေးထဲက တူးနံ့ ...
နွေးထွေးမှုတွေ လျှံကျနေမယ့်
အမေ့ရဲ့ မီးဖိုချောင်လေးကို လွမ်းတယ်။

"တစ်နေ့
ကျွန်တော်တို့ ပြန်ဆုံကြမှာပါ"
ဆိုတဲ့ ယုံကြည်စိတ်နဲ့

တမ်းတခြင်းထုတ်တန်းမှာ
သံမှိုရိုက်ထားမိတဲ့
"အိမ်" ။         ။




Comments