ဆလိုင်းဇုန် - မင်း သို့မဟုတ် နင်

Art by Than Htay Maung

မင်း သို့မဟုတ် ... နင်
ဆလိုင်းဇုန်
(သစ်ခက်သံလွင်) ဧပြီ ၁၇၊ ၂၀၂၄

အိပ်မရတဲ့ညတွေများလာ
မချိမရဲတွေများလာ
တာဝန်ဝတ္တရားတွေများလာ
မတောင်းတော့တဲ့ ဆုတွေနဲ့
မီးသေနေတဲ့ဆေးလိပ်တို …..

တာယာနင်းတဲ့အသံလား
ဗလာကျင်းတဲ့ ထမင်းအိုးသံလား
မိုးဟာ စွေပြီဆို မရပ်ဘူးတဲ့
စနေထောင့်ကနေ စခဲ့တာ ….

စာရွက်ပေါ်က ဝလုံးလေးတွေဟာ
နောက်ဆုံးတော့ ကိန်းဂဏာန်းဖြစ်သွား
ကြပ်တည်းနေတဲ့သမိုင်းလမ်းဆုံကနေ
ခုတ်ထစ်မောင်းနှင်လာခဲ့တာပဲ ….

စမ်းချောင်းလေးတွေရှိနေဦးမလား
အစ်ကိုတွေဆီ သွားချင်မိတယ်
သတိတရရှိနေခြင်းဟာ အသက်ဓာတ်ပေပဲ

ဒီတနွေဆိုရင် ဆိုပြီး ရေတွက်တတ်တဲ့
သချင်္ာဉာဏ်ပညာဟာလည်း 
သေရာပါမယ့် သင်္ကေတလိုပဲ

အဖြစ်သနစ်မဲ့တဲ့အခိုက်တန့်က
ဖြစ် ပျက် ခြင်းရဲ့ နိဒါန်းပေါ့
မင်းဟာ ….
မင်းဟာ တလောကလုံးဖြစ်တယ် ….

၁၆ ဧပြီ ၂၀၂၄

Comments