pos
မျက်ရည်တွေ အရင်းပြန်မရသေးဘူး
ဖားစည်မောင်ထူး
(သစ်ခက်သံလွင်) ဧပြီ ၂၅၊ ၂၀၂၆
ပိတ်ထားတဲ့တံခါးကို ခေါက်လိုက်မိတော့
ခေါက်မိတဲ့လက်က အပြစ်ဖြစ်သတဲ့
ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ
မကြားချင်တဲ့ သီချင်းသံတွေလာနေတယ်
မိုးလင်းလို့ နိုးထထချင်းမှာပဲ
ကြားလိုက်ရတဲ့ သတင်းဆိုးတွေ
တရားတော်တွေဟာ အေးချမ်းမှုမရှိတဲ့
နေ့အပူချိန်တွေနဲ့
မျက်နှာကြက်ပေါ်က လည်နေတဲ့ပန်ကာမှာ
ကြေးစားနိုင်ငံရေးသမားတွေ
ချားရဟတ်အပျော်စီးတမ်း ကစားနေကြတုန်း
ယနေ့ ဆန်ဈေး
ဘယ်လောက်ရှိသလဲ မမေးပါနဲ့
"အောင်မလေး ဘုရား ဘုရား”ဆိုတဲ့
ခင်ဗျားတို့ ညည်းတွားသံအောက်မှာ
တောင်သူလယ်သမားတွေ ကျခဲ့ရတဲ့မျက်ရည်အတွက်
အရင်း ပြန်မရသေးဘူး။

Comments
Post a Comment