မှိုင်းခေတ်အောင် (ရေကျော်) - ဝိညာဉ်တော်များထံ အပ်နှံခြင်း


 
Art- Than Htay Maung 
ဝိညာဉ်တော်များထံ အပ်နှံခြင်း
မှိုင်းခေတ်အောင် (ရေကျော်)

(သစ်ခက်သံလွင်) မတ် ၁၃၊ ၂၀၂၆

သူငယ်ချင်း
‌ဒေါင်းအလံကိုကိုင်ပြီး 
သွေးသောက်လိုက်စမ်းပါ
 ဒေါင်းဝိညာဉ်တွေက
မင်းဘယ်လိုဖြေမလဲသူငယ်ချင်း ....
 
သူငယ်ချင်း
‌ဒေါင်းအလံကိုကိုင်ပြီး 
သွေးသောက်လိုက်စမ်းပါ
တော်လှန်ဝိညာဉ်တွေက
မင်းနှလုံးအိမ်ကိုဝင်စီးလာတဲ့အခါ
မင်းဘယ်လိုဖြေမလဲသူငယ်ချင်း....

သူငယ်ချင်း
‌ဒေါင်းအလံကိုကိုင်ပြီး 
သွေးသောက်လိုက်စမ်းပါ
၇၄ နောင်တော်ကြီးတွေနဲ့
ဆလိုင်းတင်မောင်ဦးတို့ရဲ့ ဝိညာဉ်တွေက
မင်းအိပ်မက်တွေကိုလှုပ်နှိုးလိုက်တဲ့အခါ
မင်းဘယ်လိုဖြေမလဲ သူငယ်ချင်း ....

သူငယ်ချင်း
‌ဒေါင်းအလံကိုကိုင်ပြီး 
သွေးသောက်လိုက်စမ်းပါ
ဟယ်ရီတန်နောင်တော်ကြီးတွေက
မင်းကိုအိပ်ရာက လန့်နိုးထလာအောင်
သူတို့ဝိညာဉ်မျက်ရည်တွေနဲ့
မင်းကိုဝိုင်းကြည့်လာတဲ့အခါ
မင်းဘယ်လိုဖြေမလဲသူငယ်ချင်း ....

သူငယ်ချင်း
‌ဒေါင်းအလံကိုကိုင်ပြီး 
သွေးသောက်လိုက်စမ်းပါ
၇၆ -အလုပ်သမားကြီးတွေက
ယိုင်လဲမတတ်ယိုယွင်းနေတဲ့အိမ်အိုကြီးကိုပြုပြင်ဖို့
သူတို့ဝိညာဉ်တွေ စုဝေးရောက်လာကြတဲ့အခါ
မင်းဘယ်လိုဖြေမလဲသူငယ်ချင်း ….

သူငယ်ချင်း
‌ဒေါင်းအလံကိုကိုင်ပြီး 
သွေးသောက်လိုက်စမ်းပါ
၆၂ သမဂ္ဂအဆောက်အဦ
ဖြိုချခံခဲ့ရတာကိုပြန်တည်ဆောက်ဖို့
သူတို့ဝိညာဉ်တွေ ကိုကိုးကျွန်းကိုလက်ပစ်ကူးပြီး
ပြန်လာကြတဲ့အခါ
မင်းဘယ်လိုဖြေမလဲသူငယ်ချင်း.....

သူငယ်ချင်း
‌ဒေါင်းအလံကိုကိုင်ပြီး 
သွေးသောက်လိုက်စမ်းပါ
ဆူးလေအဝိုင်းကို
မင်းဖြတ်လျှောက်မိတဲ့အခါ 
မြို့တော်ခန်းမရှေ့က
ညီမလေးဝင်းမော်ဦးနဲ့
၈-လေးလုံးကာလ ကျဆုံးခဲ့သူတွေရဲ့ဝိညာဉ်တွေက
လွတ်လပ်ရေးမော်ကွန်းကပ္မည်းထိုးထားတဲ့ မဟာဗန္ဓုလကျောက်တိုင်ကနေ
မင်းကိုပြုံးပြုံးလေး ဝိုင်းနှုတ်ဆက်ကြတဲ့အခါ
မင်းဘယ်လိုဖြေမှာလဲသူငယ်ချင်း ….

ဒို့တွေသမိုင်းကြောင်းလမ်းခရီးကြမ်းတမ်းလှသလို
ဒို့တွေရဲ့အနာဂတ်က
မေးခွန်းတွေများလွန်းလှ
....
ကျဆုံးခဲ့ပြီးလေသော
ဒီမိုကရေစီအရေးတော်ပုံသူရဲကောင်းဝိညာဉ်တို့အတွက်
ဒို့တွေ ခွပ်ဒေါင်းစိတ်ဓာတ်နဲ့
ဒုတိယလွတ်လပ်ရေးအတွက်
သွေးသောက်သစ္စာ ဆိုကြပါစို့လားသူငယ်ချင်း ။ ။ 
-
*** မတ်လ ၁၁ ရက်၊ ၂၀၂၆ နေ့က နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့တွင် ကွယ်လွန်သွားခဲ့သူ ၈- လေးလုံးအရေးတော်ပုံတပ်သားကြီး ကဗျာဆရာ မှိုင်းခေတ်အောင်‌(ရေကျော်)- (ခ) ကိုဆယ်ပြားရေးဖွဲ့ခဲ့သည့် မိုးမခအွန်လိုင်းတွင်ဖော်ပြပြီးခဲ့သည့်ကဗျာကို အမှတ်တရအဖြစ် ပြန်လည်ဖော်ပြအပ်ပါသည်။  
* သစ်ခက်သံလွင် 
 

Comments