သစ်ခက်သံလွင်ကဗျာရှည်၊ သုထက်မှူး ၏ " တခင်းလုံး အခါးချည်းသက်သက်သီးတဲ့ရာသီ"



တခင်းလုံး အခါးချည်းသက်သက်သီးတဲ့ရာသီ

KT#
 ကဗျာဆရာကတော့
ကဗျာဆရာလိုပဲ တွေးပါတယ်
ဒီလိုမျက်ဝန်းငယ်လေးတွေထဲ
အကြောက်တရားကို ဘာကြောင့်များပစ်စိုက်
ဘာတခုမှ မခမ်းနားဘူး
ဘယ်လောက်ထိ ကြီးကျယ်သွားနိုင်ပါသလဲ
အဆင့်ဆင့်
အကြောက်တရားပေါ်မှာ အမုန်း
အမုန်းများပေါ်မှာ ဒဏ်ရာ
အချစ်ဖြစ်ခဲ့ဖူးလေသလား
ကဗျာဆရာကတော့ ကဗျာဆရာလိုပဲ
မေးခွန်းပေါ် သံသယတွေဆင့်
သူတို့ … ညတွေ
သူတို့နေ့တွေ
အိပ်ရေးမဝတဲ့မျက်ဝန်းနုနုတွေထဲ
အမဲလိုက် ကကြိုးကကွက်
အနုပညာကတော့ ဘယ်လိုဆန်နိုင်ပါ့မလဲကွယ်
သွေးရူးသွေးတန်း …
သွေးရဲရဲ သံရဲရဲ ...
အပိုင်းပိုင်း … အပြတ်ပြတ်
ယမ်းငွေ့ … ပေါက်ကွဲ
ဒါ … ကျူးလွန်သူရဲ့အမုန်းလား
ဖိနှိပ်ခံသူတို့ရဲ့အမုန်းလား
သေခြင်းတရားနဲ့ ကစားတဲ့စစ်
ဘယ်သူပစ်ချခဲ့တဲ့ ဘဝတွေလဲ
ကဗျာဆရာကတော့
မေးခွန်းပေါ်…မေးခွန်းဆင့်
သူတို့ခမျာ
အမုန်းပေါ်မှာ ဒဏ်ရာ …
အဝေးကြီးပါလို့ …ပြောလို့ဖြစ်မလား
အစ္စရေး … ပါလက်စတိုင်း
အမေရိကန် … အာဖဂန်နစ္စတန်
အိန္ဒိယ…ပါကစ္စတန်
… … …
စစ်မီးတို့ ဟုန်းဟုန်းတောက်မြူးရာ
စစ်နဲ့အချစ်ကို နှိုင်းယှဉ်တာလောက်
ညံ့ဖျင်းပေါ့ပျက်တဲ့ စကားလုံး
ရှာမတွေ့သေးဘူး
သေခြင်းတရားနဲ့
တို့တတွေက အမြွှာဆိုခဲ့ရင်
သူတို့က ရင်ချင်းဆက်အမြွှာ
အဲဒီလိုမျိုး နေ့တွေညတွေ
ချစ်ခြင်းမေတ္တာကို ဘယ်လိုမွေးမြူကြမလဲ
ဉာဏ်ပညာကို ဘယ်လိုဖွံ့ထွားစေမလဲ
စိတ်လိုလက်ရ … ဆုတောင်းသံတချို့လည်း
အမျက်သိုတတ်တဲ့ ဘုရားသခင်အတွက်
မိရိုးဖလာ ဆန်ချင်ဆန်နေလိမ့်မယ်
“ကရုဏာတရားချီးမြှင့်ပေးပါ”
ဆုံးရှုံးရခြင်းက … ယဉ်ပါးနေလွန်းလို
မိရိုးဖလာ ဆန်ချင်ဆန်နေလိမ့်မယ်
“ကရုဏာတရား ချီးမြှင့်ပေးပါ”
ဆုံးရှုံးရခြင်းက … ယဉ်ပါးနေလွန်းလို့
ငိုကြွေးရခြင်းအတတ်က
တဖက်ကမ်းခပ်သွားလို့
နှလုံးသားကို
ကျုံ့ထားရတာ
မထူးပါဘူး မခြားပါဘူးဆိုပြီး
ပခုံးချင်းယှဉ်တာ မဟုတ်ရပါဘူး
ခြေရာတိုင်း … ဒဏ်ရာချင်းညှိတာ
မဟုတ်ဘူး …
ကဗျာဆရာကတော့ ကဗျာဆရာလိုပဲ
ခံစားရမှာပေါ့
ကျုံ့ဝင်နှလုံးသားချင်း စွဲကပ်ထိစပ်
ဒီမှာကလည်း …
ထုတ်လုပ်မှုတံဆိပ် ခဏခဏပြောင်းတပ်
ခံရတဲ့ …မှိုစွဲအနာဂတ်ကြီးနဲ့
တောပိုင်တောင်ပိုင်တွေကလည်း
“နတ်နေကိုင်း” မသိ … ဘာမသိ
တပင်လုံး … သင်းသတ်ခြင်းခံရတဲ့ သစ်ပင်
တကိုယ်ရေ … ဟင်းလင်းသွေ့သွေ့မှောင်
ဖားကိုအပူပေးတဲ့ ဥတုပျက်ပမာ
မသိခြင်းဆင်းရဲ ဝဲကတော့ထဲ
မျက်စိသူငယ် နားသူငယ်နဲ့ ပျော်မော
တဖြည်းဖြည်း နွေးသထက်နွေးလာတဲ့
ဇာတိမြေ … ဝင်္ကန္တာအိမ်ထဲ
မင်းတို့မှာ
ငါတို့မှာ “ဂလိုဘယ်လိုက်ဇေးရှင်း“ ကြီးထဲထိုင်ပြီး
အာဒမ်နဲ့ ဧ၀ရှေ့မှောက်က …
မခွာနိုင်သေးတဲ့ “အမှန်တရား” ကို
မျှော်လို … မျှော်ရ
သားစိမ်း ငါးစိမ်းကိုပဲ
ခံတွင်းလိုက်နေတဲ့ “ အသိတရား” ကို
မီးနဲ့တွေ့ပါစေကြောင်း
ဆုတောင်းလို တောင်းရ ၊
ရိုမီယိုနဲ့ ဂျူးလီယက်မျက်ဝန်းထဲက
“ကရုဏာ” တရားကို စောင့်လို … စောင့်ရ …
ရောက်မလာခဲ့ဘူးနော် …။
မင်းတို့ … ငါတို့ … မျက်ဝန်းတွေထဲ
လပြည့်ညတွေကို ချိတ်ဆွဲရင်း
နားတွေထဲ …
ဒီရေတက်သံကို ဂီတလိုခံစား
ထောင်းထောင်းထ ယိမ်းနွဲ့
အိမ်ရှင်ကို ဧည့်သည်က စော်ကားတာလား
ဧည့်သည်ကို အိမ်ရှင်က စော်ကားတာလား
ခရီးဆုံးရင် ဘယ်လို ၊
ဧည့်ခန်းထဲ
ခြံထဲ ဝင်းထဲ
အိပ်ရာတွေထဲ
မစုံမညီ တဖက်တည်း
အနိမ့်ဆုံး … အဆင့်
နယူတန်ကိုပဲ ပါးပါးလေး သိလိုက်ပါ
ငါတို့ညတွေ အိပ်ရေးဝမယ်
စစ်ဆိုတာ …
ဘယ်သူက … ဘယ်သူ့ကိုမှ မနိုင်ဘူး
ခင်ဗျားတို့ အလျော်အစားက
နှလုံးသားစစ်စစ်နဲ့ ဘဝတွေမို့ …
သံသရာဆိုတာ ပွဲပြီးထပြန်ခွင့်မရှိတဲ့ ခရီး
ဆိုခဲ့တဲ့အတိုင်း …
ဘုရားသခင်နဲ့ နီးပါစေ …အာမင် …။      

သုထက်မှူး

Comments