Art- KT#
အဆိပ်မိတောအုပ်ထဲက အစိမ်းရောင်ဆဲလ်တွေ
မိုးဉာဏ်(မန္တလေး)
(သစ်ခက်သံလွင်) ဧပြီ ၅၊ ၂၀၂၆
ဆေးရောင်စုံ ပြိုင်ကားတစ်စီးရဲ့
အိတ်ဇောသံကို ပြေးပြေးနမ်းတဲ့
မိန်းမတစ်ယောက်ရဲ့ ရင်အုံပေါ်
ငါ့ဘဝ ခဏတာ ခိုနားခဲ့ဖူး။
မွန့်ချ်ရဲ့ အော်သံလို ကြမ်းတမ်းတဲ့
စကားလုံး မုန်တိုင်းမှာ
အဖြူထည် ရင်ခုန်သံဟာ
ရွံ့အုံခံလိုက်ရတဲ့ နေရောင်။
နာကျင်တေးကို အရိုးကွဲအောင်
သီဆိုတတ်သူ ငါ့အပေါ်
"အက်ဆစ်မိုး"တို့ မရွာတာပဲ
ကမ္ဘာမြေကို ကျေးဇူးတင်ရ။
ငါ့သွေးကြောထဲ စီးဆင်းနေတဲ့
သဘာဝကျကျ ပျော်ရွှင်နည်းမှာ
ဆေးထိုးအပ် မပါဘူး
သုံးမြှောင့်ပေတံ မပါဘူး
မီးခံသေတ္တာနဲ့ လျှို့ဝှက်နံပါတ်တွေ မပါဘူး။
ဂူဂဲလ်မှာ ရှာမရတဲ့၊
အေအိုင်တွေ ဘယ်တော့မှ မဖန်တီးနိုင်တဲ့၊
အရိုင်းစာသားနဲ့ တည်ဆောက်ထားတဲ့ ဆဲလ်တွေ
အမာရွတ်နဲ့ ငြိမ်းချမ်းရေးကို တင်းတင်းဆုပ်လို့...
လမ်းရှိသူ မြစ်တွေကို အားကျမိ။
လူ့ဦးနှောက်ထဲက "ဆော့ဖ်ဝဲ" မှာ
ငွေနံ့မရရင် စွန့်ပစ်တတ်တဲ့ စနစ်တစ်ခု
မညှာမတာ ရေးထည့်ထားရုံနဲ့
အခြားတစ်ယောက်ရဲ့ ဘဝက လောင်မီးကျ
စစ်ပွဲစစ်စစ်တွေရှိပြီး နှလုံးသားစစ်စစ်မရှိတဲ့
ခေတ်ရထားရဲ့ ရွေ့လျားမှုအောက်
ငါ ခေါင်းထိုးပေးလိုက်တဲ့အခါ
အိုဟောင်းနေတဲ့ ဘူတာရုံက
ခြောက်ခြားစွာ ထအော်တယ်
"အဆိပ်မိတောအုပ်ထဲက ထွက်ခွာရန် ငါးမိနစ်အလို"။
ငါ အလံစိမ်းပြလိုက်ပါတယ်
နေဝင်ချိန်အထိ စိတ်ဝမ်းကွဲနေတဲ့
သူ့မျက်ဝန်းတွေကို။ ။

Comments
Post a Comment