Saturday, April 29, 2017
k
သစ်ခက်သံလွင်၊ ကဗျာသုံးသပ်ချက်၊ ကိုနိုင်း၏ "သင်္ကြန်၊ နှစ်သစ်ကူး ခေတ်ပေါ်ကာရန်များ"
ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် ( ၉ )
သင်္ကြန်၊ နှစ်သစ်ကူး ခေတ်ပေါ်ကာရန်များ
ကိုနိုင်း
အခုဆိုရင် ကျနော်တို့မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပနေမြဲဖြစ်တဲ့ အတာသင်္ကြန်ရေသဘင်ပွဲတော်ကြီး ငြိမ်းချမ်းစွာကျင်းပခဲ့ပြီးပါပြီ။ အရပ်သားအစိုးရရဲ့တစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာ ရေသဘင်ပွဲတော်ဟာ မြန်မာ့ ယဉ်ကျေးမှုကိုပြန်လည်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။ အရင်အစိုးရလက်ထက်မှာ ရေ သဘင်ပွဲတော်ဟာ စရိုက်ပျက်တွေအများကြီးတွေ့ခဲ့ရတယ်။ လူငယ်တွေ ပျက်ဆီးချင်တိုင်း ပျက်ဆီးနေ ကြတာကိုလည်း မီဒီယာတွေက အမျိုးစုံ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ဒါတွေကိုလည်း မြန်မာနိုင်ငံ သူနိုင်ငံသားတိုင်း သိခဲ့ကြပါတယ်။ ပြောင်းလဲရမည်ဆိုတဲ့ ခေတ်ပြောင်းဆောင်ပုဒ်ကို ယခုနှစ်အတာ သင်္ကြန် ရေသဘင်ပွဲတော်မှာ တွေ့မြင်ခဲ့ရပါတယ်။ သံချပ်တွေလည်း လွတ်လပ်စွာပြောဆိုနိုင်ခဲ့တာ တွေ့ရပါ တယ်။ အရပ်သားအစိုးရကိုအားမလိုအားမရ ဝေဖန်တဲ့သံချပ်တွေ၊ အရပ်သားအစိုးရကို တို့အစိုးရဆိုပြီး ဖားသံပါနေတဲ့သံချပ်ထိုးတဲ့အသံတွေကို ကြားခဲ့ရမှာပါ။ မြန်မာနိုင်ငံဟာ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ စစ်အာဏာရှင်ခေတ်ကာလ ကြာရှည်ခဲ့တော့၊ အခုလိုအရပ်သားတခြမ်းအစိုးရဖြစ်လာတဲ့အခါ မြိုသိပ်ထားခဲ့ ရတဲ့အသံတွေကို ကြားနေရတာပါ။ သံချပ်ဆိုတာ အပြုသဘော ဝေဖန်ထောက်ပြတယ်ဆိုတဲ့ သဘော တရား ပျောက်ဆုံးသလို ဖြစ်ခဲ့ရတယ်လို့ ထင်မြင်ပါတယ်။ အဖျက်နည်းနည်းပါးပါးဆိုတာလောက်တော့ ရှိနိုင်ပါတယ်။ နှစ်စဉ်ရေးဖွဲ့ခဲ့ကြတဲ့ ကဗျာတွေကိုလည်း တွေ့ရမှာပါ။
ယခုသင်္ကြန်မှာရေးဖွဲ့ခဲ့ကြတဲ့ခေတ်ပေါ်ကဗျာအသံတွေကတော့ အလှတရားဖက်ကို ဖော်ကျူးတာတွေ ကို တွေ့ရသလို၊ ခေတ်ကိုဝေဖန်တဲ့ကဗျာတွေကိုလည်း တွေ့ရပါတယ်။ ဒီကဗျာတွေထဲမှာ လူတွေရဲ့ အကျင့် သဘာဝကိုပြုပြင်စေချင်တာကိုလည်း ကဗျာဆရာသျှီသူအောင်ရဲ့ နှစ်ဆန်းစာကဗျာမှာ တွေ့ရပါတယ်။
ကိုယ်တိုင်က လူမိုက်စော်နံပြီး
သူတစ်ပါးရဲ့ယဉ်ကျေးမှုကို မထိပါးစေနဲ့။
ကိုယ့်ကိုယ်ကိုယ် ပြင်ရကောင်းမှန်းမသိပဲ
သူတစ်ပါးမပြောင်းလဲသေးတာကို အပြစ်မဆိုမိစေနဲ့။
စည်းလုံးညီညွတ်မှုကို ပါးစပ်ကပြောပြီး
ဘယ်နေရာမှ မပူးပေါင်းလိုသူမဖြစ်စေနဲ့။
ရိုက်သွင်းထားတဲ့အသိထက်
ကိုယ်တိုင်ခွဲခြားစိတ်ဖြာနိုင်စွမ်းရှိပါစေ။
ကဗျာကရိုးရိုးလေး ဖွဲ့ပြသွားတာပါ။ ကဗျာဆရာက အခုခေတ်မှာတွေ့နေ မြင်နေရတာကို အများပြန်မြင်နိုင် အောင် ပြောပြသလိုပြောပြလိုက်တဲ့ စေတနာအသံကို ကြားနိုင်ပါလိမ့်မယ်။ ကဗျာဆရာပြောသလို ခေတ်တခုကိုပြောင်းဖို့ ဝိုင်းဝန်းကြိုးစားနေတဲ့အချိန်မှာ ပြောင်းလဲရမည်လို့ အော်ပြီး မိမိကိုယ်တိုင် အကျင့်စရိုက်တွေမပြောင်းနိုင်တဲ့သူတွေ များနေကြတာကိုလည်း တွေ့မြင်နေရပါတယ်။ ခေတ်စနစ်တစ်ခုကိုပြောင်းဖို့ ပြည်သူပြည်သားတွေအားလုံး မိမိတို့ကိုယ်ကိုအရင်ဆုံးပြင်ဖို့ မိမိတို့ကိုယ်တိုင် တာဝန်ယူရမှာပါ။ ရေသာခိုအချောင်လိုက်နေသူများရင် ခေတ်စနစ်ပြောင်းလဲတာကို မရနိုင်ပါဘူး။ မိမိကိုယ်တိုင်ပြောင်းလဲဖို့ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ပြည်သူပြည်သားတိုင်း အလေ့အကျင့်ကို ပျိုးထောင်နိုင်ရ ပါလိမ့်မယ်။ သင်္ကြန်ကာလမှာလည်း မိမိတို့ရိုးရာယဉ်ကျေးမှုကို စရိုက်ပျက် ယဉ်ကျေးမှု မဖြစ်အောင် မိမိတို့ပြည်သူပြည်သားတိုင်း စောင့်ရှောက်ရပါလိမ့်မယ်။ သင်္ကြန်ပွဲတော်မှာ လူငယ်တွေ ပျော်ရွှင်ကြတာကိုလည်း တွေ့ရမှာပါ။ အပျော်မလွန်ကျူးဖို့ကို မိုးမခအွန်လိုင်းပေါ်ကနေ ကဗျာဆရာ ကမ်လူဝေးက ကဗျာတပုဒ်ရေးပြီး သတိပေးခဲ့ပါတယ်။
ပျော်ရွှင်ခြင်းလား
ရူးသွပ်ခြင်းလား
မခွဲခြားနိုင်ခင်မှာ
အားလုံး
ပျော်ရွှင်ရူးသွပ်နေကြ
ရူးသွပ် ပျော်ရွှင်နေကြ။
ပျော်ရွှင်ခြင်းမှာ ရူးသွပ်တာလား
ရူးသွပ်ခြင်းမှာ ပျော်ရွှင်တာလား
ဘယ်သူမှ မစဉ်းစား။
ပိတောက် ငုဝါ
နီကြောင်ကြောင် ဆံပင်ထောင်ထောင်
ရွဲရွဲစို ရေစက်များ၊ ယမကာ စတုဒီသာ
တရားဓမ္မ တဏှာရာဂ၊ စီးပွားရေး ကုသိုလ်
မုန့်လုံးရေပေါ် သန္ဓေသားဆေး
ဗူးခွံကောက်တဲ့ကလေး၊ ပန်းကုံးကြီးနဲ့ ဘဘကြီး
အရာရာဟာ
အမွှေဆရာလက်ကပြန်ထွက်လာသလို
ရောယှက်ရောထွေး။
မနှစ်ကတွေ့တဲ့ချစ်သူလေးကို၊ ပြန်တွေ့နိုးနိုးဖွေရှာ
ချစ်စရာဇာတ်လမ်းလား။
အပျိုရည်ပျက်သွားတဲ့ညနေ
ဒူးနဲ့မျက်ရည်သုတ်၊ ဝေဒနာဇာတ်လမ်းလား။
ဘယ်သူတွေဘာပြောပြော
ဒီဂျေသံနဲ့ ကခုန်ရင်း၊ မြနန္ဒာနဲ့ယိမ်းနွဲ့ရင်း
သိကြားမင်းက တစုံတခုကိုစီးပြီး
လူ့ပြည်ကိုဆင်းလာ
လက်မှာ မှတ်စရာ ခွေးရေပုရပိုက်နဲ့
ဝတ္တရားမပျက်၊ မှတ်ချင်ရာတွေမှတ်ရင်း
သင်္ကြန်ဟာ တနှစ်တခါ ရောက်လာပြန်ပြီ။
မြန်မာပြည်ရဲ့အတာသင်္ကြန်ဟာမြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာပျောက်ကွယ်သလိုဖြစ်ခဲ့ပါတယ်။ ဒီယဉ်ကျေးမှုထဲမှာ ကဗျာဆရာသတိပေးသလို စရိုက်ပျက်တွေ ရောနှောလာခဲ့ပါတယ်။ မူးရူးပြီး သရုပ်ပျက် နေတဲ့သင်္ကြန်ဖြစ်ခဲ့ရပါတယ်။ ဒီသရုပ်ပျက်ယဉ်ကျေးမှုကို အစကနေပြန်ပြင်နိုင်မယ်ဆိုရင် ကျနော်တို့ တိုင်း ပြည်၊ ကျနော်တို့လူမျိုး၊ ကျနော်တို့တန်ဖိုးထားခဲ့ကြတဲ့ယဉ်ကျေးမှုဟာလည်း အဆင့်အတန်းတခုကို ပြန်ရ လာနိုင်ပါလိမ့်မယ်။ နှစ်သစ်နဲ့အတူ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ စိတ်အဟောင်းတွေကို အသစ်ပြောင်း လဲ နိုင်ဖို့ လိုပါတယ်။
ဒါကို ကဗျာဆရာမ ဝတ်ရည်မေရဲ့ ကုန်ဆုံးသွားသောစိတ်တန်ဆာများ ကဗျာက ဖော်ပြညွှန်းဆိုနေမါတယ်။
နှစ်ဟောင်းရဲ့စိတ်အညစ်အကြေး
အတာရေနဲ့ဆေးလိုက်တိုင်း
သန့်စင်သွားမယ်ထင်သလား။
နေ့စဉ်ဝတ်နေကျ
ဝါကျင့်ကျင့်စွပ်ကျယ်လေးကရော
ငယ်ငယ်တုန်းအတိုင်း
ဖြူဖွေးနေပါရဲ့လား။
အရစ်ပြုန်းလာတဲ့ ပုလင်းအဖုံးလေးကို
ကျပ်သထက်ကျပ်အောင်
ပိတ်လို့မရတော့တဲ့အခါ
နှစ်ချို့ဝိုင်တွေဟာ
မမူးရစ်စေနိုင်တော့ပါဘူး။
ကဗျာဆရာမဝတ်ရည်မေပြောသလို ခေတ်ဟောင်းထဲက အညစ်အကြေးတွေကို ပြန်ပြင်လို့မရတဲ့အခါ အသစ်ပြောင်းလဲရပါလိမ့်မယ်။ အဟောင်းကိုအသစ်ဆိုပြီးလှည့်စားသလိုမဖြစ်ဖို့လည်း လိုပါလိမ့်မယ်။ အချိန်ယူပြီး အဟောင်းတွေကိုဖယ်ထုတ်ပစ်ရပြီး အသစ်နဲ့အစားထိုး လည်ပတ်နိုင်ရမှာပါ။ ခေတ်အပြောင်းအလဲဟာ ပိုသတိထားဖို့လိုအပ်ပါတယ်။ ခေတ်အပြောင်းအလဲကို လုပ်ဆောင်မှုနဲ့ သက်သေပြနိုင်ရပါလိမ့်မယ်။ ကဗျာဆရာလင်းသက်ငြိမ်ရဲ့ ကျောက်တောင်ကြီးရဲ့ရာဇဝင်ကဗျာက မြင့်မားတဲ့ကျောက်တောင်ကြီးကို ခြေဖဝါးတွေအောက်ရောက်ဖို့ ဆုတောင်းနေရုံနဲ့ ရောက်မလာနိုင်ဘူး ဆိုတဲ့အကြောင်းကို ရေးဖွဲ့ပြသွားပါတယ်။
ကျောက်တောင်ကြီးဟာ အမြင့်ကြီး
အပေါ်ကလူတွေကိုမြင်ရတယ်
အလယ်ကလူတွေကိုမြင်ရတယ်
စတက်နေတဲ့လူတွေကိုလည်းမြင်ရတယ်
ကျောက်တောင်ကြီးကိုဘယ်သူလာချထားတာလည်း
ကျောက်တောင်က ဘာလို့အမြင့်ကြီးဖြစ်နေရတာလည်း
မေးခွန်းတွေဟာခြေထောက်ကို
အားမကောင်းစေဘူး
ကျောက်တောင်ကိုခြေဖဝါးအောက်ထားဖို့
ခြေဖဝါးတွေကို ကျောက်တောင်ကြီးနဲ့
အရင်ထိတွေ့ပေးဖို့လိုတယ်
ကျောက်တောင်ကြီးပြီး၊ ကျောက်တောင်ကြီးတွေပဲလာဦးမလား
လေညင်းတွေကိုကျောက်တောင်ကြီးက သိမ်းမထားနိုင်ပါ
ကျောက်တောင်ကြီးပေါ်ကျခဲ့တဲ့ချွေးစက်တွေကနေ
ပန်းတွေပွင့်မလာဘူးဆိုတာလည်း
ဘယ်သူမှအာမ မခံနိုင်တဲ့ကိစ္စ
ဟေး ကျောက်တောင်ကြီး
ဟေး ကျောက်တောင်ကြီး
မြင့်မားတဲ့ မင့်ကိုယ်ပေါ်က
ငါတို့ ခြေထောက်တွေရဲ့မြေပုံဟာ
သွေးစ ချွေးစတွေနဲ့ ပေကျံနေခဲ့ရင် ခွင့်လွှတ်ပါ
အဲဒါဟာ ဆုတောင်းနဲ့မပြီးကြောင်း
အကောင်းဆုံးသက်သေတွေမို့ပါ။
ကဗျာဆရာ လင်းသက်ငြိမ်က နှစ်ဆန်းတစ်ရက်နေ့ဆိုတဲ့ရက်စွဲတပ်ပြီး ကျောက်တောင်ကြီးရဲ့ရာဇဝင် ကဗျာကို ရေးပြခဲ့ပါပြီ။ ကျနော်တို့အနေနဲ့လည်း ဒီကဗျာထဲမှာပြောတဲ့အကြောင်းကို ပြန်ဆင်ခြင်သုံးသပ်ပြီး လုပ်ဆောင်တဲ့အရာရာတိုင်းကို သက်သေပြနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ မိမိကိုယ်ကိုယ် အထင်ကြီးပြီး ဘဝင်မမြင့်မိဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကိုယ်အထင်ကြီးပြီး လေထဲမှာမြောက်နေခဲ့ရင် ပြုတ်ကျပြီး အထိနာတတ်ပါတယ်။ ကိုယ်ဘယ်လောက်အမြင့်ကိုရောက်နေလဲဆိုတာ ကိုယ့်ထက်ပိုမြင့်တဲ့လူတွေကို အမြဲကြည့်မြင်နိုင်ဖို့ လိုပါတယ်။ ကျောက်တောင်ကြီးတွေက နောက်ထပ်ရောက်လာဦးမှာပါ။ 
ကိုယ့်ကိုယ်ကိုယ်အထင်ရောက်နေရင်ပတ်ဝန်းကျင်က လူ့ငကြွားအဖြစ် သတ်မှတ်ထားတာကိုလည်း ကိုယ်တိုင်ပြန်မမြင်ပြန်မသိနိုင်တဲ့အခြေအနေမျိုး ဖြစ်တတ်ပါတယ်။
ကျောက်တောင်ကြီးတွေရှိနေတာကို အများကလက်ခံထားသလို လက်ခံတတ်မှ မိမိလည်း လက်ရှိ အနေအထားထက်ပိုမြင့်အောင် ကြိုးစားချင်စိတ်ဖြစ်လာမှာပါ။ ခေတ်ပြောင်းလဲမှုမှာ အသစ်ကို လက်ခံနိုင်ပါ မှ အဟောင်းတွေကိုဖယ်ထုတ်နိုင်ပါလိမ့်မယ်။ ဒီလိုအနေအထားဖြစ်မှ ချစ်စရာကောင်းတဲ့ သဘာဝတွေ၊ ချစ်စရာ လွမ်းစရာကဗျာတွေကို ရေးဖွဲ့နိုင်ပါလိမ့်မယ်။ ချစ်စရာ၊ လွမ်းစရာကဗျာလေးတပုဒ်ကိုဖတ်လိုက်မိပြီး ကြောင်းကျိုးဆက် ဆင်ခြင်မိပါစေ။
ဖတ်လိုက်မိတဲ့ ကဗျာလေးကတော့ ကဗျာဆရာမလေးအိန်ဂျယ်လင်းရဲ့ အနားယူချိန် ဆိုတဲ့ချစ်စရာ၊ လွမ်းစရာ ကဗျာလေးပါ။
ကကြိုးရှုပ်ခဲ့တဲ့ဘဝ
အိပ်မက်အခါးတွေ
မီးတင်ရှို့လိုက်တော့
လောင်မီးကျနေတဲ့
နောင်တဆိုတဲ့သစ်ငုတ်တိုလေး
ဆည်းဆာညိုသင်္ကြန်မှာ
လွမ်းစရာအကောင်းဆုံးပေါ့
ပစ္စုပ္ပန် ပိတောက်ပင်ရိပ်ထဲက
ငေးကြည့်လို့ကောင်းတုန်း
ဘေးနားမှာ
ပေါ့ဆိမ့်တခွက်
သက်တမ်းကုန်ဆေးလိပ်တိုတခုနဲ့။
ကဗျာလေးက လွမ်းစရာကောင်းသလို ကိုယ့်ဘဝရဲ့နေ၀င်ချိန်ကို တွေးလိုက်မိပါတယ်။ သင်္ကြန်တွေဘယ်လောက်ပဲကြုံကြုံ၊ တချိန်မှာတော့ သင်္ကြန်တခုဟာ ဆည်းဆာညိုရဦးမှာပါ။ ပစ္စုပ္ပန်ပိတောက်ပင်ရိပ်ထဲက ငေးကြည့်ရင်းနဲ့ လူသားတယောက်ရဲ့ဘဝဟာ အနားယူချိန်ရောက်ရမှာပါ။ လူသားတိုင်းရဲ့ဘ၀တွေလည်း အသီးသီး အနားယူချိန်တွေ မလွှဲသာပဲ ရောက်ရမယ်ဆိုတာ သတိတရား ထားနိုင်ကြမယ်ဆိုရင် လွမ်းစရာဖြစ်ပါလိမ့်မယ်။
ကိုနိုင်း
ထုံကူးခဲ့သောကဗျာများ
၁။ သျှီသူအောင်(နှစ်ဆန်း စာ)၊ Shrithu Aung TimeLine. ၁၇ ဧပြီလ ၂၀၁၇
၂။ ကမ်လူဝေး(သင်္ကြန်)၊ မိုးမခအွန်လိုင်း၊ ၁၇ ဧပြီ။ ၂၀၁၇
၃။ ဝတ်ရည်မေ(ကုန်ဆုံးသွားသောစိတ်အဆင်တန်ဆာများ)၊ ဝတ်ရည်မေ TimeLine ၁၇ ဧပြီ ၂၀၁၇
၎။ လင်းသက်ငြိမ်(ကျောက်တောင်ကြီးရဲ့ရာဇဝင်)၊Lynn Thet Nyein TimeLine၊ ၁၇ ဧပြီ ၂၀၁၇
၅။ အိန်ဂျယ်လင်း( အနားယူချိန်)၊ Angel Light TimeLine၊ ၁၈ ဧပြီ ၂၀၁၇
-သူရိယနေဝန်း vol 1. no 145. 29 April 2017 ပါ ဆောင်းပါးကို စာရေးသူ၏ခွင့်ပြုချက်အရ တင်ပါသည်။
သစ်ခက်သံလွင်
Thursday, April 27, 2017
Mimi Thaw
သစ်ခက်သံလွင် ကဗျာ၊ တည်ဘွားဦး၊ မြစ်အောင် နှင့် ကျော်ကျော် မြရည်စမ်းတို့၏ ကဗျာများ
အိပ်ဆေး
paintingandframe.com
အရိုးရှင်းဆုံးပြောရရင်တော့
အိပ်လို့မရတာပါပဲ
နိုင်ငံကြီးသားပီသစွာနဲ့
အိပ်လို့မရတာပါပဲ
အေးအေးဆေးဆေး
မှန်မှန်ကန်ကန် ဖြေရှင်းပါတယ်
အိပ်လို့မရတဲ့ ညကြီးရေ
အိပ်ဆေးသောက်ပြီး အိပ်လိုက်တယ်ကွာ
တည်ဘွားဦး
….
 မြေကြီး  
heimart.com
ဒါဒို့ပြေ
ဒါဒို့မြေဟာ
သူများခြံစည်းရိုးထဲရောက်လို့
လယ်သူမကြီးခေါင်းထဲကကျည်ဆန်
တောင်သူဦးကြီးလည်ပင်းကကြိုး
မြေသြဇာအဖြစ်
လူ့သွေးတွေ ဖြည့်ခဲ့ရလေတယ်။။
မြစ်အောင်
….
visualmelt.com
 သွားလေရာလာလေရာ
ရှေးလူကြီးတွေကို မြင်ရ။
ခရီးတွေများ
များသလောက်
ရှေးလူကြီးတွေဟာ တခါတလေတော့
ဇာတ်လိုက်
တခါတလေတော့ ကြော်ငြာဝင်ရိုက်ပေးရ
ဒါရိုက်တာတွေ  များသလောက်
ရှေးလူကြီးတွေ များရတယ်
ရှေးလူကြီတွေဟာ ရှေးစကားကို
ကိုယ်စားပြောခိုင်းချင်ပေမဲ့
ကိုယ်စားလှယ်မရှိရှာဘူး
ရှေးလူကြီးတွေဟာ ပန်းခြံနဲ လမ်းဆုံ၊ အဝိုင်းပတ်
ငြိမ်ငြိမ်လေးရပ်။   
ကျော်​​ကျော် မြရည်စမ်
၂၆၄၁၇
k
သစ်ခက်သံလွင်၊ စာရေးဆရာမ ခင်ပန်နှင်းအတွက် ဝမ်းနည်းစကား
ဝမ်းနည်းခြင်း
ဓာတ်ပုံ- သင်းသင်းသာ ..မှ ယူပါသည်
ဝတ္ထုတိုရွှေခေတ်တွင် အောင်မြင်ကျော်ကြားခဲ့သည့် ဆရာဝန်စာရေးဆရာများအနက် စာရေးဆရာမ ခင်ပန်နှင်း (ဒေါက်တာ ခင်မြင့်ဦး) ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ကျန်ရစ်သူမိသားစုများ၊ စာပေအနုပညာလောကသားများနှင့်အတူ နှမြောတသ ကြေကွရပါကြောင်း ဖော်ပြအပ်ပါသည်။ ဆရာမ ခင်ပန်နှင်း ငြိမ်းချမ်းရာ ဘုံဘဝရောက်ပါစေ....
 သစ်ခက်သံလွင် 
ဧပြီ ၂၇၊ ၂၀၁၇
k
သစ်ခက်သံလွင်၊ အမှတ်တရ-မြတ်လှိုင်း၏ "မုန်တိုင်းထန်သောလမ်းမှ ကြယ်နှစ်ပွင့်ကိုလွမ်းခြင်း"
မုန်တိုင်းထန်သောလမ်းမှ ကြယ်နှစ်ပွင့်ကိုလွမ်းခြင်း
(စီးဆင်းနေသောမြစ်များနှင့်ပြန်မစီးဆင်းနိုင်တော့သောမြစ်များ) 
မြတ်လှိုင်း
စာရေးဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)နဲ့ ကဗျာဆရာကြီး မောင်ခိုင်မာအတွက် အမှတ်တရ  
ကျနော်တို့ ဗန္ဓုလသဘောင်္ကိုစီးပြီး ရန်ကုန်မြို့မှထွက်ခွာလာခဲ့ကြ ပါတယ်။ အဲဒီနေ့ကတော့ ၁၉၉၀ ခုနှစ် ဧပြီလမှာပေါ့။ 
ကျနော်တို့သွားမယ့်မြို့ဟာ မြောင်းမြမြို့ဖြစ်ပါတယ်။ မြောင်းမြမြို့ဆိုတာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းကတော်၊ အခုလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ဇာတိမြို့ပါ။ အခုသွားရောက်ရမှာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အထွေထွေရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်အရွေးခံမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်ဖြစ်တဲ့ ဦးအောင်ကြင်နဲ့ ဦးစိုးမင်းတို့အတွက် မဲဆွယ် တရားဟောပြောဖို့ပါ။ ဒီဟောပြောပွဲကို ရန်ကုန်လမ်းသစ်ရိပ်သာ မှာနေတဲ့ မြောင်းမြသား အင်အယ်ဒီအဖွဲ့ဝင် ကိုမြင့်လွင်က အစအဆုံးစီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီအဖွဲ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန်နဲ့လိုက်ပါလာသူတွေကတော့ ကိုမြင့်ဆွေ(ကဗျာဆရာ တင်ဆွေမိုး)၊ ကိုအောင်ကျော်ဦး( လူရွှင်တော်ကိုပိန်ပိန်)နဲ့ ကျနော်တို့ဖြစ်ပါတယ်။ ကျနော်တို့နဲ့အတူ ပါဝင်ပြီးဟောပြောပေးမယ့်သူတွေက စာရေးဆရာ မောင်လင်းယုန်(ရှမ်းပြည်)၊ ကဗျာဆရာ မောင်ခိုင်မာ၊ စာရေးဆရာ စိုးမြင့်လတ်တို့ ဖြစ်ပါတယ်။
ကျနော်တို့ အင်အယ်ဒီတာဝန်ရှိသူတွေကတော့ ကိုမြင့်ဆွေ( ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအတွင်း ရေးမှူး)၊ကျနော်နဲ့ကိုအောင်ကျော်ဦး(ကိုပိန်ပိန်)တို့က ဗဟိုတတ် သိအဖွဲ့ဝင်နဲ့ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ ဒါ့အပြင် ကျနော်က အင်အယ်ဒီ၊ ဧရာဝတီတိုင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအတွင်းရေးမှူးတာဝန်လည်း ယူထားရပါတယ်။ ကျနော်တို့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့ဟာ မြောင်းမြမြို့ကိုမနက်အစောကြီးရောက်ခဲ့ပါတယ်။ မြောင်းမြမြို့က ဧရာဝတီတိုင်းစည်းရုံးရေးအဖွဲ့ဝင် ဦးလှသန်းကတော့ ပုသိမ်ထောင်ထဲမှာ ထောင်နန်းစံနေ ရပါတယ်။ မြို့နယ်စည်းရုံးရေးခေါင်းဆောင် ဦးမြင့်လွင်နဲ့ မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များကြိုဆိုခဲ့ကြပါတယ်။ အင်အယ်ဒီမြို့နယ်ရုံးကို ဦးဘချိုလမ်းမှာဖွင့်လှစ်ထားပါတယ်။ ဧရာဝတီတိုင်း အင်အယ်ဒီ အောင်နိုင်ရေး အဖွဲ့မှာ ဥက္ကဋ္ဌ ဦးတင်ထွဋ်( ၉၀ ခုနှစ်အိမ်မဲလွှတ်တော်ကိုယ်စားလှယ်)၊ ဒုဥက္ကဋ္ဌကတော့ ဦးလှဖေ(၉၀ခုနှစ် မော်ကျွန်းလွှတ်တော်ကိုယ်စားလှယ်)တို့က တာဝန်ယူထားပါတယ်။
ကျနော်တို့အဖွဲ့ကို ဦးဘချိုလမ်းကတော်ဝင် တည်းခိုခန်းမှာ တည်းခို စေခဲ့ပါတယ်။ တည်းခိုခန်းမှာနေရာချပေးတော့ မနက်အစောကြီးရှိ ပါသေးတယ်။ မဲဆွယ်တရားဟောပွဲက နေ့လည် ၁၂ နာရီမှစမှာပါ။ ဒါပေမဲ့ တည်းခိုရမယ့်အခန်းတွေကိုနေရာချတုန်း စစ်သားတွေရောက် လာပြီး သန်းခေါင်စာရင်း စစ်တော့တယ်။ ကျနော်တို့ရဲ့မှတ်ပုံတင်တွေကိုကြည့်ပြီး နာမယ်နဲ့လူ တူမတူ သေချာ စစ်တယ်။ အဲဒီမှာ ကျနော်တို့သိလိုက်ပြီ။ ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောပွဲကို အနှောင့်အယှက်ပေးတော့မယ်လေ။ သူတို့သိချင်တာက ကျနော့်ကိုပါ။ ကျနော်က အင်အယ်ဒီပါတီ ဧရာဝတီတိုင်းရဲ့အတွင်းရေးမှူးဖြစ် နေတာကိုး။ ဧရာဝတီတိုင်းထဲမှာ မြို့တိုင်းကို ကျနော်သွားပြီး ၉၀ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ် လောင်းတွေ နဲ့တွေ့ဆုံခဲ့တာကို အာဏာပိုင်တွေက သိနေခဲ့ တယ်။ ဒါပေမဲ့ အာဏာပိုင် စစ်အာဏာရှင်တွေ အနေနဲ့ မြတ်လှိုင်းဆိုတဲ့အမည်ကိုပဲကြားဖူးပါလိမ့်မယ်။ လူကိုတော့ မတွေ့ဖူးပါဘူး။ ကျနော်ကလည်း တမြို့ ကိုရောက်ပြီးတာနဲ့ ချက်ချင်းပြန်ထွက်ခဲ့တယ်။ ပုသိမ်တိုင်း ရုံးမှာလည်း အထိုင်နည်းပါတယ်။ နောက် ကျနော် မှတ်ပုံတင်နာမယ်က စိုးမြတ်ဖြစ်နေတာလည်း ကျနော် ကံကောင်းတာပါ။ ဒီမှတ်ပုံတင်ကြောင့် ကျနော် အဖမ်းခံရမယ့်အခြေအနေကလွတ်ခဲ့တာပါ။  ပုသိမ်မြို့ကို ဒေါ်အောင်ဆန်း စုကြည်နဲ့ စည်းရုံးရေးခရီးစဉ် သွားတဲ့အချိန်မှာတခါ။ အခုတခါနဲ့ဆို နှစ်ခါရှိပြီ။မနက်ဖက်ကြီးသန်းခေါင်စာရင်းစစ်ရတယ်လို့ဆိုပြီး မကျေ မချမ်းနဲ့ ဆရာရှမ်းက တဗျစ်တောက်တောက် ပြောနေပါတယ်။ စစ်အာဏာရှင်ခေတ်မှာ ဘာကိုမှထူးဆန်း တယ်ပြောလို့မရနိုင်ဘူးလေ။ 
စစ်အာဏာရှင်ဗိုလ်ချုပ်တွေရဲ့ပါးစပ်ထဲမှာ ဥပဒေတွေရှိနေတဲ့ခေတ်ကြီးပါ။ မြန်မာပြည်ရဲ့စစ်အာဏာရှင် ခေတ်သမိုင်းဆိုးကြီးထဲမှာ ဧရာဝတီတိုင်းကစစ်အာဏာရှင်ဗိုလ်ချုပ်မြင့်အောင်က အဆိုးဆုံးစစ်အာဏာရှင် တယောက်ပါ။ သူအုပ်ချုပ်တဲ့အချိန်ကစပြီး ဧရာဝတီတိုင်းအတွင်းက အင်အယ်ဒီခေါင်းဆောင်တွေကို အဖိနှိပ်ဆုံးလုပ်ဆောင်ခဲ့တာပါ။
မှတ်မှတ်ရရ အဲဒီမနက်ကမိုးတွေရွာချနေတယ်။ ပိတောက်ပန်းတွေလည်း ပွင့်နေတယ်။
ကျနော်တို့ထုတ်တဲ့ အင်အယ်ဒီမှတ်တမ်းလွှာထဲမှာေ ရးလိုက်တဲ့ ပိတောက်တွေလှိုင်တဲ့နှစ်၊ ခမောက်တွေ  နိုင်မယ့် ခေတ်။ ငုနဲ့ပိတောက် နွေမှာလှိုင်ပြီ၊ စုနဲ့ခမောက် မေမှာနိုင်မည် ဆိုတာကို နိမိတ်ကောင်းတယ် လို့ထင်ခဲ့တယ်။ ဒီ ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ကျနော်တို့ ကျိမ်းသေနိုင်မယ်ဆိုတာ ကျနော်တို့သိနေပါတယ်။ ယုံလည်းယုံကြည်နေခဲ့တယ်။
အဲဒီလိုနဲ့၊ နေ့လည်ရောက်တော့ မြောင်းမြမြို့၊ ဘောလုံးကွင်းကြီးထဲမှာ မဲဆွယ်တရား ဟောတော့တယ်။ မိုးကလည်း ကောင်းနေတာပေါ့။ ပရိတ်သတ်တွေရောက်လာပါ့မလားလို့တောင် စိုးရိမ်နေမိတယ်။ ဒီမြောင်းမြကိုရောက်တော့ အဖွဲ့ဝင်တွေက သတင်းအကုန်ပေးတယ်။ ၀န်ထမ်းတွေကို ဒီမဲဆွယ်ဟောပြောပွဲ ကို ဘယ်သူမှမသွားရဆိုတဲ့အမိန့်ထုတ်ထားသတဲ့။ ကျောင်းပိတ်ရက်ဆိုတော့ ကျောင်သားတွေကိုတော့ တားမြစ်ထားလို့မရဘူး။
ဟောပြောပွဲစစချင်းမှာ ပရိတ်သတ်က နည်းပါတယ်။ နောက် မြောင်းမြမြို့နယ် ကျေးရွာတွေက အင်အယ်ဒီ ပါတီဝင်တွေ တက်ရောက်လာကြတယ်။ စစချင်း ဆရာရှမ်းက စဟောတယ်။ စင်ပေါ်ကနေ စိမ်းမြသစ်ရွက် တို့ ကြွေနေတုန်း၊  တချို့တွေ နေနိုင်လွန်းတယ်ဆိုတဲ့ အဆိုတော်ခိုင်ထူးသီချင်းကို ဟစ်ပါလေရော။ လက်ခုပ်သံတွေဆူညံလို့ပေါ့။ တဖြေးဖြေးနဲ့လည်း ဘောလုံးကွင်းထဲမှာ ပရိတ်သတ်တွေပြည့်လာတယ်။ ထီးလေးတွေဆောင်းလို့ပေါ့။
နောက် ကိုမြင့်ဆွေ(တင်ဆွေမိုး)၊ ကိုအောင်ကျော်ဦး(ကိုပိန်ပိန်)၊ ကိုပိန်ပိန်ကတော့ ရွေးကောက်ပွဲမှာ မဲပေးရမှာကိုရှင်းသွားတယ်။ ကိုခိုင်မာနဲ့ ကိုစိုးမြင့်လတ်တို့ကလည်း ကဗျာတွေရွတ်ပြသွားကြတယ်။ ကဗျာဆရာမောင်ခိုင်မာက စင်ပေါ်တက်တက်ချင်း” မြောင်းမြကိုလှမ်းမြင်လိုက်ကတည်းက ရင်ထဲထိတ်ခနဲဖြစ်သွားတယ်၊ ဘုရား ဘုရား  ဒါ ဧရာဝတီတိုင်းပါလား” ဆိုပြီး ပြောလိုက်တာကိုလည်း လက်ခုပ်သံတွေ ဆူညံသွားစေခဲ့ပါတယ်။
နောက်ဆုံးက ကျနော်ဟောပြောရတယ်။ ကျနော်ဟောပြောဖို့ စင်ပေါ်တက်သွားတဲ့အချိန်ထိ မိုးရွာလို့ ကောင်းတုန်းပါ။ ထီးတွေဆောင်းထားညပီး ဘောလုံးကွင်းအပြည့်နားထောင်နေတုန်းပါ။ ကျနော်က စပြီး၊ ကျနော်တို့ ခေါင်းဆောင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယိချုပ်ခံထားရတယ်။ သူ့ဘ၀က မြန်မာပြည်အတွက် လမ်းကြမ်းကြမ်းကို နင်းလျှောက်နေရတယ်။ နေပူနေတဲ့နွေနေ့လည်ခင်းတွေမှာလည်း အမိုးအကာမပါပဲဖြတ်သန်းနေရတယ်။ အခုလို မိုးရာသီမှာလည်း ထီးမဆောင်းပဲ မိုးရေထဲမှာ ဖြတ်သန်း နေရတယ်လို့ စပြီးပြောလိုက်တဲ့အချိန်မှာ ဆောင်းထားတဲ့ထီးတွေအကုန်ပိတ်သွားတယ်။ 
ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းခရီးစဉ်တုန်းက ခမောက်လေးတလုံး ဆောင်းပြီး ပြည်သူတွေကိုတရားဟောခဲ့တာကို သတိရလိုက်သလိုပါပဲ။ မိုးရွာနေတဲ့အချိန်မှာ ကျနော်တို့ ခေါင်းဆောင်နဲ့အတူ မိုးရွာထဲမှာ အမိုးမကာမပါပဲအတူလျှောက်လှမ်းမယ်ဆိုတာကို ပြည်သူတွေက ပြလိုက် တာပါပဲ။ ကျနော်က ပြိုင်ဘက်ပါတီကခေါင်းဆောင်ဖြစ်သူပြောတဲ့စကားကို စင်ပေါ်က ပြန်စိန်ခေါ်လိုက်ပါ တယ်။ အဲဒီအချိန်တုန်းက ကျနော်တို့အင်အယ်ဒီကိုလိုက်ပြိုင်ပြီး ထိုးနှက်နေတာက ဦးအောင်ကြီးပါ။ သူပြောလိုက်တာက ဦးခေါင်းမရှိပဲနဲ့(နေအိမ်အကျယ်ချုပ်ကျနေတဲ့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုညွှန်းဆိုပြီး တိုက်ခိုက်လိုက်တာပါ) ခမောက်ဘယ်လိုမှမဆောင်းနိုင်ဘူးလို့ တိုက်ခိုက်ပြောလိုက် တာကို ကျနော်က ကျနော်တို့ သန်းလေးဆယ်သောပြည်သူတွေရဲ့ခေါင်းပေါ်မှာ ခမောက်ဆောင်းထားတာ ကို ဦးအောင်ကြီး မမြင်နိုင်ပါဘူး၊ ခမောက်က ကျနော်တို့ အမိအဖဆိုပြီး သဘောထားတဲ့ပြည်သူတွေရဲ့ ဦးခေါင်းပေါ်မှာဆောင်းထားတာပါ။ အခုအချိန်မှာ ကျနော်တို့အနေနဲ့ မိဘဆိုတဲ့ပြည်သူတွေကိုဦးဆောင်နိုင် တဲ့အနေအထားမရှိသေးပေမယ့် ပြည်သူနဲ့အတူတူ ဒီမိုကရေစီလမ်းကြမ်းကြီးကို လျှောက်လှမ်းပါ့မယ်ဆို တဲ့ကတိကိုပေးနိုင်ပါတယ်။ သန်းလေးဆယ်သောပြည်သူတွေနဲ့အတူတူ ခမောက်ကိုဆောင်းထားပါ့မယ်။ 
ပရိတ်သတ်တွေက လက်ခုပ်သံတွေ ဆူညံနေခဲ့ပါတယ်။ ဒီ ဒီမိုကရေစီလမ်းကြမ်းကြီးကို ပြည်သူနဲ့အတူ လျှောက်လှမ်းနေပြီး ကျနော်တို့အနေနဲ့ အမိအဖဆိုတဲ့နေရာ၊ အိမ်ဦးခန်းမှာထားပြီး အလုပ်အကျွေးပြုနိုင်ဖို့ ကျနော်တို့ကို အလုပ်အကျွေးပြုခွင့် ဒီနေရာမှာလာတောင်းတာပါ။ အဲဒီအချိန်ကျရင် ပြည်သူကို ကျနော်တို့ ဦးဆောင်ပြီး လက်တွဲခေါ်သွားနိုင်မှာပါ။ ဒီတာဝန်ကိုကျနော်တို့ယူဖို့ဆိုပြီးပြောနေပေမယ့်၊ ကျနော်စဉ်းစား မိတာကိုပြောပါ့မယ်။ အခုပြောနေတာက ဘောလုံးကွင်းထဲမှာဆိုတော့၊ ဘောလုံးပြိုင်ပွဲရဲ့ ဥပမာကို ပေးချင် ပါတယ်။ဘောလုံးကိုယှဉ်ပြိုင်နေကြတဲ့ဘောလုံးအသင်းနှစ်သင်းရှိပါတယ်။ ဒါကို ကြည့်နေကြတဲ့ ပရိတ် သတ်လည်း ရှိပါတယ်။ ဒီဘောလုံးပြိုင်ပွဲကို တရားမျှတအောင်ဆောင်ရွက်ပေးမယ့်ကွင်းလယ်ဒိုင်လည်း ရှိပါတယ်။ တကယ်လို့ကွင်းလယ်ဒိုင်ကတဖက်သတ်ဆုံးဖြတ်ပြီး တဖက်အသင်းကိုပဲ ပင်နယ်တီပေးနေခဲ့ရင် ဘက်လိုက်နေခဲ့ရင် ကြည့်နေတဲ့ပရိတ်သတ်ကသိပြီး ထဆူပူမှုဖြစ်မှာပါ။ ဒီတော့ ပွဲဆူတယ်ဆိုတာ ဒိုင်လူကြီးဘက်လိုက်ရင်လည်း ဆူတတ်တာကိုသတိပေးလိုက်ပါရစေဆိုပြီး ကျနော် ပြောလိုက်တဲ့အချိန်မှာ ပရိတ်သတ်တွေရဲ့လက်ခုပ်သံတွေမစဲနိုင်အောင်ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာ အလုပ်ရှုပ်သွားတာက စစ်ထောက်လှမ်းတွေပါပဲ။ ကျနော်ဟောပြောတာတွေကို ရီကော်တာနဲ့အသံဖမ်းထားပြီး ကျနော်ကိုဖမ်းဖို့ လုပ်နေပါတယ်။ ကျနော်ဟောပြောနေတာကိုရပ်ပေးဖို့ စစ်ထောက်လှမ်းရေးတွေ၊ ရဲထောက်လှမ်းရေးတွေ က စင်အောက်မှာရှိတဲ့ ကိုမြင့်လွင်တို့ကို တွန်းအားပေးနေပါတယ်။ ကိုမြင့်လွင်နဲ့ညမို့နယ်စည်းရုံးရေး ခေါင်းဆောင်တွေက အခုကျနော်ဟောပြောနေတာကို ရပ်ပေးဖို့မပြောနိုင်ဘူး၊ ပွဲပြီးမှ သူတို့ကိုဖမ်းပါဆိုပြီး ငြင်းဆန်လိုက်တယ်။ မြို့နယ်စည်းရုံးရေးမှူးတွေက ဒီအခြေအနေကို သိပြီး ကျနော် စင်ပေါ်ကဆင်းတဲ့ အချိန်မှာ ပင်နီအကျီင်္ကိုချက်ချင်းလဲစေပြီး ဘောလုံးကွင်းထဲက အမြန်ဆုံး ခေါ်ထုတ်သွားခဲ့ကြတယ်။ ကျနော်တို့တည်းခိုတဲ့တည်းခိုခန်းကိုခေါ်မသွားပဲ၊ သဘောင်္ဆိပ်နားကအိမ်တအိမ် ကို ခေါ်သွားပြီး ဝှက် ထားကြတယ်။ ညမိုးချုပ်တဲ့အချိန်မှာ ပုံမှန်ထွက်နေကျ အစိုးရသဘောင်္နဲ့မဟုတ်တဲ့ နှစ်ထပ်ပုဂ္ဂလိက ပိုင်သဘောင်္နဲ့တင်ပေးလိုက်ကြတယ်။ ကျနော်တို့သဘောင်္ပေါ်တက်တဲ့အချိန်မှာ အင်အယ်ဒီ ပါတီအဖွဲ့ဝင် တွေနဲ့ကျောင်းသားသမဂ္ဂတွေလူအုပ်ကြီးနဲ့ အကာအကွယ်ပေးပြီး တက်စေပါတယ်။ 
နောက်တခုကံကောင်းတယ်လို့ပြောရမှာပါ။ စစ်ထောက်လှမ်းရေးတွေက ကျနော်ဟောပြောတာတွေကို အသံသွင်းထားတဲ့ရီကော်ဒါက မိုးရေတွေစိုလို့ပျက်သွားတယ်တဲ့။
မြောင်းမြမြို့ကနေအောင်မြင်စွာနဲ့ ရန်ကုန်ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့စီးလာတဲ့သဘောင်္ဟာ လမ်းမှာ မုန်တိုင်းမိခဲ့ပါတယ်။ ရှေ့ဆက်မသွားနိုင်တော့ပဲ အချိန်တော်တော်ကြာအောင် ကမ်းဘေးကို ထိုးကပ်ထားခဲ့ရပါတယ်။ ကျနော်တို့အဖွဲ့လည်း ရင်ခုန်နေခဲ့ရတယ်။ ဘုရားစာရွတ်နေတဲ့သူတောင် ပါမလားမသိ။ ဆရာရှမ်းက ကိုမြင့်လွင်ကိုမေးလိုက်တယ်။” ကိုမြင့်လွင်က ‘  ဟာ ဘယ်ပြောလို့ရမလဲ ဆရာရှမ်းရဲ့၊ အချိန်မရွေးမြုပ်သွားနိုင်တယ်’ “ ဒါဆို ကျုပ်ရေမကူးတတ်ဘူး၊ အိပ်တော့မယ်၊ဘာထူးလဲဗျ၊ သေချင်လဲသေပစေဆိုပြီး ဒီခရီးကိုလိုက်လာတာပဲ”လို့ ပြောပြီး ဆရာရှမ်းအိပ်ပါလေရော။
မုန်တိုင်းကလည်းပိုပြင်းထန်လာတယ်၊ မိုးကလည်း သည်းသည်းမည်းမည်းရွာနေတယ်။ ဆရာရှမ်း ဟောက်သံကလည်း မိုးနဲ့မုန်တိုင်းနဲ့အပြိုင်ပါပဲ။ အဲဒီညက မုန်တိုင်းဟာ အတော်ကြီးကိုကြမ်းကြမ်းတမ်း တမ်းတိုက်ခတ်ခဲ့တယ်ဆိုတာ ပြန်အမှတ်ရနေပါတယ်။ 
 ကျနော်ပြောရဲတာက ၉၀ ခုနှစ်က အင်အယ်ဒီပါတီဆိုတာ ပြည်သူတွေအတွက် ရှေ့တန်းက စစ်အာဏာ ရှင်စနစ်ကို ရဲရဲဝံ့ဝံ့ရပ်တည်နိုင်ခဲ့တဲ့ပါတီဆိုတာကို ပြည်သူဖက်ကရပ်တည်နေတဲ့ ကဗျာဆရာတွေ၊ စာရေး ဆရာတွေ ပါဝင်ခဲ့တာနဲ့သက်သေပြနိုင်ခဲ့ပါတယ်။ ရှေ့မှာအလွန်ခက်ခဲကြမ်းတမ်းတဲ့ ဒီမိုကရေစီခရီးလမ်း ကို ပြည်သူနဲ့အတူလျှောက်ခဲ့ရပါတယ်။  နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်လောက်ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီတုန်းက ပြည်သူကို ပြန်ဦးဆောင်နိုင်ဖို့ တာဝန်ကိုရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးက မဲပေးလိုက်ကြ ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ဆန္ဒကို စစ်အစိုးရက ဗြောင်ငြင်းပယ်ခဲ့တယ်။ ပိတောက်တွေလှိုင်မယ့် နှစ် ဆိုတာကို အညွှန့်ချိုးပစ်ခဲ့ကြတယ်။ ခမောက်တွေနိုင်မယ့်ခေတ်ကိုလည်း ရိုက်ချိုးပစ်ခဲ့ပါတယ်။ ခမောက်တခြမ်းကိုကြိုးတုတ်ပြီး တခြမ်းကိုထောင်သွင်းအကျဉ်းချပစ်ခဲ့တယ်။ ခမောက်ကိုဆောင်းခဲ့တဲ့ ပြည်သူတွေကိုလည်း အမိန့်အာဏာတွေနဲ့တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့ကြပါတယ်။ 
ခမောက်တွေကိုဆောင်း အနိုင်ကိုကာကွယ်ဖို့ကြိုးစားသူမှန်သမျှ၊ ဘ၀တွေပျက်အောင်ဖျက်ခဲ့ကြပါတယ်။ နောက်ဆုံး အသက်တွေကြွေတဲ့အထိအထိခြွေပစ်ခဲ့ကြပါတယ်။ ကျနော်တို့ပြည်သူတွေဟာ ဇွဲမလျှော့ခဲ့ကြ ပါဘူး။ နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်တာမျှ ခရီးကြမ်းကြီးကို အတူပါဝင် လျှောက်လှမ်းခဲ့ပါတယ်။ ကျနော်တို့ မြန်မာပြည်ရဲ့ပြည်သူတွေကို အသိအမှတ်ပြုရမှာပါ။ အာဇာနည် သူရဲကောင်းတွေအတွက် အထိမ်းအမှတ် ကျောက်တိုင်စိုက်ထားသလိုမျိုး ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူများကျောက်တိုင်စိုက်ထူထားရပါလိမ့်မယ်။ ပြီးတော့ ပြည်သူတွေနဲ့အတူပါဝင်ခဲ့တဲ့ကဗျာဆရာများ၊ စာရေးဆရာများကျောက်တိုင်ကိုလည်း စိုက်ထူထား ရမှာပါ။ ဒီအမှောင်ခေတ်လမ်းမှာ ကဗျာဆရာတွေ၊ စာရေးဆရာတွေအနေနဲ့ ကြယ်ပွင့်တွေတောက်ပခဲ့ သလို တောက်ပခဲ့ပါတယ်။
ဒီခရီးလမ်းရဲ့ကြမ်းတမ်းမှုတွေထဲမှာ အခုဆိုရင် ကြယ်နှစ်ပွင့်ကြွေကျသွားခဲ့ရပါပြီ။ ကဗျာဆရာမောင်ခိုင်မာနဲ့ စာရေးဆရာမောင်လင်းယုန်(ရှမ်းပြည်)တို့ပါ။ တခြားသောအတောက်ပဆုံးကြယ်ပွင့်ကြီးတွေလည်း ကြွေခဲ့ ကြပါတယ်။ 
ဆရာရှမ်း(မောင်လင်းယုန်ရှမ်းပြည်)နဲ့ ဆရာမောင်ခိုင်မာတို့ကိုလည်း မှတ်တမ်းတင်ထားမိပါတယ်။ ကြွေသွားတဲ့ အတောက်ပဆုံးကြယ်နှစ်ပွင့်ကို ပြန်တမ်းတနေမိပါတယ်။ နောက်ဘ၀ရှိခဲ့ရင် ဒီဘ၀ထက်ပိုပြီး လင်းလက်တောက်ပတဲ့ကြယ်ကြီးတွေဖြစ်ပါစေ။
မြတ်လှိုင်း
Vol -6.No - 280 .28.4.2017 First Weekly ဂျာနယ်မှာ ဖော်ပြပြီးဖြစ်သည်။
Tuesday, April 25, 2017
k
သစ်ခက်သံလွင်ကဗျာ၊ ဒီလူည နှင့် ဆိုင်းဗျူ တို့၏ကဗျာများ
နံရံဟာ လေးလံလာတယ်
POS
ငါ ရပ်ကြည့်နေတုန်း မျက်နှာကြက်မှာ ကပ်ထားတဲ့
မီးချောင်းတွေက တချောင်းပြီးတချောင်း ကျကွဲကုန်တယ်
ဖန်ကွဲစတွေပေါ်လှမ်းဖို့ ငါ့ခြေထောက်တွေ တုန်ရီနေတုန်း
လက်ငါးချောင်းအပြည့် ကြယ်တွေတပ်ထားတဲ့အခန်းထဲ
အိပ်ပျော်နေတဲ့ဇီးကွက်တကာင်ဟာ နိုးထလာပြီး
တောင်ပံတဖျပ်ဖျပ်ခတ်ကာ ကျယ်ကျယ်လောင်လောင်
သမ်းဝေလိုက်တယ်
ငါ့သွေးတွေ ပိုခုန်သွားတယ်
 မိုးတွေသည်းလာတဲ့ မြင်ကွင်းတခုဟာ ငါ့မိုးကာ အင်္ကျီထဲရောက်လာ
ပလပ်ပေါက်ထဲမှာ လေထုဟာ မှောင်လို့ကောင်းတုန်း
ငါ့ စနေ တနင်္ဂနွေတွေက ပင်လယ်နံ့တွေ ပျောက်ဆုံးနေတုန်း
ညက ငါ့အတွေးထဲသာယာခဲ့တဲ့ စော်တဗွေဟာ
ငါ့ရှေ့ကနေ မီးနီကိုဖြတ်မောင်းသွားတဲ့ကားပေါ် ပါသွားတာ
တွေ့လိုက်တယ်
ငါ့သွေးတွေပူလာတယ်
ငါ့လက်ထဲရောက်လာတဲ့ ရေသန့်ဗူးတွေက တံဆိပ်မျိုးစုံ
ရေခဲရိုက်ထားတဲ့အတိုင်း အငွေ့ကလေးတွေထွက်နေတုန်း
နံရံက စိမ့်ထွက်လာတဲ့အသံတွေဟာ
ငါ့နားကို လာ လာ ကိုက်ခဲတယ်
ငါ့မျက်လုံးတွေ ရောက်သွားတဲ့ကောင်တာမှာတော့
ဇီးကွက် တကောင်က ပြုံးပြုံးကြီးနဲ့ခန့်ခန့်ကြီး။   
ဒီလူည
.....
တောနက်ထဲက အော်သံ
POS
သစ်ပင်ဖြတ်နေတဲ့
စက်သံတွေ တောနက်တခုလုံးကို
လွမ်းမိုးထား ။
အပြစ်မဲ့တဲ့အပင်တွေက
လွှစက်တွေအောက် ဝမ်းနည်းစွာနဲ့
ပြိုလဲခဲ့ရတယ် ။
လောဘသံများစွာ
တတောလုံးမှာ
မြည်ဟိန်းနေ
ငါတို့တားဆီးပေမဲ့
တားခွင့်မရခဲ့ဘူး
ခွင့်ွှတ်ပါကွယ် ။   
ဆိုင်းဗျူ
 ...