ကျော်သူစိုး(ကလေးမြို့) - သောက သင်္ကြန်

Image- Credit
သောက သင်္ကြန်
ကျော်သူစိုး(ကလေးမြို့)
(သစ်ခက်သံလွင်) ဧပြီ ၁၅၊ ၂၀၂၄

ပိတောက်လည်း မလို
ရေလည်း မစိုချင်ဘူး နွေ။

မြို့မငြိမ်းရဲ့ သီချင်းသံအစား
တိုင်းပြည်ရဲ့ ငိုချင်းသံတွေကြား
ရင်နင့်အောင်ခါးသီးရတဲ့ နေ့ရက်တွေပါ နွေ။

ရှာပုံတော်မင်းသားကြီးဟာ
မဏ္ဍပ်တကာ မရောက်
နိုင်ငံတကာရောက်နေရတယ်
ကူပါ ကယ်ပါ တစာစာနဲ့။

တူးပို့သံအစား
ဗုံးသံတွေသာကြားနေရ
ယိမ်းအကတွေ အစား
တိမ်းကြ ရှောင်ကြ 
ပြေးကြ လွှားကြ 
သောကချွေးတွေသာ ရွှဲရွှဲစိုရတဲ့ သင်္ကြန် ။

အချို့နေရာက စတုဒီသာမဏ္ဍပ်တွေအစား
စစ်ဘေးရှောင်ရိက္ခာများသာ ဖြစ်ခဲ့ရင်လေ ...။

ဥဩငှက်ကလေးရေ
မင်းက ဘာကို လွမ်းလို့တွန်တာလဲ
ငါက
ငြိမ်းချမ်းရေးစစ်စစ်
လွတ်မြောက်ရေးအသစ်ကို တမ်းတလို့ ...။

14.4.2023

Comments