သစ်ခက်သံလွင် ကဗျာရေးရာ၊ "အိုက်ချင့်၏ ခေတ်ပေါ်ကဗျာဆရာလက်စွဲ အပိုင်း (၆)နှင့် (၇)" -ဘာသာပြန် မောင်သာနိုး
ခေတ်ပေါ်ကဗျာဆရာလက်စွဲ
ရေးသူ၊ အိုက်ချင့်(တရုတ်ကဗျာဆရာ)။
ဘာသာပြန်၊ မောင်သာနိုး
ရေးသူ၊ အိုက်ချင့်(တရုတ်ကဗျာဆရာ)။
ဘာသာပြန်၊ မောင်သာနိုး
အမှာစကားများ
တရုတ်ကဗျာဆရာကြီး
အိုက်ချင့်ဟာ ကဗျာအကြောင်း စာတမ်းကို ၁၉၃၉ က ရေးခဲ့တာပါ။ အင်မတန်
တွင်ကျယ်ခဲ့ပါတယ်။ ဒီခေါင်းစဉ်နဲ့ပဲ ၁၉၈၇ နှစ်ဦးပိုင်းမှာ အသစ်ရေးပြန်တယ်။
ခေတ်သစ်အတွက် အတွေးသစ်တွေ ဖြည့်စွက်ပါလာတယ်။ အခု ဒီစာတမ်းကို ဘာသာပြန်
တင်ဆက်လိုက်တယ်။
မောင်သာနိုး
တရုတ်ကဗျာဆရာကြီး
အိုက်ချင့် ရဲ့ ကဗျာအကြောင်း စာတမ်းကို ၁၉၈၈ ဖေဖေါ် ၀ါရီ၊ မတ်၊ စံပယ်ဖြူမဂ္ဂဇင်းမှာ
ဘာသာပြန် ဖေါ်ပြခဲ့ပါတယ်။ အဲဒီဘာသာပြန် မှုကိုပဲ အခြေအနေ အားလျော်စွာ အရှိန်မြှင့်ကာ
ခေတ်ပေါ်ကဗျာဆရာလက်စွဲ အမည်ဖြင့် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါကြောင်း။
အလင်းတိုက်
၁၉၉၅
ခုနှစ်က ပထမအကြိမ်အဖြစ် အလင်းတိုက်စာပေက ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် ကို
ဒီအချိန်မှာလည်း လိုအပ်မယ်လို့ ယုံကြည့်တဲ့အတွက် ဒုတိယအကြိမ်အဖြစ်
ထပ်မံထုတ်ဝေလိုက်ပါတယ်။ ဒီအတွက် ပထမအကြိမ်စီစဉ်သူ အလင်းတိုက်စာပေနဲ့ အထူးသဖြင့်
ထုတ်ဝေဖြန့်ချီဖို့ ခွင့်ပြုတဲ့ ဆရာမောင်သာနိုး ကို လေးစားစွာ ကျေးဇူးတင်ရပါတယ်။
နှစ်ကာလများ
ဒီစာအုပ်ကလေးကို
ကဗျာချစ်သူ တော်တော်များများ ဖတ်ရှုပြီး ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ဒါပေမယ့်
အွန်လိုင်းပေါ်မှာ အီးဘုတ်အဖြစ်တော့ ကျနော် လက်လှမ်း မီသလောက် မတွေ့မိ သေးပါဘူး။
ရေးသူ ထုတ်သူ စာအုပ် မူပိုင်ရှင်များထံ ခွင့်တောင်းဖို့ အခွင့်မသာပေမယ့်၊
မြန်မာကဗျာ တိုးတက်ရေးမှာ နှမ်းတစေ့မျှဖြစ်စေ ကျနော့်ရဲ့ ပါဝင်အားထုတ်လိုမှုကို
နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်လို့ ဒီဘလော့ကလေးပေါ် ကြိုးစားတင်ပေးလိုက်ပါတယ်။
အပိုင်းများခွဲပြီး ပုံမှန်တင်ပေးသွားမှာ ဖြစ်သလို ပြီးဆုံးသွားတဲ့အခါ အီးဘုတ်ကလေးအဖြစ်လည်း
မျှဝေပေးသွားဖို့ ရည်ရွယ်ပါတယ်။
နှင်းခါးမိုး
ဇန်နဝါရီ ၂၊ ၂၀၀၈ ခုနှစ်
စိတ်ကူးတေးသီဘလော့
၆။ ဖွဲ့စည်းမှုနဲ့ဈာဉ်ဝင်မှု
ကိုယ့်လက်ရာထဲမှာ ရောင်ပြန်ဟပ်ထားတဲ့
ကိုယ့်ဖွဲ့စည်းမှုဟာ စာဖတ်သူကို ဖမ်းစားနိုင်ရမယ်။ ဖန်ခွက်တခုကို ဖုံးအုပ်ထားတာ
အတွင်းမှာ ဘာများ ရှိပါလိမ့်လို့ (အတွင်းမှာ တစုံတရာ ရှိများ ရှိခဲ့ရင်ပေါ့လေ)
ခန့်မှန်းချင်လာအောင် ဆွဲဆောင်နိုင်တဲ့ မျက်လှည့်ဆရာရဲ့ လက်ကိုင်ပုဝါလို ဖြစ်ရမယ်။
စာဖတ်သူကို ကိုယ်နဲ့အတူ လိုက်လျောက်အောင် လုပ်ပါ။ လမ်းအဆုံးမှာ ဘာရှိရှိ မမှုပါနဲ့။
ကျောက်စိမ်းတတုံးနဲ့ကြုံခဲ့ရင် စဉ်းစားမိမှာက ဘာများ ထွင်းထုယူရပါ့။
အစိတ်စိတ် ကွဲမသွားအောင် ဘယ်လိုထိန်းရပါ့။
စဉ်းစားစရာ ကြံဆရမှာ အလုပ်က တည်နေတယ်။ ရေးတာထက် ပိုတွေးရမယ်။
အတွေးဟာ လိပ်ပြာပဲ။ လိပ်ပြာတကောင်မှမမိဘဲ တနေကုန် တွေးချင်လည်း တွေးနေရမှာပဲ။
သေသေချာချာ ဖွဲ့စည်းထားတဲ့ လက်ရာမှ စာဖတ်သူကို ထိခိုက်နိုင်တယ်။ ပဋ္ဋိပက္ခရဲ့ ညူကလယာ့စ်ကို ဘယ်လိုရှာရမလဲ။ ပဋ္ဋိပက္ခကို တိုက်ရိုက်အကျဆုံး ဘယ်လို ဖော်ကျုးရမလဲ စဉ်းစားပါ။
အနုပညာသန္ဓေဟာ ဖွဲ့စည်းမှုနဲ့ စတယ်။
တကယ့်ဘ၀ဟာ ထွေပြားလွန်းသမို့ သစ်ပင်တပင်တည်းမှာတောင် သစ်သီးနှစ်လုံး တူတာကို တွေ့နိုင် လိမ့်မယ် မဟုတ်ဘူး။
ရှေ့ရောနောက်ပါ စစ်ဆေးပြီးတဲ့နောက် အသေးစိတ် ထပ်ကြည့်ပါဦး။ ပိုနက်နက် နဲနဲ တွေးပါဦး။ ပိုနက်နက် တူးပါဦး။
အခြားသူများရဲ့တွေ့ရှိချက်တွေကို လုံးဝ ထပ်မဆိုရဘူး။ သူများလုပ်ပြီးသားကို ထပ်ကျော့မှဖြင့် မိမိရယ် လို့ ဖြစ်ရှိနေစရာ ဘာလိုဦးတော့မှာလဲ။
ဈာဉ်ဝင်မှုကို ကြိုဆိုဖို့တံခါးကို အမြဲကျယ်ကျယ် ဖွင့်ထားပါလေ။
ဈာဉ်ဝင်မှုဟာ မဖိတ်ပဲလာတဲ့ ဧည့်သည်မဟုတ်။ မတော်တဆ ကြုံဆုံရတတ်တဲ့ မိတ်ဆွေမျိုး ဖြစ်တယ်။ မမျှော်လင့်တုန်း ရောက်လာတတ်တယ်။
ဈာဉ်ဝင်မှုမှာ အချိန်းအချက်သဘော မရှိဘူး။ သူဘယ်တော့လာခဲ့မယ်လို့ ပြောပြလိမ့်မယ် မဟုတ်ဘူး။
ဒါပေမဲ့ မိတ်ဟောင်းဆွေဟောင်းကို ဧည့်ခံသလို ဧည့်ခံရပေလိမ့်မယ်။
ဇာတ်လမ်းပြော ကဗျာများမှာ ဈာဉ်ဝင်မှု ရေအလျဉ်တွေ အများအပြား ဆုံဆည်း လာတတ်တယ်။
ဈာဉ်ဝင်မှုဟာ ပန်းစည်းတစည်း ဆောင်ကြဉ်းလာတတ်တယ်။
ဒါမဟုတ်.. စိတ်ကူးလေး တခု၊
ဒါမှမဟုတ်.. ဖျော်ရည်အေးအေးလေး၊
ဒါမှမဟုတ်.. လက်ဆောင်ကလေး၊
ဒါမှမဟုတ်.. စကားဆိတ်ဆိတ် ခေါင်းငိုက်စိုက်နဲ့ မိတ်ဆွေတယောက် ဆုံးပါးသွားတဲ့သတင်း ဆောင်ချင်လည်း ဆောင်လာမယ်။
တခါတလေ သုံးလေးလနဲ့ ပေါ်မလာချေဘူး။
တနှစ်တောင် ကြာချင်ကြာမယ်။
ခဏခဏ လာစေချင်ရဲ့၊ သူက မလာ။
ကိုယ့်ကို အဆက်ဖြတ်သွားချေပေါ့။
ဗြုန်းဆို နှစ်အနည်းငယ်အကြာ လမ်းပေါ်ဆုံပြန်ရော။
၁၉၇၈ အေက်တိုဘာမှာ ဟောင်ကောင်မဂ္ဂဇင်း ဟိုက်ယန်စာပေက ဟောက်ချွမ်ရဲ့ လမ်းလေးခွက ထမင်းဆိုင်ကဗျာကို ထည့်သွင်းဖော်ပြခဲ့တယ်။ ကဗျာမှာ ငါးပါဒပဲ ပါတယ်။ ဒါပေမဲ့ စင်ပေါ်က သိုင်းပညာ ပြိုင်ပွဲကို ပြည့်ပြည့်စုံစုံ ဖော်ကျူးထားရဲ့။

စားပွဲတလုံးတည်း၊ ကုလားထိုင်တလုံးတည်း
ဒါပေမဲ့.. သူတို့သတ်တာ အသွင်တသိန်း ဆောင်ခဲ့။
ဇာတ်ခုံကို နေ့နှယ်လင်းအောင် ထွန်းညှိထား။
လျူလိဟွာနဲ့ ရဲန်တန်ဟွီ
ပညာစွမ်းနဲ့ ညလို မည်းနက်ဟန် လုပ်ထားကြ။

ထူးကဲတဲ့ အနုပညာသန္ဓေကို ဖော်ထုတ်ပြနိုင်တဲ့
ကဗျာတိုအချို့ကို အခြားနေရာများမှာလည်း ကျုပ် တွေ့ဖူးတယ်။ ဥပမာ ဟောဒီကဗျာဟာ
နှစ်ပါဒနဲ့ စက်ဘီးကို ဖွဲ့ပြထားရဲ့။
ရှေ့ကိုတက်မှသာ
ကျုပ် လဲမကျဘူး။
ကျုပ် လဲမကျဘူး။
၇။ ခါးသီးတဲ့နှစ်များ
၁၉၃၇ မှာ ဂျပန်ခုခံရေးစစ်ပွဲ
မတိုင်ခင်နေ့က ပြန်လည်ရှင်သန်တဲ့မြေကြီးမှာ ကျုပ်က ပူဆွေးတဲ့ ကဗျာဆရာငဲ့၊ ခင်ဗျားလည်း
အတိတ်က ကြေကွဲဖွယ်ကို ခါချရမယ် လို့ ရေးခဲ့တယ်။ အဲဒီနှစ်မှာပဲ ကျုပ်ဟာ
တရုတ်မြေပေါ် မိုးနှင်းကျတယ်ကို ရေးခဲ့ရာမှာ ငါ့လူငယ်ဘ၀ရဲ့အဖိုးတန်ဆုံး အချိန်
အများစုကို လှည့်လည်ရင်းမှာ ထောင်ထဲမှာ ဆုံးရှုံးခဲ့ရတယ်လို့ တသခဲ့တယ်။
နှစ်ခုစလုံးဟာ ကျုပ်ရဲ့ ခံစားချက်အမှန်တွေကို ဖော်ပြနေကြတာပါပဲ။
တချို့လူများက ကျုပ်ဟာ အလွမ်းအဆွေး ကဗျာတွေကိုသာ ရေးနိုင်စွမ်းတယ်လို့ ထင်ကြတယ်။ ကျုပ် ပြောခဲ့ဖူးပါတယ်။ ကျုပ်ကဗျာ အတော်များများဟာ ကျုပ်အကြောင်းတွေပါ။ ဒါပေမဲ့ ဒီလို ကျုပ်အကြောင်း သရုပ်ဖော်ချက်ဟာ ကဗျာတွေကို ရေးစဉ်ခေတ်ကာလနဲ့ တရင်းတနှီး ဆက်စပ်နေ ပါတယ်။ ပစ္စုပ္ပန်ကခွာလိုက်ရင် ကျုပ်အရိပ်ကို ကျုပ် မတွေ့နိုင်တော့ဘူး။ (၁၉၈၁၊ ကဗျာလေ့လာမှု အမှတ် ၁ ကို ရှု) လူတယောက်ကတဆင့် ခေတ်ကိုရေးရာမှာ ခေတ်ကတဆင့် လူကို ရေးရသလိုပဲ။ လူနဲ့ သူ့ခေတ်ကို ခွဲလို့ မရပါဘူး လို့။
ကျုပ်ရဲ့ကဗျာသဘောတရားများမှာ ကျုပ်ယူဆတာက ခါးသီးမှုကို တရင်းတနှီး ရှိကြရ။ စိတ်ချမ်းသားမှုဆိုတာ တစိမ်းပြင်ပြင် ဖြစ်ကြရတဲ့ ဒီခေတ်ကြီးမှာ ရွှန်းလန်းမှု သယ်ဆောင်ပေးနိုင်တာက ကိုယ့်ခါးသီးမှုကို ကမ္ဘာကုန်သိသွားအေင် အော်ဟစ်လိုက်တာပဲ ဖြစ်တယ်။ နှုတ်အသူများဟာ ကျုပ်တို့ထက်တောင် ဒုက္ခဆင်းရဲရောက်နေကြသေးတယ်ဆိုတာ ကျုပ်တို့ သိကြ တယ်လို့ ဖြစ်တယ်။
အဲဒီအချိန်တုန်းက ကျုပ်ပြောခဲ့သေးတာက ဒီခေတ် ဒီအခါမှာ အသက်ရှင်နေတဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို စိတ်မပျက်ပါနဲ့လို့ ဆုံးမသြ၀ါဒ ပေးတာဟာ ရွံ့နွံအိပ်မက်ဆိုးထဲ ရုန်းကန်နေတဲ့ လယ်သမားများကို အားမလျော့ပါနဲ့လို့ သွားပြောတာနဲ့ တူတယ်။ မဆင်မခြင် အလောတကြီး ပေးတဲ့အကြံမျိုးပဲ လို့ ဖြစ်တယ်။
ဒီလိုလည်း ကျုပ် ပြောဖူးတယ်။ လူတဦးချင်းရဲ့သုခဒုက္ခဆိုတာ သူ့ခေတ်ရဲ့ သုခဒုက္ခနဲ့ နှောနေရမယ်။ ခေတ်ရဲ့သုခနဲ့ ဒုက္ခဟာ လူတဦးချင်း သုခဒုက္ခထဲ ပျော်ဝင်နေရမယ် လို့။
ခေတ်ဆိုတာ လေအလွှာကြီးတခုနဲ့ တူတယ်။ ခေတ်တခုလုံးက ပူဆွေးနေရင် ဘယ်နှယ်လုပ်ပြီး လူတယောက်ဟာ ပျော်တယ်လို့ဆိုမတုန်း။ လူဟာ ကမ္ဘာလောကနဲ့ ကင်းကွာလို့ ရတယ်လို့ ယုံကြည်ပြီး မိမိအကြောင်းရေးဖို့ အားသန်တယ်ဆိုတာ ရိုးအတာပဲဖြစ်တယ်။
ကျုပ်ဘ၀ ဘယ်အချိန်ပိုင်းမှာမှ အကြီးအကျယ် ပျော်လှချည့်လို့ရှိခဲ့ဖူးတာ မမှတ်မိဘူး။
ကျုပ်ခံစားဖူးသမျှ အကြီးမားဆုံးပျော်ရပုံကတော့ ဂျပန် ခြွင်းချက်မရှိ လက်နက်ချလိုက်ပြီ ဆိုတဲ့သတင်း ယင်အန်ကိုရောက်လာတဲ့ ၁၉၄၅ သြဂုတ် ၁၅ ညမှာပါပဲ။ ဗုံသံ၊ မောင်းသံ လေထဲမှာ ပြည့်လျှံနေတယ်။ နေရာတကာမှာ လူတွေ ကကြ သီချင်းဆိုကြနဲ့။ ကျုပ် အဲဒီအချိန်က အရူးအမူး အောင်ပွဲခံည ကဗျာကိုရေးလိုက်တယ်။ ဒါတောင် ကျုပ် ခံစားမှုကို အကုန်မဖော်ပြနိုင်ခဲ့ပါဘူး။
ဓမ္မတာ အတိုင်းပေါ့။ ကျုပ် ကြည်နူးဖွယ်ကဗျာတချို့ ရေးဖူးပါတယ်။ ၁၉၅၄ ဆောင်းဦးတုန်းက မော်စကိုထဲဖြတ်သွားစဉ် လူငယ်ပွဲတော်နဲ့ သွားတိုးတာမို့ မြူးကြွရောင်စုံ စက္ကူတစဖွဲ့ ကဗျာကို ကျုပ် ရေးလိုက်တယ်။ ဒါလည်း သူများအကြောင်းပါ။ ၀တ်စုံနဲ့ကနေတဲ့ လူငယ်တွေအကြောင်းပါ။

..................
မင်းနှာခေါင်းက နှင်းပန်းနှယ်
မင့်နှုတ်ခမ်း ပွင့်ဖတ်တို့နှယ်
မင့်ပိုးသားမျက်နှာဖုံးကို ချွတ်ပ
မင့်မျက်လုံးတွေကို ကြည့်ပါရစေ
မင်းနှာခေါင်းက နှင်းပန်းနှယ်
မင့်နှုတ်ခမ်း ပွင့်ဖတ်တို့နှယ်
မင့်ပိုးသားမျက်နှာဖုံးကို ချွတ်ပ
မင့်မျက်လုံးတွေကို ကြည့်ပါရစေ
ဒါပေမဲ့... အချိန်၊ သြော်
သောမရည်ချိုနှယ်ပဲ
ငါတို့ သောမရည်သောက်သူတွေ
ငါတို့ သောမရည်သောက်သူတွေ
သစ်ပင်ကိုင်းက ရွက်ဦးတွေ ချပေးပေါ့
လေဟာ ချမ်းစိမ့်စိမ့် သစ်သီးရည်နှယ်..။
လေဟာ ချမ်းစိမ့်စိမ့် သစ်သီးရည်နှယ်..။
လူများက မကြာမကြာ မေးကြတယ်။
ဘယ်လိုလုပ်ပြီး ထိုးဖောက်နိုင်စွမ်း (အောင်မြင်မှု) ရအောင် လုပ်ရပါသလဲ တဲ့။
ဘာ့ကြောင့် ထိုးဖောက်နိုင်စွမ်းရအောင် လုပ်ဖို့ လိုနေတာလဲ။ ဘာကများ နောက်ကို ဆွဲထားနေသလဲ။
ဟောဒါတွေ အားလုံးပါပဲ။ နည်းလမ်းဟောင်းတွေ လိုက်တာ၊ ပုံသေကားချပ်ဟန်နဲ့ ရေးနေတာ၊ သာမန်ရိုးရိုး ဖြစ်နေတာ၊ စာဖတ်သူတွေ အရင်က တွေ့ဖူးသလိုရှိတဲ့ အရေးအသားတွေမှာ စုန်းစုန်းမြုပ်နေ တာ...။
ထိုးဖောက်နိုင်စွမ်းဆိုတာက အချုပ်အချယ်တွေထဲက ဖောက်ထွက်တာ။ ဘ၀ဆီ ရှေ့ရှုတဲ့လမ်းကို ရှာတာ၊ မျက်နှာအသစ် ဖွင့်လှစ်ပြတာကို ဆိုလိုတယ်။
ထိုးဖောက်နိုင်စွမ်း ဖြစ်စေတဲ့ခွန်အား ဘယ်က လာသလဲ။ နေရာ လေးငါးနေရာက လာပါတယ်။ အဲဒီထဲမှာ ပါဝင်တာကတော့ အသစ် ဖြစ်ပေါ်မှုတွေကို ခံစားတတ်စွမ်းရယ်၊ အနုပညာလက်ရာများမှာ ပေါ်လွင်လာတဲ့ ဗဟိဒ္ဓကမ္ဘာရဲ့ နက်ဂတစ်အသွင်ကို တွေ့မြင်တတ်စွမ်းရယ်ပါပဲ။ ဒါတွေက တိုက်ပွဲဆင်ဖို့ အပူတပြင်း ဆန္ဒကို ဖြစ်ပေါ်စေတယ်။
ထိုးဖောက်နိုင်စွမ်းဆိုတာ တကယ်ကတော့ ပိတ်ဆို့ခံနေရခြင်းဆိုတဲ့ စိန်ခေါ်မှုကို တုံ့ပြန်တာပဲ ဖြစ်တယ်။
ဒီအခြေအနေမှာ စစ်သေနင်္ဂဗျုဟာ နည်းနာများနဲ့ အနုပညာနည်းနာတို့ဟာ အတူတူပဲဖြစ်တယ်။
အချိန်ကာလ ဇရာထောင်းနေပြီဖြစ်တဲ့ ဒီကမ္ဘာလောကမှာ ပြဿနာတွေ တပုံတခေါင်း ရင်ဆိုင်နေရတယ်။
ကဗျာကို ဘယ်လိုလုပ်ကြမလဲ။
ကဗျာနဲ့ လူ့လောက ဆက်သွယ်မှုက ဘယ်လိုဖြစ်ရလဲ။ ခွဲခွာရေးလား။ တလမ်းတည်း လိုက်ရေးလား။
ကဗျာနဲ့ လူ့လောက အတူစဉ်းစားကြရမယ့် ပြဿနာတွေက ဘာတွေလဲ။ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့၊ စွမ်းအင်အကြပ်အတည်း၊ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ လူဦးရေပေါက်ကွဲမှု (၀န်းကျင်) ညစ်ညမ်းမှု..။
ဘာကို သူတို့ အတူ တွေးကြံကြမလဲ။ စစ်နဲ့အငတ်ဘေး၊ ပြီးတော့ အနုပညာ၊ မေတ္တာ၊ အလှ..။

ဆက်လက်ဖော်ပြသွားပါမည်
ဆရာနှင်းခါးမိုး၏ စိတ်ကူးတေးသီဘလော့မှ ယူပါသည်။
အပိုင်း (၁)(၂)(၃) ဖတ်ရှုရန်...
www.jojar.net/2016/10/blog-post_26.html
အပိုင်း (၄)(၅) ဖတ်ရှုရန်...
http://www.jojar.net/2016/10/blog-post_65.html
Comments
Post a Comment