မိုးဉာဏ်(မန္တလေး) - မုန်တိုင်းထဲကမီးတောက်

Art- Aung Htet
 
မုန်တိုင်းထဲကမီးတောက်
မိုးဉာဏ်(မန္တလေး)
(သစ်ခက်သံလွင်) ဩဂုတ် ၁၁၊ ၂၀၂၅


မိသားစုအတွက်
ငွေနောက်လိုက်ချင်လိုက်မယ်
ချစ်သူအတွက်
ကမ္ဘာကြီးနဲ့စစ်တိုက်ချင်တိုက်မယ်။

သေချာတဲ့အိပ်မက်ရယ်
မကျိုးပျက်တဲ့မျှော်လင့်ခြင်းရယ်
ဖြစ်ချင်တာတွေအကုန်ဖြစ်နေရရင်
လူငယ်ဘဝကိုပဲ Pause လုပ်ထားချင်တယ်။

ဆိုးသွမ်းမရတာ၊ ခိုးလွမ်းရတာ
Skip မရတဲ့ခေတ်ကြီးက
တစ်လှိုင်းပြီးတစ်လှိုင်း 
အလိုမတူပဲ ဘဝထဲကျူးကျော်လာတယ်။

ရွှေထီးဆောင်းချိန်ကိုပြန်ဖွင့်ကြည့်ရင်း
ပိတ်သွားမယ့်အနာဂတ်တံခါးကို
ဆူနာမီခြေထောက်နဲ့ဆောင့်ကန်ရင်း
လူငယ်တစ်ယောက်ရဲ့ ရင်ခုန်သံဟာ 
မုန်တိုင်းထဲက မီးတောက်​လို
တောက်လောင်နေတယ်။

သမိုင်းကပေးလာတဲ့တာဝန်ကြီးထဲမှာ
အပျော်တွေကို သားဆက်ခြားလိုက်တဲ့အခါ
ရင့်ကျက်လာတဲ့နှလုံးအိမ်မှာ
ပျံနည်းရှိလာတယ် လွတ်လမ်းသိလာတယ်။

လူငယ်ဆိုတာ လေဆင်နှာမောင်းပဲ
လူငယ်ဆိုတာ ထာဝရမီးတောက်ပဲ
ရေဆန်လေဆန် ခရီးလမ်းထဲ
ကမ္ဘာကြီးကို ဦးဆောင်သွားမယ့်
သံ​လိုက်အိမ်မြှောင်ဟာ_လူငယ်ပဲ။         ။

မိုးဉာဏ်(မန္တလေး)
August 9 2025



Comments