ဖားစည်မောင်ထူး- တစ်ရေးနိုး


Art- POS

" တစ်ရေးနိုး "
ဖားစည်မောင်ထူး
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

အဓိပ္ပါယ်မဲ့ ရှတတအော်ဟစ်သံတွေက 
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညအမှောင်ထဲ 
တိုးဝှေ့ယိမ်းယိုင်လို့ 

မထီမဲ့မြင် ပြုမူဆက်ဆံနေတဲ့မြောက်ပြန်လေတချို့
ရူးနှမ်းနှမ်းအပြုအမူတွေနဲ့
နွေဦးဆီခေါ်ဆောင်နေကြတယ် 

အတွေးစတွေက ယောင်လည်လည် 
ပုဇဥ်းရင်ကွဲတွေ အော်ဟစ်မလာခင် 
ခွေးအူသံတချို့အောက် လက်ပံပွင့်တွေတဖြုတ်ဖြုတ်
ပေါက်ပန်းပွင့်တွေ ရဲရဲနီကြပြန်ပေါ့ 

ကယောက်ကယက် ပုံပြင်အောက်မှာ 
ကြေးစားနိုင်ငံရေးသမားတွေ 
ခေါင်းပန်းလှန်လို့ မပြီးသေးဘူးထင်ပါရဲ့ 

တဇွတ်ထိုးလုပ်တက်ကြတဲ့ သတ္တဝါတွေက 
ဘယ်တော့မှ 
တဇောက်မကန်းခဲ့ကြဘူးဆိုတာ
နောက်နေ့မနက် အရုဏ်တက်တော့မှ
အတည်ပြုကြတာပေါ့။ ။ 

Comments