Photo- Credit
ဇွန် ၂၀ ရက်နေ့ ကမ္ဘာ့ ဒုက္ခသည်များနေ့
" မှတ်တမ်းတင်သိမ်းဆည်းထားသင့်တဲ့
ဒုက္ခသည်စခန်းများမှာရေးဖွဲ့ခဲ့တဲ့ မြန်မာကဗျာများ"
သစ်ကောင်းအိမ်၊ မြင့်အောင်သန့်၊ အေအမ်တီ၊ ခင်ရင်မောင်၊ သင့်ကောင်း၊ ခင်လွန်းတို့၏ကဗျာများ
ခင်လွန်း
(သစ်ခက်သံလွင်) ဇွန် ၂၀၊ ၂၀၂၆
-
ဒီနေ့ WORLD REFUGEE DAY 2026 ကမ္ဘာ့ဒုက္ခသည်များနေ့ ပေါ့။
ဒီလိုနေ့ လွန်ခဲ့တဲ့ အနှစ် ၂၀ နှစ်လောက်က စစ်အာဏာရှင်ဘေးက လွတ်မြောက်ဖို့အတွက် ထိုင်းနယ်စပ်ကိုရောက်နေကြတဲ့တိုင်းရင်းသားပေါင်းစုံမြန်မာပြည်သူတွေထဲ ကျနော်အပါအဝင် ကျနော်တို့ မြန်မာကဗျာဆရာတွေလဲရှိကြရာမှာ နယ်စပ်မှာ ရပ်တည်ရေး လုံခြုံရေးနဲ့ အထွေထွေအခက်အခဲတွေရှိတာကြောင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ တတိယနိုင်ငံတခုခုဆီ ခိုလှုံနိုင်ဖို့ ဒုက္ခသည်အဖြစ်လျှောက်ကြပါတယ်။ အဲဒီ့အစီအစဉ်အရ ကျနော်တို့တွေဟာ ၂၀၀၆ ခုနှစ်လယ်လောက်မှာ ဒုက္ခသည်စခန်းတွေဆီ ဝင်ကြရပါတယ်။ ဒုက္ခသည်စခန်းဆိုတာ လူသူ မြို့ပြတို့နဲ့မနီးတဲ့ နေရာတွေမှာ ထားကြတာမို့ ကျနော်တို့တွေ သူတို့စီစဉ်ပေးသလို နေကြရပါတယ်။
သာမန်လူနေမှုဘဝတွေနဲ့ အစစကွာခြားတဲ့ စား နေ ခက်ခဲမှုတွေနဲ့နေကြရတာပါ။ အားလုံးလုံခြုံရေးအတွက် စခန်းအာဏာပိုင်များက တင်းကြပ်ထားတာမို့ သတ်မှတ်နေရာဧရိယာကနေ အပြင်ထွက်ခွင့်မရပါဘူး။ မြင်လွယ်အောင်ပြောရရင် ကျနော်တို့နေကြရတာ အကျယ်ချုပ်ဆံဆံနေကြရတာမျိုးပါ။ အဲဒီလိုအခြေအနေအောက်မှာ ကိုယ့်တိုင်းပြည်မှာ အာဏာပိုင်တွေရဲ့စနက်ကြောင့် ပြည်ပကိုတိမ်းရှောင်လာရတဲ့ ကဗျာဆရာများဟာ သူတို့ကြုံဆုံရင်ဆိုင်ရမှုတွေကို ဖွင့်အန်ချတဲ့အနေနဲ့ ကဗျာများအဖြစ်ရေးဖွဲ့ခဲ့ကြတာကို ဒီနေရာမှာ ကျနော်လက်လှမ်းမီသမျှ ဖော်ပြပေးလိုက်ပါတယ်။
၂၀၀၆ ခုနှစ်မှာ စခန်းများဆီထွက်လာကြရာကနေ စခန်းများမှာနေထိုင်ခဲ့ကြရစဉ်အတွင်း ကျနော်အပါအဝင် သူတို့ရေးဖွဲ့တဲ့ကဗျာများကို ကျနော် စုစည်းသိမ်းဆည်းထားခဲ့ရာမှာ အခု ၂၀၂၆ မှာတော့ အနှစ် ၂၀ တိုင်ခဲ့ပါပြီ။
ဒီနေ့ ကမ္ဘာ့ဒုက္ခသည်များနေ့အထိမ်းအမှတ်မှာတော့ ဆယ်စု နှစ်စုစာ ကျနော်နိုင်သလောက်ထိန်းသိမ်းစုစည်းထားတဲ့ကဗျာများကို အမှတ်တရအဖြစ် ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
ကဗျာများဖော်ပြဖို့အတွက် မူရင်းဆရာများကို အချိန်မီမဆက်သွယ်နိုင်မှုအတွက်လည်း တောင်းပန်အပ်ပါတယ်။ တင်ပြထားတဲ့ ကဗျာများမှာလဲ ဆရာတို့ရေးဖွဲ့ထားသလောက်အပြည့်အစုံမဟုတ်ဘဲ အားလုံးမျှပြီး တတ်နိုင်သလောက်လူစုံအောင်သာ စုဖော်ပြပေးထားခြင်းမျှဖြစ်ကြောင်းလဲပြောရမှာဖြစ်ပါတယ်။
တစုံတရာ အဆင်မပြေရင် ကျနော့်ကို ဒီနေရာကသာ ဆက်သွယ်လိုက်ပါဆရာများခင်ဗျား ။
ချစ်ခင်မှုနဲ့
ခင်လွန်း
ဇွန် ၂၀၊ ၂၀၂၆
ကမ္ဘာ့ဒုက္ခသည်များနေ့
-
''နေထိုင်ကောင်းအောင်သာနေပါ''
သစ်ကောင်းအိမ်
(ခေတ်ပြိုင်) မတ် ၂၈၊ ၂၀၀၆
လက်ကိုင်ဖုန်းတွေရှိတယ်
ဖုန်းထဲမှာ 'ပိုက်ဆံ' မရှိဘူး
သွားစရာမြေတွေရှိတယ်
သွားစရာ 'နေထိုင်ခွင့်လက်မှတ်' မရှိဘူး
ဒေါနတောင်တန်းတွေလှမ်းမြင်နေရတယ်
ပြန်စရာ' တိုင်းပြည်' မရှိဘူး
အနော်ရထာလမ်းပေါ်မှာလည်း
ကျီးကန်းတောင်းမှောက်
မဲဆောက်လမ်းတွေပေါ်ရောက်တော့လည်း
ကျီးကန်းတောင်းမှောက်
အသက်ရှူမဖြောင့်ခဲ့ကြပုံများပြောပါတယ်
ဪ
ရွှေပဲကျင်ရမလို
ကြမ်းပိုးပဲရှာရမလို
လူ့အဖြစ်များ
ဝန်ကြီးချုပ်ပဲလုပ်ရမလို
ပလက်ဖောင်းပေါ်ပဲ ဈေးရောင်းရမလို
လူ့အဖြစ်များ
လူဆွယ်ပဲလုပ်ရမလို
သစ္စာလေးပါးပဲရှာရမလို
လူ့အဖြစ်များ
ကိုယ့်အခန်းကလည်း မိုးမလုံ
ကိုယ့်မြေပုံပေါ်မှာလည်း လုံခြုံရာကိုရှာမတွေ့
ကိုယ့်နားထင်ကိုယ် သေနတ်နဲ့တေ့ကာ
ချိုးကူသံကိုတမ်းတရင်း
ငှက်ဆိုးထိုးသံတွေနဲ့ မိုးစင်စင်လင်းရတဲ့
လူ့အဖြစ်များ ...။ ။
-
'' အုံးပြန့် ''
သစ်ကောင်းအိမ်
(ခေတ်ပြိုင်) အောက်တိုဘာ ၈၊ ၂၀၀၆
တထစ်ချင်း
တထစ်ချင်း
သွေးချင်းချင်းနဲ့
ဆင်းခဲ့ရာ တက်ခဲ့ရာ
မိုးကြမ်းထဲ လဲနေတဲ့ တောင်တက်လမ်းများ
တလှမ်းချင်း
တလှမ်းချင်း
အလွမ်းချင်းချင်းနဲ့
ပွေ့ပိုက်ခဲ့ရာ
မျက်ရည်နဲ့ချောနေတဲ့ တောင်တက်လမ်းများ
ကိုယ်တိုင်က ' တောမီး ' ဖြစ်ပြီး
တငွေ့ငွေ့လောင်ကျွမ်းကြရတဲ့အခါ
သက်ကယ်တပျစ်စာလရောင်မှာ
ဟူးဟူးရိုင်းရိုင်း
ငယ်သံပါအောင်ညည်းညူ
လေရိုင်းတွေ...
လေရိုင်းတွေ...
လေရိုင်းတွေ ...
လေရိုင်းတွေထဲမှာ
လူ့သမိုင်းတွေ
နှစ်သန်းပေါင်း ( ၄၀၀၀) မက
ငိုချင်းဟာ ရှည်ကြာခဲ့
မြူတွေတောင်မှ
မြူမဆန်တော့လောက်အောင်
တတောလုံး တတောင်လုံး မှိုင်းမှောင်လို့...
လွှမ်း
ထား
လိုက်
တာ
ဟိုးကို ...မော့ကြည့်ပြန်တော့
မြင်ကွင်းတွေက စိမ်းစိမ်းစိုစို
ဟိုးက ... စီးကြည့်ပြန်တော့လည်း
မြင်ကွင်းတွေက စိမ်းစိမ်းစိုစို
အေးလေ....
ဒုက္ခဆိုတာ
အဝေးကကြည့်တော့လည်း ' ရသ ' ပေါ့
" လှတယ် " ။
..
* အုံးပြန့် - ထိုင်း-မြန်မာနယ်စပ်တနေရာက ဒုက္ခသည်စခန်းတခု
-
'' နို့ဖိုး''
အေအမ်တီ
(ခေတ်ပြိုင်) -ရက်စွဲမမှတ်မိ
သနားကြပါခင်ဗျာ
သနားကြပါ
နိုင်ငံအဟောင်းလေးတခုလောက်ဆိုပြီး
စားစရာ နေစရာ
လုပ်စရာတွေ ကိုင်စရာတွေထားရစ်လို့
ဖုတ်ပူမီးတိုက်
ငါတို့ဒီနေရာကို ရောက်ရှိခဲ့တယ်
ဟောဒီ ဘဒ္ဒကမ္ဘာမှာ
ဒုက္ခဆိုတာအတုမရှိဘူး
ဒုက္ခသည်ပဲ အတုရှိတယ်
တော်လှန်ရေးဆိုတာ အတု မရှိဘူး
တော်လှန်ရေးသမားပဲ အတု ရှိတယ်
အို စစ်ဘေးစစ်ဒဏ်ဆိုင်ရာ နတ်
ဒုက္ခသည်များဆိုင်ရာ နတ်
ပဋိပက္ခဆိုင်ရာ နတ်
ငတ်မွတ်ခေါင်းပါးဘေးဆိုင်ရာ နတ်
မျိုးသုဉ်းသတ်ဖြတ်ရေးဆိုင်ရာ နတ်
ဗဟုသမဂ္ဂဆိုင်ရာ နတ်
အန်ဂျီအို ( NGO) ရေးရာ နတ်အပေါင်းတို့...
ကြည့်လော့ ၊ ရှုလော့
ဤပစ္စန္တရာဇ်သားတို့ရဲ့
ကံတရားကို .....။ ။
-
'' ဒုက္ခသည်စခန်းပေါ် ရွာချတဲ့မိုး ''
အေအမ်တီ
(ခေတ်ပြိုင်) အောက်တိုဘာ ၁၀၊ ၂၀၀၆
ပင်လယ်လို
မုတ်သုန်ကိုကြဲပက်စိုက်ပျိုးဖူးသူတွေ
ခုတော့...
ကိုယ့်အရွက်တွေပေါ် ကိုယ်ပြန်ရွာချတတ်တဲ့
သစ်တောကြီးတွေလိုပ။
ဒုက္ခသည်စခန်းကကျဉ်းပြီး
ဒုက္ခက ဗျက်ကျယ်တယ်
အမေကလည်း
" ဖိုးဝှီးဒရိုက်" လေးမွေးမပေးလိုက်တော့လေတော့
လမ်းချော်တယ် " ဆရာချော'' ရေ
ဆရာက အတုတွေကိုချစ်သလို
ကျနော်လည်း လမ်းတွေကိုချစ်တတ်လာပြီ။
ဟောဒီ အင်ဖက်အမိုးကိုဖောက်ပြီး
မျက်နှာကိုလာမှန်တဲ့မိုးစက်တို့ရေ
တကယ်တော့ ဘဝဆိုတာ
တောမီးလည်း ရောက်
တောကြောင်တွေလည်းရောက်တဲ့
မုတ်သုန်သစ်တောကြီးတွေများလား။ ။
*ဖိုးဝှီးဒရိုက်- Four Wheels Drive
-
'' အိမ်ပြန်ကြစို့လားအချစ်ရယ် ''
ခင်ရင်မောင်
(ခေတ်ပြိုင်) ဇူလိုင်၊ ၂၀၀၆
အချစ်ရေ
လောကနဲ့အဝှမ်း လောင်ကျွမ်းနေကြပြီမို့
ကိုယ့်ရင်ထဲလောင်မီးကျနေတာ
ဘာများ ဆန်းလို့တုန်း ....
ဘာများဆန်းပြားလို့တုန်း
မင်းရင်ထဲမှာလဲ လောင်မီးကျနေရတာ ....။
ကမ္ဘာကြီးမီးလောင်တော့
သားကောင်တွေ တကောင်ပြီးတကောင် ချနင်း
ကိုယ်နဲ့မင်းက
လောင်မီးကျနေတဲ့ ဟောဒီ့ခေတ်ကြီးရဲ့သားကောင်
သွေးဆာနေတဲ့ ပလ္လင်တွေထက်က စတေးခံ ယဇ်ကောင်
မီးတောက်တွေကြားထဲ
နီရိုးဘုရင်လို ဇာတ်ကောင်ကလည်း ညာသံပေးနေကြလို့ ။
မငိုပါနဲ့တော့အချစ်ရယ်
မျက်ရည်တွေအသာသိမ်းလိုက်ပါတော့
ခေတ်အဆက်ဆက် လောင်မြိုက်ခဲ့တဲ့ ဒီမီးတောက်တွေနဲ့ဝေးရာ
ကိုယ့်စိတ်မီး ကိုယ်ငြှိမ်းသတ်လို့
တို့ အိမ်လေးဆီကိုသာ ပြန်ကြပါစို့ ။ ။
-
''ခရီးသွားဒိုင်ယာရီ''
သင့်ကောင်း
(ခေတ်ပြိုင်၊ ရက်စွဲမမှတ်မိ)
တခုခုရချင်သူအဖို့
တခုခုပေးလိုက်ရတာလား
ကောက်ကောက်ပါစီးမျောခြင်းတွေကိုဆန့်လို့
လမ်းခရီးမှာ
မြို့ကလေးက
ဣန္ဒြေသိက္ခာကြီးနဲ့
လူတွေမှာတော့ ကျီးကန်းတောင်းမှောက်
ယက်သဲ့ကြားတင်တဲ့ငါး
ကြောင်ခံတွင်းပျက်တွေစားကြ
မျက်ရည်တွေ
ပုလဲစစ်စစ် ဖြစ်လိုက်ပါတော့ ...
တိမ်ညိုတွေအုံ့ဆိုင်းပုံက
မိုးကြီးပဲပြိုတော့မလို
ဒီလောက်လွမ်းဖို့ကောင်းတဲ့ရာသီဉတုမှာ
တခုခုရဖို့
တခုခုပေးချင်လို့
ပြဿဒါးနေ့က
ခရီး စ ထွက်မိတယ်။ ။
-
'' မွတ်သိပ်ကျစ်စာ ''
သင့်ကောင်း
(ခေတ်ပြိုင်၊ ရက်စွဲမမှတ်မိ)
ဆေးညွှန်းဖတ်ရင်း
ခွန်အားပြတ်ညနေမှာ
ယုန်တကောင်ဟာ နှစ်ခါသေခဲ့ဖူးတယ်
ကောင်းကင်တဖဲ့စာ စောင်းငှဲ့ကြည့်ခွင့်ပြု
အနာဂတ်ခရီး ပိုနီးအောင်လို့
ကိုယ့်ခွန်အားနဲ့ အသက်ဝဝရှူခွင့်ပြု
ရှူပြီးသားအသက်
သိမ်ငယ်စိတ်ကင်းအောင်လို့
တောင်ပံတစုံသာရှိရင်
လွတ်လွတ်လပ်လပ်ပျံသန်းခွင့်ပြု
အပေါ်စီးကစီး ကြည့်ချင်လို့
ဘဝနှင့်ထပ်တူ အသိတရားကို
ဝဋ်ကြွေးရှိလို့ခံရတာပါကွာ လို့ လာမပြောနဲ့
ဒီလမ်းကို ကျုပ်တို့ရင်ဘတ်နဲ့ဖောက်ခဲ့တာပါ
ဒီလမ်းကို ကျုပ်တို့ရင်ဘတ်နဲ့ ဖောက်ခဲ့တာပါ။ ။
-
ဒုက္ခသည်စခန်းမှာ ညနေခင်းလမ်းလျှောက်ထွက်ခြင်း
မြင့်အောင်သန့်
ဒီဇင်ဘာ ၃၁၊ ၂၀၀၆
ဟိုးတူရှူက
မိုးထိမြင့်ညိုမှောင်တောင်တန်းတွေထက်
သူတို့ဒုက္ခက ပိုမြင့်တယ်
တိမ်ရွှေအို
ငွေရည်တွေလှည့်ခွေစီးကျ
ဝဲယာက ဆုံးစ မထင်
စိမ်းညှို့အေးမြတာထက်
သူတို့ဒုက္ခက ပိုနက်တယ်
လမ်းမ
အပျိုမပေါင်တံလို ဖြောင့်စင်းလို့
ကိုယ်လက်လှုပ်ရှားသူ
ပြေးလွှားသူ
လမ်းလျှောက်သူ
တောင်ထွတ်မှာ ဒုက္ခသည်တွေစိုက်ထူခဲ့တဲ့အလံနဲ့
ပဲ့တင်သံကိုနားဆင်ကြ
အို ...ကျောင်းဆင်းချိန်
ကလေးတွေ ထင်းခွေပြီး ပြန်လာကြပါလား ...။
-
'' မီးလျှံများ ''
မြင့်အောင်သန့်
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၇
မိစ္ဆာမျှတဲ့လောင်စာနဲ့
အဟုန်ကောင်းကောင်း
တဝုန်းဝုန်း
ထိန်ညီးတောက်လောင်နေပုံများ
ကိုယ်တိုင်ပဲမီးကျည်ခဲ
မီးပြင်းထဲ
တမြေ့မြေ့လောင်ကျွမ်းမှန်းမသိ
သူယောင်တောမှာ
မိန်းမောလို့ ။ ။
-
'' ရမ္မက် ''
မြင့်အောင်သန့်
(ရက်စွဲမမှတ်မိ)
တလောကလုံးခပ်သုံးပြီး
ဆားခဲကြီးဖြစ်လို့
ဒါတောင်
ပင်လယ်ကိုငံ့လင့်နေတုန်း ။ ။
-
-
''ယာယီနှင်းများ ''
ခင်လွန်း
(ခေတ်ပြိုင်) ဖေဖော်ဝါရီ ၆၊ ၂၀၀၇
နှင်းတွေ...၊
လာရာကိုကျောခိုင်းလို့
တံတိုင်းခြားခံလိုက်ရတဲ့တောင်တန်းတွေအောက်
ညှို့ကွင်းမိသားကောင်တွေ ထောင်ချောက်မိနေတာမဟုတ်ဘူး
ဒါ
စစ်ပန်းသွားတဲ့ ခေါပဏီတပ်ကြီး နားနေတာလည်းမဟုတ်ဘူး
အိပ်မက်ကိုယ်စီပျိုးလို့
အရိုးကို ဆံထိုးလုပ်လိုသူတွေနဲ့
ကမ်းလွန်ရွှေမုဆိုးတို့ရဲ့ စခန်းထောက်ရာလို့ဆိုဆို
ကိုလံဘတ်အလိုအရပြောရင်
သူတို့အာငွေ့နဲ့ ရွက်လွှင့်ထွက်ခွာရာဆိပ်ကမ်း။
သေချာတာက
အမေတခြား သားတခြား
အိပ်ရာတခြား အိမ်တခြား
ချစ်သူတခြား ပါးတခြား
အဓိပ္ပာယ်ထွေထွေပြားပြားမှာ
နတ်နေကိုင်းတွေ အများသားရှိရာကလာတဲ့
တတိယကမ္ဘာသားတွေပါ။
ဒီလိုဆောင်းဆိုရင်
ဒုက္ခကိုရှေ့တင်ကစားထားရတဲ့ပွဲမှာ
အသားငတ်တာကလွဲလို့
စကားငတ်တာကလွဲလို့
(စာငတ် ကဗျာငတ်တာကလွဲလို့)
အသားပတ်တဲ့ဆောင်းဟာ
ချောင်းတဟွတ်ဟွတ်ဆိုးပြီဆိုရင်
ထုံးဓာတ်များတဲ့ရေကို
ထင်းမီးဖိုမှာ နာနာကြိုပြီ။
ဒီလိုဆောင်းဆိုရင်
နှင်းဝေဝေကြား
အပေါစားဗွီဒီယိုကားရဲ့ ဖြစ်ကတတ်ဆန်း ဆက်တင်ထဲကလို
ပုဆိုးခြုံဆေးလိပ်တဖွားဖွားနဲ့ ထင်းကောက်သူကောက်
ဘေထုတ်ထည်တဖားဖားနဲ့ လမ်းလျှောက်သူလျှောက်
အချို့တောပန်းတွေ ကောက်သူကောက်လို့
တချို့ထင်းမီးပုံတဖွားဖွားမှာ သိုက်စာဖတ်ရာ နားထောင်သူထောင်လို့။
သည်လိုတောခန်းတောင်ခန်း
တထောက်စခန်းပဲဆိုဆို
စင်တင်ကဇာတ်ထဲမှာ ပြဇာတ်မင်းသားဆန်နေသူတွေဟာ
အချီအချ ဒိုင်ယာလော့ခန်းဆိုရင်
ကိုယ့်လူများလည်း ခေသူမဟုတ်ကြ။
… … …
… … …
… … …
အင်း သူ့အကြောင်းပြောရင်
ကိုယ့်အကြောင်းလည်း ပြောပြန်ကြလိမ့်မယ်
ထားတော့
တငွေ့ငွေ့လောင်သွားတဲ့ရက်တွေလို
နောက်ဆုံးအံသွားနဲ့ ခဲထားတဲ့ပေါ့လိပ်တိုကို စက္ကူပတ်ခွာလိုက်ချိန်
သုခိတာတဲ့
(ဒုတိယဘာသာစကားအောက် ဒို့တွေ ခိုနေကြရပုံများ)
သုခိတာ ဟောန္တု ဒုက္ခာ မုစ္ဆန္တု
ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေသတည်း။
***မှတ်ချက်
ကဗျာများအားလုံးမှာ ထိုခုနှစ်များက ပုံနှိပ်+ အွန်လိုင်းမီဒီယာတခုဖြစ်သည့် ခေတ်ပြိုင် (ထိုင်းနိုင်ငံ) တွင် ဖော်ပြခံခဲ့ရသော ကဗျာများဖြစ်သည်။

Comments
Post a Comment