တိမ်ဖွဲ့တေး
ငြိမ်းပြေ
(သစ်ခက်သံလွင်) မေ ၂၀၊ ၂၀၂၂၅
"ကောင်းကင်ကြီးသည် မယုံနိုင်လောက်အောင် လှပလွန်းကြောင်း သံတိုင်တွေနဲ့ နံရံတွေကြား မရောက်ခဲ့စဥ်က ကျနော်မသိရိုးအမှန်ပါ
........................................................................"
ဘာမှာလိုက်သေးလဲအမ လို့ မေးတော့ မင့်အကိုက ပြန်လာချင်ပတဲ့လို့ ပြောရင်း ရရာစာရွက်နဲ့ ရေးထားတဲ့ စာအတိုအစလေး ပို့ပေးလာတယ် ၊ ဝါကျင်ကျင်စာရွက်အတိုအစလေးမှာ လက်ရေးက ညီညာသပ်ရပ်လို့ နေပေမယ့် ဖတ်ရတာမွန်းကြပ်လိုက်တာ ၊ အလှတရားကိုသိမြင်နိုင်ဖို့ နေရာတခုလိုအပ်ခဲ့တယ်ဆိုရင်တောင် ခုလိုနေရာမျိုးက ရှိနေသင့်တဲ့နေရာမျိုးမှ မဟုတ်တာပဲ ၊ ထို့အတူ အဲဒီလောက် နုံဖျင်းသူတယောက်မဟုတ်တာကိုသိထားပြန်လေတော့ စိတ်ထဲမှာ ကျဥ်ခနဲ ။ ပစ်ပေါက်စရာ စကားလုံးတွေပဲရှိနေတဲ့အချိန်တွေမှာ ကြား ခံစက္ကူစုတ်လေးတစဟာ ခင်ဗျားရဲ့ဒဏ်ခံကြိုးပဲ ဖြစ်မယ်ထင်ပါရဲ့။ ပြန်ပြောရမှာ အားနာပေမယ့် ထူးပြီး မလှတော့တဲ့ အပြင်ကကောင်းကင်ကြီးဟာ အမျိုးအမည်စုံလင်လှတဲ့မီးခိုးတွေနဲ့ ပိုလို့တောင်မှ အကျည်းတန် အရုပ်ဆိုးနေတာ ကြာပြီလို့ပြောရင် အပူဖွပေးသလိုများ ဖြစ်လေရော့မလားပဲ ။
"အချိန်သည် ဖန်ခွက်တခွက်လို လဲပြိုကျတတ်ကြောင်းနှင့် အလှတရားသည် ဒုက္ခကြားထဲမှာ ပိုမိုတောက်ပတတ်ကြောင်း ကောင်းကင်ကြီးကို အော်ပြောခဲ့သည့် ထိုနေ့များတွင် အသံကားမထွက် ..\
......................................................................................................................."
အချိန်တင်မက အရာရာဟာ ဖန်ခွက်တခွက်လိုလဲပြိုနေတာမျိုးမဟုတ်ပဲ ရေစီးကြမ်းကြမ်းက ကမ်းပါးတခုကိုအလိုမတူပဲ တွန်းဖဲ့ဝါးမြိုတိုက်စားသွားသလို မြန်မြန်ဆန်ဆန်ကြီးကို ပြိုလဲပေးနေကြရတာ၊ အသက်တွေ အိုးအိမ်တွေနဲ့အတူ အနာဂတ်ရဲ့ အညွန့်လေးတွေပါမကျန် လူမဆန်သူတစုရဲ့ ရက်စက်ယုတ်မာမှုအောက်မှာ ပြိုလဲပျက်စီးသွားကြရတာ မြင်ရက်စရာမရှိပါဘူး။ လူ့အဖြစ်ကိုက ဒုက္ခသစ္စာဆိုက်ပြီးသားမှာ အဓမ္မလိုအင်က ထပ်ပေါင်းလိုက်တဲ့အခါ ဘဝတွေဟာ လုံးချေပြီး တစစီဆုတ်ဖြဲထားတဲ့စက္ကူရွက်တွေလိုမျိုး အရာရာရဲ့အရှိတရားဟာ တွန့်ကြေပြတ်တောက် အလဲလဲအပြိုပြိုပေါ့၊ အဲလိုနေ့ရက်တွေနဲ့ မကြာမကြာကြုံတွေ့ရတာ များလာတဲ့အခါ ကျနော်တို့တွေလဲ အသံတွေ အ.....လို့၊ လောကဓမ္မဆိုတာကို အယုံအကြည်နည်းသထက် နည်းလာခဲ့တဲ့ ဒိဌိဆန်လာခဲ့တဲ့နေ့ရက်တွေပေါ့၊ ဘုရားသခင်ဆိုတာ ဖန်ဆင်းတတ်ရုံသာ တတ်ခဲ့ပြီး အသိဉာဏ်ထည့်ပေးဖို့ မေ့လျော့သွားတဲ့သူများလား လို့ တွေးတောမိခဲ့တဲ့ နေ့တွေရက်တွေ ။
"အပြင်က နွေဦးရာသီရနံသည် လူကို မူးယစ်ထုံကျဥ်စေတတ်သည်လား မပြောတတ်တဲ့ .............. .............................................................................."
ခင်ဗျားနေနေရတဲ့နေရာ ခေါင်းရင်းဘက်နားဆီမှာ ဆိပ်ဖလူးပင်တွေရှိနေမလားတွေးမိရင်းက ပန်းနံ့လေးတွေ အလိုလိုမွှေးလာမိတယ် ။ ခါး.....တူး.....နေတဲ့အရသာမျိုးနဲ့အသားကျနေရတဲ့ဘဝတွေမှာ ပန်းရနံ့တွေလောက် စိတ်ဖြေသိမ်ဖို့လွယ်ကူတာရှိပါဦးမလားဗျာ၊ နွေဟာ မီးလိုပူတယ်ဆိုတဲ့စကားက အပြင်မှာတကယ့်အရှိတရား ဖြစ်လာခဲ့တာ၊ ရာသီဥတုနဲ့တင် လုံလုံလောက်လောက်ရှိနေရာမှာ မနာလို လောဘစိတ်ကို ထပ်ပိုးပေးလိုက်မိတဲ့အခါ အိမ်တွေဟာ ပြာအတိပြီးသွားတော့တာပါပဲ၊ သားကိုမမိလိုက်လို့ အဖေကိုအငြိုးထားတဲ့ခေတ်ဆိုးကြီးကို တွေးကြည့်ရင် သဘောပေါက်လောက်မှာပါ၊ ရာသီက ပူသလို ပန်းတွေကလဲ ပူပူလောင်လောင်နဲ့ တိတ်တဆိတ်ပွင့်ခဲ့ကြတာ နွေကိုလွန် မိုးကိုကျော်လို့ ဆောင်းဦးတောင် ခုဆိုပေါက်မှန်းမသိပေါက်ခဲ့ပြန်ပြီ၊ နွေဟာ နွေပီပီသသ ပူသလို မိုးကျပြန်တော့ မုတ်သုံအားကောင်းခဲ့တဲ့နှစ်လို့ ပြောရင်ရမလားပဲ၊ မိုးတွေ တအားရွာတတ်တဲ့အချိန်တွေမှာ မိုးရွာရင် စခန်းတွေမှာ ဒုက္ခကြီးကြရှာမှာ လို့ ခင်ဗျားပြောဘူးတာကို အမှတ်ရမိပြန်လေတော့ မိုးရွာမှ ဒုက္ခကြီးရတဲ့ခေတ်က ဟိုးအဝေးကြီးမှာ ကျန်နေရစ်ခဲ့ပြီလို့ ဘယ်လိုများ ပြောထွက်ရက်ပါ့မလဲ၊ နေရာ အတော်များများမှာ မိုးခေါင်လို့ ရေခမ်းနေတဲ့အချိန် ကံဆိုးမတွေရှိတဲ့အရပ်တွေဆီမှာ / တောထဲက ကလေးတွေဆီမှာ မိုးက လိုတာထက်ပိုသည်းခဲ့တဲ့နှစ်ပေါ့၊ မိုးတွင်းကြီးမှာ လောင်လိုက်တဲ့မီးဆိုတာကလဲ ပြန်ပြောပြချင်စရာမကောင်းတဲ့သတင်းမျိုးမဟုတ်ခဲ့တာ သေချာတာပေါ့၊ မီးလောင်လို့ ထွက်လာတဲ့အညှော်နံ့တွေ ၊ သေနတ်မှန် ဗုံးစမှန်လို့ ထွက်လာတဲ့သွေးညှီနံ့တွေခင်ဗျားတို့ဆီကို မရောက်စေချင်လို့ ဆိပ်ဖလူးပင်လေးတွေ ခင်ဗျားတို့ ခေါင်းရင်းမှာ ရှိနေစေချင်မိတာလို့ ဆိုရင် ခင်ဗျားကျေနပ်လောက်မှာပါ ။
အမိမဲ့သားလို ကယ်ပါယူပါ တစာစာ အော်ဟစ် အကူညီတောင်းပေမယ့် အားကြီးသူ အကုန်ရတတ်တဲ့ ချစ်စရာမကောင်းတဲ့ ကမ္ဘာကြီးဖြစ်နေတာကို ထိတ်လန့်တကြား မြင်တွေ့ရတယ် ၊ အမြတ်အစွန်း တခုတလေမှ မပါရင် မဆိုင်သလို နေတတ်ကြတဲ့ ယဉ်ကျေးသိမ်မွေ့သူလို့ ခေါ်ခဲ့မိတဲ့ လူကြီးလူကောင်းဆိုတဲ့သူတွေကိုရောပေါ့ ၊ တကယ်တော့ ကမ္ဘာကြီးက ရုပ်ဝတ္ထုတွေ တိုးပွားလာပေမယ့် စိတ်အနေမှာ ကမ္ဘာဦးကအချိန်တွေနဲ့ သိပ်မကွာခြားတာကို မြင်လိုက်ရတော့ ရခဲ့လိုက်တဲ့ သွေးပျက်ထိတ်လန့်မှုဟာ အကြီးကြီးပေါ့ ၊ ငွေ့ရည်ဖွဲ့နိုင်ရုံနဲ့လဲ မရတော့ တိမ်တိုက်တခုလိုလဲ အုံ့ဆိုင်းနေရုံနဲ့ မပြီးနိုင်တော့တဲ့အခြေနေမှာ မဖြစ်မနေကို ရရရရွာချပစ်နိုင်မှ ဖြစ်မှာဆိုတာကို ကလေးတွေက ကျကျနန သဘောပေါက် နားလည်ထားပါတယ် ၊ အပူတွေလဲ များခဲ့သလို အပျောက်အရှကလည်း မနည်းခဲ့ဘူးမဟုတ်လား ။
ခင်ဗျားဆီက ရလာတဲ့ စာတိုလေးကနေ ခင်ဗျားကို ပြန်ပြောချင်မိတဲ့စကားတွေကို ချ ရေးလိုက်မိပေမယ့် ဖတ်လို့ကောင်းမယ့် အရာတွေ တခုမှမပါတာကိုလဲ စိတ်မကောင်းဖြစ်ရပါတယ် ။ တဆင့်ဆက်သွယ် ပေးပို့မယ့်အမကိုလဲ ကျန်းမာအောင်နေငါ့အမလို့ ဖုံးချခါနီး စကားပိတ်အဖြစ်နဲ့ ပြောဖြစ်တော့ "နေတယ် ငါမာမှ အကုန်အဆင်ပြေမှာ" လို့ ပြန်ပြောတဲ့စကားကြောင့် စိတ်က ဘယ်ဆီရယ်မသိ အဆုံးအစမဲ့ လွင့်မြောခဲ့ရပြန်တာပါပဲဗျာ ၊ ခင်ဗျားရော ကျနော်ပါ သိခဲ့တဲ့ မာရည်ကျောရည် မရှိခဲ့တဲ့အမဟာ ဘဝက ပေးလာတဲ့ သင်ခန်းစာတွေကို ကောင်းမွန်ကျေညက်စွာ တတ်မြောက်သင်ယူသွားခဲ့ပြီလို့လဲ တဘက်ကစိတ်အေးရတာပေါ့ ၊ ကျန်တာက အဝေးကနေ ပေးပို့လာတဲ့ စာအုပ်လေးတွေရယ် ခင်ဗျားကို ချစ်ကြခင်ကြတဲ့ သူတွေဆီက သူတို့တတ်စွမ်းသမျှ မေတ္တာစာလေးတွေရယ်ကို စုဆောင်းထုတ်ပိုးပြီးတော့ ခင်ဗျားတို့ဆီ ပို့လိုက်တဲ့အကြောင်းလောက်ပါပဲ ၊ ဒဏ်ခံကြိုးတွေလဲ ခိုင်သထက်ခိုင်ပါစေ ၊ မြုံနေတဲ့မီးတွေလဲ ပန်းလိုပွင့်ကြပါစေလို့ ဆုတောင်းရင်းက ခင်ဗျားရေးတဲ့ ကဗျာလေးနဲ့ စာသိမ်းလိုက်ပါတယ် ၊ စာပိုဒ်ရဲ့ ခေါင်းစဉ်ကိုလဲ ခင်ဗျားကဗျာ နာမည်လေး တပ်လိုက်ပါတယ် ၊ ခွင့်ပြုပါလို့ ပြောရင်းက ကျန်းမာကြပါစေဗျာလို့ ဆုတောင်းပေးလိုက်ပါတယ် ၊ ပြန်ဆုံကြတာပေါ့ ။
အပူက များလိုက်တာ
အပျောက်အရှထဲကမထွက်တဲ့ တရား
ခြေရာနောက် မလိုက်နိုင်မှတော့
ငါတို့ ရွာချလိုက်ရုံပေါ့။
DDT
၂၂ မတ် ၂၀၂၁
သင်၏ချစ်လှစွာသော
ငြိမ်းပြေ
မြုံနေတဲ့မီးတွေ
ReplyDeleteပန်းလိုပွင့်ကြပါစေ🔖