လွန်း - " မိုး​၏အခြင်းအရာများ "

Art - KT#
 " မိုး၏အခြင်းအရာများ "

လွန်း
(သစ်ခက်သံလွင်) ဇူလိုင် ၁၇၊ ၂၀၂၅


ဒီမိုးနဲ့တော့
ခက်ပြီ
လျှော်ထားတဲ့
ခြေအိတ်တွေ ထုတ်လှမ်းမရ
မျက်နှာသုတ်ပုဝါတွေအခြောက်ခံမရ
လမ်းလျှောက်ဖိနပ်က အမှိုက်အိတ်ထဲရောက်မယ့်ကိန်း

အိမ်ရှေ့မြက်ခင်းစိမ်းပေါ်က
ငှက်စာခွက်လေးတွေတော့
ရေနဲ့နင့်ပြီး ချွဲကျိကုန်ပြီ

အိမ်ခေါင်မိုးပေါ်နားနေကျ
စားရက်(ဇရက်)ငှက်အုပ်လည်း
မာရသွန်မိုးကိုအမည်တပ်ခေါ်ပြီး
အာခေါင်ခြစ် ဆဲနေကြပေါ့

လူက
မှန်ပြတင်းပေါက်ကနေ
တဝေါဝေါကျ မိုးတောကိုဖြတ်ပြီး 
မမြင်ရတာတွေ မြင်ကြည့်လိုက်
မတွေ့ရတော့တာတွေ တွေးကြည့်လိုက် 
မကြားရတော့တာတွေ ကြားကြည့်လိုက် 
မပြောခဲ့ရ မပြောရတော့တာတွေ ပြောကြည့်လိုက် 
မိုးက တဝေါဝေါ
သူတယောက်ထဲ
 ခေါင်းတညိတ်ညိတ် စကားတပြောပြော ။ ။

ဇူလိုင် ၁၇၊ ၂၀၂၅
နံနက် : ၀၈: ၅၇

Comments