ငဇ - ဗဟုဝုစ်ဝတ္ထုများ

Art by Than Htay Maung

ဗဟုဝုစ်ဝတ္ထုများ
ငဇ
(သစ်ခက်သံလွင်) မတ် ၂၉၊ ၂၀၂၄

အများကြီးဟာ
တခုတွေ ပေါင်းစည်းနေတာ မဟုတ်ဘူး
တခုတွေ ... ပြန့် ကြဲ ဝေး ကွာ နေတာ ...

ရုံမတင်တဲ့ ဝတ္ထုတို တွေ
လူလို သရုပ်ဆောင်တဲ့ ကြွက် တွေ
လက်ဗွေရာ နောက်ခံသီချင်းတွေ ...

စီးကရက် လက်ကြားညှပ် မပျက်
ကာတွန်းထဲကလို မီးပွိုင့်တွေ...

စစ်ကို ကုန်အောင်သောက်မယ်
နောက်တအိုးကျက်ရင် မြည်းမယ့် အပင်ပေါ် 
အချစ်တွေ အခု မမှည့်နဲ့ဦး

ကူးခပ်စရာ ကွင်းပြင်ပဲ
ရေဟာ ရေပဲ
ရေချို ရေငန်တွေ ခေါင်းမကိုက်ခဲ့ဘူး

နေပူရင် ထုတ်လှန်းရမယ့် အိပ်မက်တွေ
မိုးရွာရင် ပုံပြောရမယ့် ရင်ကွဲရွက်တွေ
လက်ကို နောက် ပစ်မထားပါနဲ့

နည်းလေ ရေတွက်ရ ခက်လေ
မျက်ဝန်းတချက် ဝင့်ရုံပဲ
မကူးတဲ့ငါး ရေနစ်ရင် သိပ်သိသာတာပဲ

အငိုတွေမရှိချိန် ရောက်ဖူးရင်
သင်္ချိုင်းဟာ နေပျော်စရာပဲ
အပ်ပုံထဲက ကောက်ရိုးလို ရွှေပဲ

အဆိပ်အတောက်နဲ့
ဘရိတ်မပါတဲ့ ဟွန်းတွေနဲ့
မြို့ထဲ လမ်း တွေဟာ ချောက်ချားဖွယ်
အများကြီး ရှင်းပြစရာ မရှိဘူး။

ငဇ
၂၅ မတ် ၂၀၂၄

Comments