သုတလင်း ဆင်ပေါင်ဝဲ - ခဏလေးများ

ခဏလေးများ
သုတလင်း ဆင်ပေါင်ဝဲ
(သစ်ခက်သံလွင်) ဧပြီ ၉၊ ၂၀၂၄

ဓားရေးတဝင့်ဝင့်နဲ့ အတ္တများ
ရ ရှိရမယ့် သင်ခန်းစာမှာ
သက်ပြင်းမောတွေ တဖြုတ်ဖြုတ်ကြွေရုံက လွဲရင်
လူတိုင်းကို ပြုံးပြနှုတ်ဆတ်ဖို့ လေ့ကျင့်ထားရမယ်။

အဆင်မပြေခြင်း လမ်းမများထက်
ခေါက်တုန့်ခေါက်ပြန် ပြေးစွဲနေရတဲ့ လူ့ရထားများ
တစ်ဘူတာပြီး တစ်ဘူတာ
တရိပ်ရိပ် ကြွင်းကျန်ရစ်ခဲ့ အချိန်များသာ
အဟောသိကံ ဖြစ်လို့။

လူလူသူသူ ပွင့်ဖို့
လောင်းမိတဲ့ရေမှာ အတ္တတွေ သန့်စင်ထား
တလူလူတက်နေတဲ့ အညွန့်မှာ
မာနတရားတွေ ခေါက်သိမ်းထားခဲ့။

နာရမယ့် တရား အမြိုက်ဆေးမှာ
အေးငြိမ်းခြင်းတွေ ရ ရှိပါစေ
လူ့အဖြစ်တွေ ဖြူစင်ပါစေ
အဲဒီလို တခဏလေးတွေဟာ
ငါတို့ရဲ့ ဖွဲ့သီရမယ့် တေးပဲဖြစ်တယ်။ ။


Comments