သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း၏ " ငြိမ်းချမ်းရေးအတွက်ကာရန်"


ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၆ )
ငြိမ်းချမ်းရေးအတွက်ကာရန်
ကိုနိုင်း

ကမ္ဘာပေါ်ကတိုင်းပြည်အတော်များများဟာ ငြိမ်းချမ်းရေးပွဲတော်တွေ ကျင်းပ၊ ငြိမ်းချမ်းရေးတေးသံတွေသီဆိုနေကြ၊ ငြိမ်းချမ်းရေး ကဗျာတွေရွတ်ဆိုနေနိုင်ခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပြောမယ်ဆိုရင် ပြည်သူအချင်းချင်း အယူဝါဒတွေကွဲပြားပြီး လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့တဲ့စစ်ပွဲတွေဆိုတာကလည်း မရှိ သလောက် နည်းပါးသွားခဲ့ပါပြီ။ နောက်တတိုင်းပြည်ကတတိုင်းပြည် ကို ကျူးကျော်သိမ်းပိုက်တဲ့ စစ်ပွဲတွေ လည်း မရှိတော့ပါဘူး။ အချိန်တွေ၊ ငွေတွေကိုအကုန်ခံပြီး လက်နက်စွဲကိုင်ကာ လူလူချင်း သတ်ဖြတ်နေကြတဲ့ခေတ်ဟာအတွေးအခေါ်ဟောင်းနွမ်းနေတဲ့ တိုင်းပြည်နည်းနည်းမှာပဲကျန်ခဲ့တာပါ။ 

အဲဒီတိုင်းပြည်နည်းနည်းမှာကျွန်တော်တို့တိုင်းပြည်ဟာ အင်မတန် ၀မ်းနည်းကြေကွဲကောင်းလောက်အောင်  ကျန်နေပါတယ်။ နှစ်ပေါင်းခုနှစ်ဆယ်နီးပါးမျှအသံတိုးတိုးတမျိုး၊ ကျယ် ကျယ်လောင်လောင် ထအော်နေတဲ့ အသံက ငြိမ်းချမ်းရေးကိုငတ်မွတ်စွာတောင်းနေကြတဲ့အသံတွေပါ။ ဒီအထဲမှာ ကဗျာတွေကလည်း ငြိမ်းချမ်းရေးကို တောင်းဆိုတဲ့ ကာရန်တွေအမြဲကြားနေကြရမှာပါ။ မိုးမခမဂ္ဂဇင်းထဲက ကဗျာဆရာ နီဇူလိုင်ကလည်း ငြိမ်းချမ်းရေး ဆိုပြီးကာရန်ပေးလိုက်ပါတယ်။

ရေပါတာပဲလိုချင်ခဲ့တဲ့နေ့တွေမှာ
ရေဘူးပေါက်ကြီးတွေနဲ့ပဲ
ခပ် ခပ်နေခဲ့ကြရတော့
သူ့ခဗျာ
ခေတ်နဲ့ချီ ခမ်းခြောက်ခဲ့။

အခုအထိ
အိတ်ပေါက်ကြီးထဲပဲ
ကောက် ကောက်ထည့်ခံနေရတော့
ထွက်ထွက်ကျ
ဒလိမ့်ခေါက်ကွေး။
သူ့ခဗျာ
ခေတ်နဲ့ချီ အဖတ်ဆယ်မရသေး။

နီဇူလိုင်က ရိုးရိုးလေးရေးထားတာပါ။ ကျနော်တို့ပြောနေကြစကားအတိုင်းပါပဲ။ ပလိုင်းပေါက်နဲ့ဖားကောက် ထွက်နေခဲ့တယ်ဆိုပြီး။ ကျနော်ထပ်ဆင့်ပြီးပြောချင်တာက အဲဒီပလိုင်းပေါက်ထဲကထွက်ကျသွားခဲ့တာတွေ က ကျနော်တို့ရဲ့ကံကြမ္မာတွေပါ။ ကျေန်ာတို့ရဲ့အနာဂတ်တွေပါ။ နောက်ဆုံးပြောရရင် ကျနော်တို့ရဲ့ တိုင်း ပြည်တပြည်လုံး ထွက်ကျသွားခဲ့တာပါ။ ထွက်ကျသွားတဲ့တိုင်းပြည်ကလည်း အသက် ထွက်လုလု၊ သွေးစိမ်း ရှင်ရှင်ကျနေခဲ့ရပါတယ်။ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်းကလည်း သေတဲ့အထိ တောင်းဆိုပြီး သူတောင်းခဲ့တဲ့ငြိမ်းချမ်းရေးကိုမြင် မသွားခဲ့ရရှာပါဘူး။ ဒါကို ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းထဲမှာ မောင်သန်းစိုး(ချောက်)က ငြိမ်းချမ်းရေးကို အဘိုးရဲ့ မျိုးဆက်တခုလုံး ခုထိဆာတယ်ဆိုပြီး ရေးဖွဲ့ပြသွားပါ တယ်။

ဒေါင်းတကောင် ပျားရည်တအိုးနဲ့
အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့ပုံကိုကြည့်
နှလုံးမချည့်အောင် ခံစားရတဲ့ဝေဒနာ
‘ငါ မသေခင်
တပြည်လုံး ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်’ တဲ့
ရင်နင့်ဖွယ်
သမိုင်းထဲက ကျွံကျလာတဲ့စကား
ဘယ်တရားနဲ့ ဖြေလို့မှမရဘူး နာတယ်။

လွမ်းရတဲ့စိတ်တွေက အနာဘက်ကိုရောက်ခဲ့ပါပြီ။ ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်းတင် ဆုံးရှုံး ခဲ့တာမဟုတ်ပါဘူး။ မြန်မာပြည်ငြိမ်းချမ်းစေချင်တဲ့ အတောက်ပဆုံးကြယ်တွေကြွေသွားခဲ့ရတာလည်း နာတယ်။

လူးလွန့်တွယ်တက်လာတဲ့ စိတ်
အိပ်လို့မရတဲ့ညဟာ သံသရာလိုပဲ
အုံခဲနေတဲ့အတိတ်ကို တူးဆွ
ငြိမ်းချမ်းရေးအရသာကို ဆာလောင်ကြရင်း
ဗေဒါလမ်းကြယ်ကြီးလည်း ကြွေသွားပေါ့
ပျဉ်းမငုတ်တိုကြယ်ကြီးလည်း ကြွေသွားပေါ့
နရသိန်ကြယ်ကြီးလည်း ကြွေသွားပေါ့
မီးပင်လယ်ကြယ်ကြီးလည်း ကြွေသွားပေါ့
သမိုင်းပါမောက္ခကြယ်ကြီးလည်း ကြွေသွားပေါ့
လူထုကြယ်ကြီးလည်း ကြွေသွားပေါ့
အောက်စီဂျင်ပိုက်တန်းလန်းနဲ့ကြယ်ကြီးလည်း ကြွေသွားပေါ့
ပန်းနုရောင်ကြယ်ကြီးလည်း ကြွေသွားပေါ့
ဟံသာဝတီကြယ်ကြီးလည်း ကြွေသွားပေါ့
တဖိတ်ဖိတ်တ၀င်းဝင်း
ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တရင်း
အစင်းစင်း ကြွေသွားကြတဲ့ကြယ်ကြီးတွေ
တဖျောက်ဖျောက် ကြွေခဲ့ကြပေါ့
ငါ မော့ကြည့်မိတဲ့ ကောင်းကင်
မီးစင်
ကြည့်ပြနေတဲ့ငြိမ်းချမ်းရေးရှိုး
အဘိုးရဲ့ မျိုးဆက်တခုလုံးကိုလည်းဆာတယ်။

မြန်မာပြည်ရဲ့ကောင်းကင်ပေါ်ကကြွေကျသွားခဲ့ကြတဲ့ကြယ်တွေအကြောင်းပြန်တွေးမိရင် အင်မတန်မှ နှမျောစရာကောင်းပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ကြယ်ကြီးက မြန်မာမြေပြင်ပေါ်ကိုကြွေကျမလာပဲ မြန်မာ ကောင်းကင်ပေါ်က အတောက်ပဆုံးကြယ်တွေကသာ ကမ္ဘာမြေအပြင်ဖက်ကို ကြွေကျ ဆုံးရှုံးသွားခဲ့ပေါင်း များပါပြီ၊ နှမျောစရာကောင်းပါတယ်။

နှမျောတာထက် ကြာလာတော့ မြန်မာပြည်ရဲ့ကံကြမ္မာကို နာချင်လှပြီ။ နှလုံးသားထဲကို စူးဆူးနေသလို နာပါတယ်။ ငြိမ်းချမ်းရေးအိပ်မက် မမက်ချင်လောက်အောင် နာကျင် ကြေကွဲရပါတယ်။ ပြောမယ်ဆို ငြိမ်းချမ်းရေးအိပ်မက်ကို ဘယ်သူမှမ၀ယ်ချင်ကြအောင် ဖြစ်ခဲ့ရပါပြီ။ ဒီအကြောင်း ကဗျာဆရာ သင်းရည်လွင်က သစ်ခက်သံလွင်အွန်လိုင်းမှာ ငြိမ်းချမ်းရေး အိပ်မက် မ၀ယ်ကြ ဘူးလို့ ရေးလိုက်ပါတယ်။

စစ်နဲ့ငြိမ်းချမ်းရေးတဲ့
ဘယ်တော့မက်မယ်မသိတဲ့ အိပ်မက်
နွေမှာ ပျိုးမိတဲ့သစ်ပင်
အရိပ်ကိုစောင့်တဲ့ ကွင်းပြင်တဲ။

ငြိမ်းချမ်းရေးဆိုတာကလည်း အရိပ်မရှိတဲ့ကွင်းပြင်ထဲမှာအရိပ်ရအောင် နွေမှာပျိုးမိတဲ့သစ်ပင်လိုပါပဲ။သစ်ပင်ဖြစ်မယ်ကြံကာရှိသေး၊အပူနွေအညှိုးနဲ့ နွမ်းကြေသွားရတာပါပဲ။ ငြိမ်းချမ်းရေးအိပ်မက် မက်မယ် ကြံတုန်း၊ အိပ်မက်က မိုင်းခွဲခံလိုက်ရပြီး၊ တစစီကြေမွလွင့်စင်သွားခဲ့ရတယ်။ဒါ ဘာကြောင့်ဖြစ်လဲ။ ကဗျာကိုဆက်ဖတ်ကြည့်တော့။

ကိုယ်ချင်းစာတရားဟာ
သည်ခေတ်ထဲ အသုံးမ၀င်ဘူးလား
ကမ္ဘာမီးလောင်နေတာမဟုတ်ပဲ
သားကောင်လိုချနင်းခံရတာ
ဘယ်လောက်ကြေကွဲရတယ်ဆိုတာ
ဘာလို့ ဟန်ဆောင်လေးတောင်
မပြောဖြစ်တာလည်း စဉ်းစားမရဘူး။

စဉ်းစားမရတာကိုမစဉ်းစားပါနဲ့တော့လို့ပြောချင်ပါတယ်။ ဒါပေမဲ့ ဟန်ဆောင်နေလို့မရတဲ့ခေတ်ကြီးမှာ ဟန်ဆောင်ပြီး တဖက်လှည့်မနေတတ်သူတွေကတော့ ပြောနေရမှာပါပဲ။ မြို့တော်ကြီး မီးဟုန်းဟုန်း တောက်လောင်နေတာကို တယောထိုးနေရဲ့နီရိုးဘုရင်လိုတော့ မဖြစ်ချင်ဘူး။ တိုင်းပြည်ပျက်နေတဲ့ အချိန် မှာ အနုပညာခံစားနေရတာထက် ပျက်နေတဲ့တိုင်းပြည်ကြီးကို အနုပညာစွမ်းအားနဲ့ကူညီတည်ဆောင်နိုင်ဖို့ပဲ စဉ်းစားကြစေချင်တယ်။ တိုင်းပြည်ပျက်နေတာအားလုံးသိခဲ့ကြပါတယ်။ အပျက်ကြီးကိုဘေးက ထိုင်ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေလို့လည်းမရဘူး။ ခက်တော့ခပ်ခက်ခက်ပဲဆိုတာ၊ လရောင်လမ်းချိုး မဂ္ဂဇင်းထဲက နိုင်ထက်နိုင်ရဲ့ ခြေတုတဖက်ရဲ့ ခပ်ခက်ခက် ကဗျာကိုဖတ်လိုက်မိတယ်။

ခုမှ ငြိမ်းချမ်းသွားသယောင်
ခြေတုတဖက်နဲ့ စစ်သားအိုကြီးလည်း
အေးအေးလူလူ ငေးလို့
စစ်သားပျိုလေးတွေကြည့်ပြီး လေးလံဆွေးရီလို့
ကဗျာဆရာတယောက်လုံးဆိုင်ထဲမှာ ရှိနေလျက်နဲ့
ပူလောင်တဲ့ စိုးရိမ်သောကမျက်နှာဟာ
ကျောက်ဖြစ်ရုပ်ကြွင်းတခုလို
ဘယ်တော့မှ မပျောက်ပျက်တော့မယ့်
နံရံရေးထွင်းပန်းချီလို
အလိုမကျမှုကို ကျကျနနတပ်ဆင်လို့။

ခက်တော့လည်းခက်တာပါပဲ။ ဘယ်တော့မှမပျောက်ပျက်တော့မယ့် စိုးရိမ်ပန်းချီကားတွေက လူတွေရဲ့ စိတ်ကိုလွှမ်းမိုးထားသလို၊ အကြောက်တရားကပဲအကြောက်စိတ်ကိုပြန်ခြောက်နေပြီလား။ အကြောက် တရားနဲ့ ရှင်သန်ရုန်းကန်ခဲ့ရတဲ့ခေတ်ကြီးထဲကမထွက်နိုင်အောင် ကျိန်စာမိနေကြပြီလား...

ခက်တာက
အမှောင်ထဲမှာ
တောက်ပလင်းထိန်နေတဲ့မြို့ကြီးပြကြီးကနေ
အမှောင်ထဲက ဘ၀တွေကို
အထပ်ထပ်အမှောင်ချနေပါတယ်ဆိုတာမျိုး၊

ခက်တာက
အရှက်မရှိ သိက္ခာမရှိ
တွန်တွန်ပြတတ်တဲ့
ထစ်အအ အသံကို
ဒေါင်းတွန်သံလိုထင်နေတယ်ဆိုတာမျိုး
အမျိုးမျိုးအထွေထွေ
မရိုးနိုင် မကုန်နိုင် ထိုးဇာတ်တွေနဲ့
ရိုးမယ်ဖွဲ့လို့ မဆုံးနိုင်မရောင်ရာဆီလူးတွေနဲ့
စကတည်းက နဲ့ပြီးသားကိုထပ်ထပ်နှဲ့နေရတာနဲ့
ကိုယ်ကျိုးတွေလည်း တနင့်တနဲ့နဲ့ နဲ့လို့
ဝမ်းနည်းပူဆွေးခြင်းတွေလည်း
တလိမ့်လိမ့် တလဲ့လဲ့ လဲ့လို့
ငါတို့ရဲ့၊ ခြေတဖက်ပြတ်မြေပုံမှာ
စနေမိုးဟာ
ခေတ်အဆက်ဆက် မိနေသော
ရင်နင့်ဖွယ်ရာ ကျိန်စာ။

နောက်ဆုံးတော့၊ ကျနော်တို့နိုင်ငံတော်ဟာ ငြိမ်းချမ်းရေးလို့အော်လိုက်တာနဲ့။ အော်နေတဲ့အသံကိုမှိုင်းခွဲခံလိုက်ရသလို။ ငြိမ်းချမ်းရေးအိပ်မက်ကိုကယောင်ကတမ်းထမက်မိလိုက်တာနဲ့ မက်မိတဲ့အိပ်မက်ဟာ ကျည်ဆန်မှန်သွားခဲ့သလို။ ငြိမ်းချမ်းရေးအတွက်ဖွဲ့လိုက်မိတဲ့ကာရန်ကလည်း ကျိန်စာမိနေပြီထင်ပါရဲ့။
သည်လိုသာ ငြိမ်းချမ်းရေးဟာကျိန်စာမိနေဦးမယ်ဆိုရင် ရှေးရှေးတုန်းကလို ယတြာခြေရတော့မယ်ထင်ပါရဲ့။ ယတြာချေလို့မှမရရင်တော့ ဇာတ်ကြမ်းတိုက်ရမယ့်ခေတ်ကိုမရောက်ပါစေနဲ့လို့တွေးနေမိတယ်။ ဒီလိုနဲ့လျှောက်တွေးနေမိပါတယ်။ စစ်ပွဲတွေ၊ ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံရဲ့ ကံကြမ္မာ၊ ကျနော်တို့ပြည်သူတွေ မိနေတဲ့ကျိန်စာ …..  ….  …။
ဒါတွေအားလုံးဖြစ်ပျက်နေတာ ငါတို့နေထိုင်တဲ့မြန်မာနိုင်ငံတော်ကြီးမှာ။ ငါတို့ပိုင်တဲ့မြေပေါ်မှာ။ နောက်ဆုံး သစ်ခက်သံလွင်ဝက်ဆိုဒ်ထဲက ပိုင်စိုးဦးရဲ့တို့မြေပေါ်မှာ ကဗျာနဲ့အဆုံးသတ်လိုက်မိပါတယ်။

သူများမီးခိုးထွက်တိုင်း
ငါအူတယ်
အလှတရားရဲ့နားထင်ကိုတေ့ထားတဲ့သေနတ်တလက်
ဆိုတော့ကာ
ခင်ဗျားတို့အတွက် ကျွဲပါးစောင်းတီးဖြစ်မယ်။

စာအုပ်ထဲကဥပဒေဟာ
စာအုပ်ထဲမှာသေနေ
လမ်းပေါ်က မတရားမှုတွေ
လေတိုက်ရင်လွင့်နေတဲ့အမှိုက်လား
မတရားသောစစ်လည်း မလိုချင်ဘူး
တရားသောစစ်လည်း မလိုချင်ဘူး
ဒီမိုကရေစီတံဆိပ်ကပ်ရုံနဲ့တော့
လူ့အခွင့်အရေးက ဟိုအဝေးကြီးမှာ
ကျုပ်တို့ဟာ ဒုက္ခကိုကျောပိုးထားရတာကြာပြီ။

ဒီမြေမှာနေ
ဒီဆန်ကိုစား
ဒီရေကိုသောက်
ဟေ့ ဧရာဝတီ
နည်းနည်းမှ မတွန့်ဆုတ်လိုက်လေနဲ့
ယမ်းခိုးတွေလွှမ်းသွားအောင်
အလှဆုံးလှိုင်းခတ်သံနဲ့စီးဆင်းလိုက်။

မြန်မာပြည်ရဲ့ကောင်းကင်ပေါ်မှာထူထပ်မှိုင်းညို့နေတဲ့ယမ်းခိုးယမ်းငွေ့တွေအဝေးဆီလွင့်ပြီး ပျောက်ကွယ် သွားပါစေလို့ ဆုတောင်းနေမိတော့တယ်။


ကိုနိုင်း
ထုံကူးခဲ့သောကဗျာများ

၁။ နီဇူလိုင်(ငြိမ်းချမ်းရေး)၊ မိုးမခမဂ္ဂဇင်း(မတ်လ)
၂။ မောင်သန်းစိုး(ချောက်)၊(ငြိမ်းချမ်းရေးကို အဘရဲ့မျိုးဆက်တခုလုံး ခုထိဆာတယ်)၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း(မတ်လ)
၃။ သင်းရည်လွင်(ငြိမ်းချမ်းရေးအိပ်မက်မ၀ယ်ကြဘူး)၊သစ်ခက်သံလွင်ဝက်ဆိုဒ်(မတ်လ)
၎။ နိုင်ထက်နိုင်( ခြေတုတစ်ဖက်ရဲ့ ခပ်ခက်ခက်ကဗျာ)၊ လရောင်လမ်းချိုးမဂ္ဂဇင်း
၅။ ပိုင်စိုးဦး(တို့မြေပေါ်မှာ)၊သစ်ခက်သံလွင်ဝက်ဆိုဒ်(မတ်လ)

-စာရေးသူ၏ ခွင့်ပြုချက်အရ ဖော်ပြသည်။
သစ်ခက်သံလွင်
 

Comments