သင်းယသော် - သံချောင်း.....ငါ

KT#
 
သံချောင်း.....ငါ
သင်းယသော်
(သစ်ခက်သံလွင်) မေ ၂၂၊ ၂၀၂၆ 

ကမ်းတကွေ့
လှမ်းတွေ့လိုက်ပါရဲ့

အားသန်မာန်ဖီတဲ့လှိုင်းလုံးတွေ
အဆက်မပြတ်ရိုက်ကြ
လုံးပါးပါးခဲ့ရ ငါ့သတ္တိတွေ

လောကဓံဆိုတာ
လံကဓောပေါ့ဟဲ့လို့
ရယ်ရယ်မောမောနှုတ်ဟတတ်တဲ့
ရွာလယ်က အဘွားစိန်ကတော့
လောကရဲ့ရိုက်ချက်အောက်
ပျောက်ပြယ်လွင့်ခဲ့ရ
နှစ်တွေကြာ...

ရှင်သန်မှုနဲ့ အပေးအယူမျှဖို့
အသက်တစ်ဝက်ပေါင်ခဲ့ရသူ ငါ
ကဗျာစာပေတော မပျော်မွေ့နိုင်ရှာခဲ့
ခုတော့
ကျွန်းတစ်ကျွန်း ပေါ်မှာ
အသက်နဲ့ ခန္ဓာမြဲရေး
တို့အရေး လုပ်နေရတဲ့
ပစ္စုပ္ပန်ဓားတစ်လက်နဲ့လူဟာ
သံချောင်း....ငါ။


Comments