About us (မိမိတို့အကြောင်း)



သစ်ခက်သံလွင်မိတ်ဆက်

သစ်ခက်သံလွင်ဆိုတဲ့ အမည်နာမက လွန်ခဲ့တဲ့အနှစ် ၂၀ လောက်ကတည်းက မြည်တွင်ခဲ့တာပါ။ ၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၉၀ ၀န်းကျင်များလောက်ကတည်းက ပြည်တွင်း မဂ္ဂဇင်းလောက မှာ တရားဝင်မှတ်ပုံတင်ဖို့ကြိုးစားခဲ့ဖူးပေမယ့် အချည်းနှီးဖြစ်ခဲ့တဲ့ အမည်နာမလေးတခုဖြစ်ပါတယ်။

၂၀၀၇-၈ ကာလများမှာတော့ ကျောင်းသားတပ်မတော်က စာပေရဲဘော်သူငယ်ချင်းတယောက်က ဒီအမည်လေးနဲ့ တကိုယ်စာ စာပေရေးရာလေးတွေတင်နိုင်ဖို့ ဘလော့လေးတခု အသက်သွင်းပေးခဲ့ဖူး ပါတယ်။ အဲဒီကာလများမှာ သာမာန်လူနေမှုဘ၀ထက်အချက်အလက်အခြေအနေအများကြီးနိမ့်ကျတဲ့ အရပ်ကိုရောက်နေတော့ ဘလော့လေးကို အများသူငါလို လန်းဆန်းလတ်ဆတ်ရွှင်ပြသက်ဝင် နေအောင် လုံ့လဥဿဟ မစိုက်နိုင်ခဲ့ပါဘူး။

ခုတော့ဖြင့် မိုးမခ၀ိုင်းတော်သားများဖြစ်တဲ့ ဆရာမောင်ရစ်တို့ဝိုင်းဝန်းကူပံ့မှုတွေနဲ့ ဆိုရှယ်မီဒီယာလေး တခုအဖြစ် ပြန်လာခဲ့ပါပြီ။

သစ်ခက်သံလွင်ကို စာပေချစ်မြတ်နိုးစိတ်တခုတည်းသာမဟုတ်ဘဲ အနာဂတ်မျှော်လင့်တွက်ဆမှုတွေ အမြောက်အမြားနဲ့ တည်ဆောက်ထားတာပါ။ ဘယ်နေရာ ဘယ်သူ့ဆီကမှ တစုံတရာထောက်ပံ့ လှူဒါန်း ပေးကမ်းမှုမျိုးရရှိလို့ ဖြစ်ပေါ်လာတာမဟုတ်ဘူးဆိုတာတော့ အရိုးရှင်းဆုံးဝန်ခံထားပါရစေ။ စာပေချစ်မြတ်နိုးသူတွေ ပါဝင်ရေးသားဖို့၊ အင်တာနက်စက်ဝန်း လက်လှမ်းမီတဲ့ ကမ္ဘာ့ဘယ်နေရာ အရပ်ဒေသကဖြစ်ဖြစ် ဖတ်ရှုလိုသူ၊ ရေးသားလိုသူတွေရဲ့ဆန္ဒများကို ဖြည့်ဆည်းပေးလိုတာပါ။ သစ်ခက်သံလွင်ရဲ့မျှော်လင့်မှုများထဲမှာ မြန်မာစာပေနယ်ကို (အထူးသဖြင့် ရသစာပေနယ်ကို) တတပ်တအား ၀ိုင်းဝန်းထောက်မကူပံ့ခြင်းအဓိပ္ပာယ်သက်ရောက်တယ်ဆိုရင်လည်း ကြည်နူးရမှာပါ။

ပြည်ပမှာ ရောက်နေတဲ့ အင်တာနက်လိုင်းများ အားကောင်းအစွမ်းထက်မှုအပေါ် အခွင့်အရေးအဖြစ် ယူပြီး သစ်ခက်သံလွင်က ထမ်းဆောင်ပေးတာလည်းဖြစ်ပါတယ်။ တချိန် အမိနိုင်ငံမှာ ကမ္ဘာနဲ့တပြင် တပြေးတည်းဖြစ်လာတဲ့အခါ သစ်ခက်သံလွင်နေရာမှာ ပန်းတွေအပြိုင်းအရိုင်း ဖူးပွင့်ဝေစည်လာမယ် လို့ ယုံကြည်မျှော်လင့်ထားပါတယ်။

သစ်ခက်သံလွင် လက်ရေးဒီဇိုင်းကို ပန်းချီဆရာ သန်းဌေးမောင်က ကူညီအားဖြည့်ရေးဆွဲပေးပြီး ပြည်ပရောက်နေတဲ့ စာပေစိတ်ပြင်းပြကြသူများ ပူးပေါင်းတင်ဆက်သွားကြမှာ ဖြစ်ပါကြောင်း။ ။

 သစ်ခက်သံလွင်

Comments