ပန်း တော် ဆက် - စိတ္တဇလူသတ်သမားဟာ လွတ်နေတယ်

စိတ္တဇလူသတ်သမားဟာ လွတ်နေတယ်
ပန်း တော် ဆက် 
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄

လက်လုပ်သောကတောအုပ်မှာ
ဒုက္ခတွေ အဆုပ်လိုက် အခိုင်လိုက် 
အဖူးပေါ် အငုံဆင့် ပွင့်ဝေနေလိုက်ပုံများ

ဒီနှစ်တွေမှာ 
ဝေဒနာ တကျိုက်
ဖြေစရာ တကိုက်

သူမလည်း...
ဆံပင်တွေရှည်လာလိုက်တာ

အို...သစ်ရွက်အိုတွေ
ပဋာမြေလူး 
အရူးတပိုင် 
ဝေ့ဝဲ ကြွေမြဲ 
ကြေကွဲ ဆွေးမြေ့ကောင်းနေတုန်း 

အချို့လည်း...
ကုက္ကိုလ်ရွက်တွေလို အသားတကျ
အမှောင်ထုကြား ငိုက်မြည်း

စိမ်းမြသစ်ရွက်တွေ
ဆက်ဆက်ကြွေနေတုန်း
မုန်တိုင်းကလည်း သက်၍ကောင်းနေတုန်း

ငါလည်းပဲ ဒီနှစ်တွေမှာ
မလှုပ်မယှက်
ကိုယ့်အသက်ရှုသံ ကိုယ်ပြန်ရှာရင်းကြားက
ဆံပင်တွေ အရှည်ပိုမြန်လာ
လက်သည်းတွေ အရှည်မြန်လာ
အတွေးတွေ ပိုရှည်လာ
သက်ပြင်းတွေ ရှည်လာ

ဆံပင်ညှပ်ဆိုင်သွားတော့လည်း
မှန်ထဲ
ရန်သူဟာ ငါ့ကိုမုတ်ဆိတ်ရိတ်နေသလိုခံစားမှု

ပေါက်ဓားးဟာ ခေါက်ထားပေမဲ့...
ဆက်ကပ်ထဲက ပန်းသီးအဖြစ်လို
ငါ့ကိုယ်ငါ မလုံခြုံမှုက
သစ်တစ်ပင်မှာ တွဲလောင်းချိတ်ဆွဲခံထားရ...

ငါ့အရည်ပြားဟာ အကင်နံ့ ရရနေတယ်....။

ဒီနှစ်တွေမှာ
ခေါင်းအုံးထဲ မြေ-မြုပ်-ဗုံးထည့်မြုပ် ခံထားရ...။

ဒီနှစ်တွေမှာ...
နှင်းဆီရနံ့သာ လွမ်းလွန်းလှ
ဒီနှစ်တွေမှာ....

နှင်းဆီ ပြန်လာမလားလို့
ပြတင်းကို တွန်းဖွင့်မိလိုက်တိုင်း
မီးခိုးမှိုင်းတွေသာ အလုအယက်ဝင်လာမြဲ...။

ခုလည်း...
ပွဲခင်းထဲ အရူးဟာ ပုဆိန်ကိုဆွဲထွက်သွားပြန်ပြီ....။

ဒီနှစ်တွေမှာ ...
ဉာဏ်ကောင်းလွန်းတဲ့ 
စိတ္တဇ လူသတ်သမားဟာထွက်ပြေး လွတ်မြောက်နေပါတယ်...။

14.2.2024

Comments