ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် ( ၉ )
သင်္ကြန်၊ နှစ်သစ်ကူး ခေတ်ပေါ်ကာရန်များ
ကိုနိုင်း
အခုဆိုရင် ကျနော်တို့မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပနေမြဲဖြစ်တဲ့ အတာသင်္ကြန်ရေသဘင်ပွဲတော်ကြီး ငြိမ်းချမ်းစွာကျင်းပခဲ့ပြီးပါပြီ။ အရပ်သားအစိုးရရဲ့တစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာ ရေသဘင်ပွဲတော်ဟာ မြန်မာ့ ယဉ်ကျေးမှုကိုပြန်လည်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။ အရင်အစိုးရလက်ထက်မှာ ရေ သဘင်ပွဲတော်ဟာ စရိုက်ပျက်တွေအများကြီးတွေ့ခဲ့ရတယ်။ လူငယ်တွေ ပျက်ဆီးချင်တိုင်း ပျက်ဆီးနေ ကြတာကိုလည်း မီဒီယာတွေက အမျိုးစုံ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ဒါတွေကိုလည်း မြန်မာနိုင်ငံ သူနိုင်ငံသားတိုင်း သိခဲ့ကြပါတယ်။ ပြောင်းလဲရမည်ဆိုတဲ့ ခေတ်ပြောင်းဆောင်ပုဒ်ကို ယခုနှစ်အတာ သင်္ကြန် ရေသဘင်ပွဲတော်မှာ တွေ့မြင်ခဲ့ရပါတယ်။ သံချပ်တွေလည်း လွတ်လပ်စွာပြောဆိုနိုင်ခဲ့တာ တွေ့ရပါ တယ်။ အရပ်သားအစိုးရကိုအားမလိုအားမရ ဝေဖန်တဲ့သံချပ်တွေ၊ အရပ်သားအစိုးရကို တို့အစိုးရဆိုပြီး ဖားသံပါနေတဲ့သံချပ်ထိုးတဲ့အသံတွေကို ကြားခဲ့ရမှာပါ။ မြန်မာနိုင်ငံဟာ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ စစ်အာဏာရှင်ခေတ်ကာလ ကြာရှည်ခဲ့တော့၊ အခုလိုအရပ်သားတခြမ်းအစိုးရဖြစ်လာတဲ့အခါ မြိုသိပ်ထားခဲ့ ရတဲ့အသံတွေကို ကြားနေရတာပါ။ သံချပ်ဆိုတာ အပြုသဘော ဝေဖန်ထောက်ပြတယ်ဆိုတဲ့ သဘော တရား ပျောက်ဆုံးသလို ဖြစ်ခဲ့ရတယ်လို့ ထင်မြင်ပါတယ်။ အဖျက်နည်းနည်းပါးပါးဆိုတာလောက်တော့ ရှိနိုင်ပါတယ်။ နှစ်စဉ်ရေးဖွဲ့ခဲ့ကြတဲ့ ကဗျာတွေကိုလည်း တွေ့ရမှာပါ။
ယခုသင်္ကြန်မှာရေးဖွဲ့ခဲ့ကြတဲ့ခေတ်ပေါ်ကဗျာအသံတွေကတော့ အလှတရားဖက်ကို ဖော်ကျူးတာတွေ ကို တွေ့ရသလို၊ ခေတ်ကိုဝေဖန်တဲ့ကဗျာတွေကိုလည်း တွေ့ရပါတယ်။ ဒီကဗျာတွေထဲမှာ လူတွေရဲ့ အကျင့် သဘာဝကိုပြုပြင်စေချင်တာကိုလည်း ကဗျာဆရာသျှီသူအောင်ရဲ့ နှစ်ဆန်းစာကဗျာမှာ တွေ့ရပါတယ်။
ကိုယ်တိုင်က လူမိုက်စော်နံပြီး
သူတစ်ပါးရဲ့ယဉ်ကျေးမှုကို မထိပါးစေနဲ့။
ကိုယ့်ကိုယ်ကိုယ် ပြင်ရကောင်းမှန်းမသိပဲ
သူတစ်ပါးမပြောင်းလဲသေးတာကို အပြစ်မဆိုမိစေနဲ့။
စည်းလုံးညီညွတ်မှုကို ပါးစပ်ကပြောပြီး
ဘယ်နေရာမှ မပူးပေါင်းလိုသူမဖြစ်စေနဲ့။
ရိုက်သွင်းထားတဲ့အသိထက်
ကိုယ်တိုင်ခွဲခြားစိတ်ဖြာနိုင်စွမ်းရှိပါစေ။
ကဗျာကရိုးရိုးလေး ဖွဲ့ပြသွားတာပါ။ ကဗျာဆရာက အခုခေတ်မှာတွေ့နေ မြင်နေရတာကို အများပြန်မြင်နိုင် အောင် ပြောပြသလိုပြောပြလိုက်တဲ့ စေတနာအသံကို ကြားနိုင်ပါလိမ့်မယ်။ ကဗျာဆရာပြောသလို ခေတ်တခုကိုပြောင်းဖို့ ဝိုင်းဝန်းကြိုးစားနေတဲ့အချိန်မှာ ပြောင်းလဲရမည်လို့ အော်ပြီး မိမိကိုယ်တိုင် အကျင့်စရိုက်တွေမပြောင်းနိုင်တဲ့သူတွေ များနေကြတာကိုလည်း တွေ့မြင်နေရပါတယ်။ ခေတ်စနစ်တစ်ခုကိုပြောင်းဖို့ ပြည်သူပြည်သားတွေအားလုံး မိမိတို့ကိုယ်ကိုအရင်ဆုံးပြင်ဖို့ မိမိတို့ကိုယ်တိုင် တာဝန်ယူရမှာပါ။ ရေသာခိုအချောင်လိုက်နေသူများရင် ခေတ်စနစ်ပြောင်းလဲတာကို မရနိုင်ပါဘူး။ မိမိကိုယ်တိုင်ပြောင်းလဲဖို့ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ပြည်သူပြည်သားတိုင်း အလေ့အကျင့်ကို ပျိုးထောင်နိုင်ရ ပါလိမ့်မယ်။ သင်္ကြန်ကာလမှာလည်း မိမိတို့ရိုးရာယဉ်ကျေးမှုကို စရိုက်ပျက် ယဉ်ကျေးမှု မဖြစ်အောင် မိမိတို့ပြည်သူပြည်သားတိုင်း စောင့်ရှောက်ရပါလိမ့်မယ်။ သင်္ကြန်ပွဲတော်မှာ လူငယ်တွေ ပျော်ရွှင်ကြတာကိုလည်း တွေ့ရမှာပါ။ အပျော်မလွန်ကျူးဖို့ကို မိုးမခအွန်လိုင်းပေါ်ကနေ ကဗျာဆရာ ကမ်လူဝေးက ကဗျာတပုဒ်ရေးပြီး သတိပေးခဲ့ပါတယ်။
ပျော်ရွှင်ခြင်းလား
ရူးသွပ်ခြင်းလား
မခွဲခြားနိုင်ခင်မှာ
အားလုံး
ပျော်ရွှင်ရူးသွပ်နေကြ
ရူးသွပ် ပျော်ရွှင်နေကြ။
ပျော်ရွှင်ခြင်းမှာ ရူးသွပ်တာလား
ရူးသွပ်ခြင်းမှာ ပျော်ရွှင်တာလား
ဘယ်သူမှ မစဉ်းစား။
ပိတောက် ငုဝါ
နီကြောင်ကြောင် ဆံပင်ထောင်ထောင်
ရွဲရွဲစို ရေစက်များ၊ ယမကာ စတုဒီသာ
တရားဓမ္မ တဏှာရာဂ၊ စီးပွားရေး ကုသိုလ်
မုန့်လုံးရေပေါ် သန္ဓေသားဆေး
ဗူးခွံကောက်တဲ့ကလေး၊ ပန်းကုံးကြီးနဲ့ ဘဘကြီး
အရာရာဟာ
အမွှေဆရာလက်ကပြန်ထွက်လာသလို
ရောယှက်ရောထွေး။
မနှစ်ကတွေ့တဲ့ချစ်သူလေးကို၊ ပြန်တွေ့နိုးနိုးဖွေရှာ
ချစ်စရာဇာတ်လမ်းလား။
အပျိုရည်ပျက်သွားတဲ့ညနေ
ဒူးနဲ့မျက်ရည်သုတ်၊ ဝေဒနာဇာတ်လမ်းလား။
ဘယ်သူတွေဘာပြောပြော
ဒီဂျေသံနဲ့ ကခုန်ရင်း၊ မြနန္ဒာနဲ့ယိမ်းနွဲ့ရင်း
သိကြားမင်းက တစုံတခုကိုစီးပြီး
လူ့ပြည်ကိုဆင်းလာ
လက်မှာ မှတ်စရာ ခွေးရေပုရပိုက်နဲ့
ဝတ္တရားမပျက်၊ မှတ်ချင်ရာတွေမှတ်ရင်း
သင်္ကြန်ဟာ တနှစ်တခါ ရောက်လာပြန်ပြီ။
မြန်မာပြည်ရဲ့အတာသင်္ကြန်ဟာမြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာပျောက်ကွယ်သလိုဖြစ်ခဲ့ပါတယ်။ ဒီယဉ်ကျေးမှုထဲမှာ ကဗျာဆရာသတိပေးသလို စရိုက်ပျက်တွေ ရောနှောလာခဲ့ပါတယ်။ မူးရူးပြီး သရုပ်ပျက် နေတဲ့သင်္ကြန်ဖြစ်ခဲ့ရပါတယ်။ ဒီသရုပ်ပျက်ယဉ်ကျေးမှုကို အစကနေပြန်ပြင်နိုင်မယ်ဆိုရင် ကျနော်တို့ တိုင်း ပြည်၊ ကျနော်တို့လူမျိုး၊ ကျနော်တို့တန်ဖိုးထားခဲ့ကြတဲ့ယဉ်ကျေးမှုဟာလည်း အဆင့်အတန်းတခုကို ပြန်ရ လာနိုင်ပါလိမ့်မယ်။ နှစ်သစ်နဲ့အတူ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ စိတ်အဟောင်းတွေကို အသစ်ပြောင်း လဲ နိုင်ဖို့ လိုပါတယ်။
ဒါကို ကဗျာဆရာမ ဝတ်ရည်မေရဲ့ ကုန်ဆုံးသွားသောစိတ်တန်ဆာများ ကဗျာက ဖော်ပြညွှန်းဆိုနေမါတယ်။
နှစ်ဟောင်းရဲ့စိတ်အညစ်အကြေး
အတာရေနဲ့ဆေးလိုက်တိုင်း
သန့်စင်သွားမယ်ထင်သလား။
နေ့စဉ်ဝတ်နေကျ
ဝါကျင့်ကျင့်စွပ်ကျယ်လေးကရော
ငယ်ငယ်တုန်းအတိုင်း
ဖြူဖွေးနေပါရဲ့လား။
အရစ်ပြုန်းလာတဲ့ ပုလင်းအဖုံးလေးကို
ကျပ်သထက်ကျပ်အောင်
ပိတ်လို့မရတော့တဲ့အခါ
နှစ်ချို့ဝိုင်တွေဟာ
မမူးရစ်စေနိုင်တော့ပါဘူး။
ကဗျာဆရာမဝတ်ရည်မေပြောသလို ခေတ်ဟောင်းထဲက အညစ်အကြေးတွေကို ပြန်ပြင်လို့မရတဲ့အခါ အသစ်ပြောင်းလဲရပါလိမ့်မယ်။ အဟောင်းကိုအသစ်ဆိုပြီးလှည့်စားသလိုမဖြစ်ဖို့လည်း လိုပါလိမ့်မယ်။ အချိန်ယူပြီး အဟောင်းတွေကိုဖယ်ထုတ်ပစ်ရပြီး အသစ်နဲ့အစားထိုး လည်ပတ်နိုင်ရမှာပါ။ ခေတ်အပြောင်းအလဲဟာ ပိုသတိထားဖို့လိုအပ်ပါတယ်။ ခေတ်အပြောင်းအလဲကို လုပ်ဆောင်မှုနဲ့ သက်သေပြနိုင်ရပါလိမ့်မယ်။ ကဗျာဆရာလင်းသက်ငြိမ်ရဲ့ ကျောက်တောင်ကြီးရဲ့ရာဇဝင်ကဗျာက မြင့်မားတဲ့ကျောက်တောင်ကြီးကို ခြေဖဝါးတွေအောက်ရောက်ဖို့ ဆုတောင်းနေရုံနဲ့ ရောက်မလာနိုင်ဘူး ဆိုတဲ့အကြောင်းကို ရေးဖွဲ့ပြသွားပါတယ်။
ကျောက်တောင်ကြီးဟာ အမြင့်ကြီး
အပေါ်ကလူတွေကိုမြင်ရတယ်
အလယ်ကလူတွေကိုမြင်ရတယ်
စတက်နေတဲ့လူတွေကိုလည်းမြင်ရတယ်
ကျောက်တောင်ကြီးကိုဘယ်သူလာချထားတာလည်း
ကျောက်တောင်က ဘာလို့အမြင့်ကြီးဖြစ်နေရတာလည်း
မေးခွန်းတွေဟာခြေထောက်ကို
အားမကောင်းစေဘူး
ကျောက်တောင်ကိုခြေဖဝါးအောက်ထားဖို့
ခြေဖဝါးတွေကို ကျောက်တောင်ကြီးနဲ့
အရင်ထိတွေ့ပေးဖို့လိုတယ်
ကျောက်တောင်ကြီးပြီး၊ ကျောက်တောင်ကြီးတွေပဲလာဦးမလား
လေညင်းတွေကိုကျောက်တောင်ကြီးက သိမ်းမထားနိုင်ပါ
ကျောက်တောင်ကြီးပေါ်ကျခဲ့တဲ့ချွေးစက်တွေကနေ
ပန်းတွေပွင့်မလာဘူးဆိုတာလည်း
ဘယ်သူမှအာမ မခံနိုင်တဲ့ကိစ္စ
ဟေး ကျောက်တောင်ကြီး
ဟေး ကျောက်တောင်ကြီး
မြင့်မားတဲ့ မင့်ကိုယ်ပေါ်က
ငါတို့ ခြေထောက်တွေရဲ့မြေပုံဟာ
သွေးစ ချွေးစတွေနဲ့ ပေကျံနေခဲ့ရင် ခွင့်လွှတ်ပါ
အဲဒါဟာ ဆုတောင်းနဲ့မပြီးကြောင်း
အကောင်းဆုံးသက်သေတွေမို့ပါ။
ကဗျာဆရာ လင်းသက်ငြိမ်က နှစ်ဆန်းတစ်ရက်နေ့ဆိုတဲ့ရက်စွဲတပ်ပြီး ကျောက်တောင်ကြီးရဲ့ရာဇဝင် ကဗျာကို ရေးပြခဲ့ပါပြီ။ ကျနော်တို့အနေနဲ့လည်း ဒီကဗျာထဲမှာပြောတဲ့အကြောင်းကို ပြန်ဆင်ခြင်သုံးသပ်ပြီး လုပ်ဆောင်တဲ့အရာရာတိုင်းကို သက်သေပြနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ မိမိကိုယ်ကိုယ် အထင်ကြီးပြီး ဘဝင်မမြင့်မိဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကိုယ်အထင်ကြီးပြီး လေထဲမှာမြောက်နေခဲ့ရင် ပြုတ်ကျပြီး အထိနာတတ်ပါတယ်။ ကိုယ်ဘယ်လောက်အမြင့်ကိုရောက်နေလဲဆိုတာ ကိုယ့်ထက်ပိုမြင့်တဲ့လူတွေကို အမြဲကြည့်မြင်နိုင်ဖို့ လိုပါတယ်။ ကျောက်တောင်ကြီးတွေက နောက်ထပ်ရောက်လာဦးမှာပါ။
ကိုယ့်ကိုယ်ကိုယ်အထင်ရောက်နေရင်ပတ်ဝန်းကျင်က လူ့ငကြွားအဖြစ် သတ်မှတ်ထားတာကိုလည်း ကိုယ်တိုင်ပြန်မမြင်ပြန်မသိနိုင်တဲ့အခြေအနေမျိုး ဖြစ်တတ်ပါတယ်။
ကျောက်တောင်ကြီးတွေရှိနေတာကို အများကလက်ခံထားသလို လက်ခံတတ်မှ မိမိလည်း လက်ရှိ အနေအထားထက်ပိုမြင့်အောင် ကြိုးစားချင်စိတ်ဖြစ်လာမှာပါ။ ခေတ်ပြောင်းလဲမှုမှာ အသစ်ကို လက်ခံနိုင်ပါ မှ အဟောင်းတွေကိုဖယ်ထုတ်နိုင်ပါလိမ့်မယ်။ ဒီလိုအနေအထားဖြစ်မှ ချစ်စရာကောင်းတဲ့ သဘာဝတွေ၊ ချစ်စရာ လွမ်းစရာကဗျာတွေကို ရေးဖွဲ့နိုင်ပါလိမ့်မယ်။ ချစ်စရာ၊ လွမ်းစရာကဗျာလေးတပုဒ်ကိုဖတ်လိုက်မိပြီး ကြောင်းကျိုးဆက် ဆင်ခြင်မိပါစေ။
ဖတ်လိုက်မိတဲ့ ကဗျာလေးကတော့ ကဗျာဆရာမလေးအိန်ဂျယ်လင်းရဲ့ အနားယူချိန် ဆိုတဲ့ချစ်စရာ၊ လွမ်းစရာ ကဗျာလေးပါ။
ကကြိုးရှုပ်ခဲ့တဲ့ဘဝ
အိပ်မက်အခါးတွေ
မီးတင်ရှို့လိုက်တော့
လောင်မီးကျနေတဲ့
နောင်တဆိုတဲ့သစ်ငုတ်တိုလေး
ဆည်းဆာညိုသင်္ကြန်မှာ
လွမ်းစရာအကောင်းဆုံးပေါ့
ပစ္စုပ္ပန် ပိတောက်ပင်ရိပ်ထဲက
ငေးကြည့်လို့ကောင်းတုန်း
ဘေးနားမှာ
ပေါ့ဆိမ့်တခွက်
သက်တမ်းကုန်ဆေးလိပ်တိုတခုနဲ့။
ကဗျာလေးက လွမ်းစရာကောင်းသလို ကိုယ့်ဘဝရဲ့နေ၀င်ချိန်ကို တွေးလိုက်မိပါတယ်။ သင်္ကြန်တွေဘယ်လောက်ပဲကြုံကြုံ၊ တချိန်မှာတော့ သင်္ကြန်တခုဟာ ဆည်းဆာညိုရဦးမှာပါ။ ပစ္စုပ္ပန်ပိတောက်ပင်ရိပ်ထဲက ငေးကြည့်ရင်းနဲ့ လူသားတယောက်ရဲ့ဘဝဟာ အနားယူချိန်ရောက်ရမှာပါ။ လူသားတိုင်းရဲ့ဘ၀တွေလည်း အသီးသီး အနားယူချိန်တွေ မလွှဲသာပဲ ရောက်ရမယ်ဆိုတာ သတိတရား ထားနိုင်ကြမယ်ဆိုရင် လွမ်းစရာဖြစ်ပါလိမ့်မယ်။
ကိုနိုင်း
ထုံကူးခဲ့သောကဗျာများ
၁။ သျှီသူအောင်(နှစ်ဆန်း စာ)၊ Shrithu Aung TimeLine. ၁၇ ဧပြီလ ၂၀၁၇
၂။ ကမ်လူဝေး(သင်္ကြန်)၊ မိုးမခအွန်လိုင်း၊ ၁၇ ဧပြီ။ ၂၀၁၇
၃။ ဝတ်ရည်မေ(ကုန်ဆုံးသွားသောစိတ်အဆင်တန်ဆာများ)၊ ဝတ်ရည်မေ TimeLine ၁၇ ဧပြီ ၂၀၁၇
၎။ လင်းသက်ငြိမ်(ကျောက်တောင်ကြီးရဲ့ရာဇဝင်)၊Lynn Thet Nyein TimeLine၊ ၁၇ ဧပြီ ၂၀၁၇
၅။ အိန်ဂျယ်လင်း( အနားယူချိန်)၊ Angel Light TimeLine၊ ၁၈ ဧပြီ ၂၀၁၇
-သူရိယနေဝန်း vol 1. no 145. 29 April 2017 ပါ ဆောင်းပါးကို စာရေးသူ၏ခွင့်ပြုချက်အရ တင်ပါသည်။
သစ်ခက်သံလွင်

Comments
Post a Comment