မိုးဉာဏ် (မန္တလေး) - ဆဲလ်ဖီ(Selfie)

Art- POS 
ဆဲလ်ဖီ(Selfie)
မိုးဉာဏ် (မန္တလေး)
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၃၁၊ ၂၀၂၅


​လတ်ဆတ်မှုတွေ မရှိတော့ဘူးလို့
ကိုယ်တိုင် ယုံကြည်သွားတဲ့အချိန်မှာ
"ဆဲလ်ဖီ" ရိုက်ပါ

​ကမ္ဘာကြီးက ကိုယ့်ဘက်မှာ မရှိတော့ဘူးလို့
အသေချာ တွေးမိတဲ့အချိန်မှာ
"ဆဲလ်ဖီ" ရိုက်ပါ

​သတိရစိတ်ကွပ်ထားတဲ့ စကားလုံးတွေကို
အသက်နဲ့ ထပ်တူပြုရတဲ့ အချိန်မှာ
"ဆဲလ်ဖီ" ရိုက်ပါ

လောကကြီးရဲ့ အမှန်တရားအားလုံး
မှားယွင်းနေပြီလို့ တွေ့လိုက်ရတဲ့အချိန်မှာ
"ဆဲလ်ဖီ" ရိုက်ပါ

​ငွေစကြေးစမှမဟုတ်ဘူး
သွားကြားထိုးတံလေးကအစ
တန်ဖိုးထားရတဲ့အချိန်မှာ
"ဆဲလ်ဖီ" ရိုက်ပါ

တိမ်တွေဟာ သက်ပြင်းတစ်ချက်ချပြီး
အဝေးကို ထွက်ပြေးသွားတဲ့ အချိန်မှာ
"ဆဲလ်ဖီ" ရိုက်ပါ

​စိတ်ကိုဖိနှိပ်ထားတဲ့ ခေတ်ရဲ့ထောင့်ကျဥ်းထဲ
သာယာ​တဲ့တေးသွားတစ်စင်း ချိုးဝင်လာတဲ့အချိန်မှာ
"ဆဲလ်ဖီ" ရိုက်ပါ

​စိတ်က မလုပ်ပဲ
ဘဝက ဖြစ်စေတဲ့အချိန်မှာ
"ဆဲလ်ဖီ" ရိုက်ပါ

ကမ္ဘာကြီးနဲ့
"ဆဲလ်ဖီ" ရိုက်ပါ
ဘဝကြီးနဲ့
"ဆဲလ်ဖီ" ရိုက်ပါ
ဒုက္ခဆီက ခေတ္တ ခွင့်ယူပါ။         ။

26122025

Comments