ဖိုးရွှေညီမှိုင်း - မငိုနဲ့

 Art- KT#
မငိုနဲ့
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၃၊ ၂၀၂၅
 
အလိုရမ္မက်ကြီးလွန်းပြီး ရက်စက်ကောက်ကျစ်တဲ့ ဝန်းကျင်ပင်လယ်သမုဒ္ဒရာတွေက ရေအေးစီးကြောင်းကြီးတွေ ရစ်ခွေစီးပြီး အေးစက်လေ
စိမ်းစိမ်းတွေကို ကံဆိုးမသွားလေရာဆီ ပို့နေပြီ။
ဒီဇင်ဘာ မွေးနေ့တော်ကျော်တာနဲ့ အနိမ့်ဆုံးဆီကို
ပြဒါးတိုင်ထဲက ပြဒါးရည်တွေ ဆင်းတော့မယ်။
အေးခဲ စူးရှ ချွန်ထက် အစိမ်းရောင်လက်သည်းရှည်တွေနဲ့ မင်းရင်ကိုအဓမ္မကုတ်ဖဲ့ဖို့ ကြိုးစားနေတဲ့ ဒီဆောင်းလေရိုင်း အစိမ်းရောင်ဖုတ်ကောင်အရူးတွေရဲ့ သူ့သဘောသူဆောင်လာတဲ့ဘေးဆိုးကို ရှောင်မရတိမ်းမရ မင်းရင်ဆိုင်ရတော့မယ်။
အတင်းပေးနေတဲ့လက်ဆောင် သားရိုင်းမွေးကုတ်အင်္ကျီရောင်စုံတွေ တထည်မှမလိုချင်ဘူး
မဝတ်ချင်ဘူးတဲ့ ဆန်တာကလော့ကြီးရေ ...။
ဒါပေမဲ့လည်း မင်းရဲ့အညာခေါက်စောင်လေးက ပါးလွန်းနေတော့ အရူးရဲ့ရေခဲလက်သည်းစိမ်းတွေကို ကာကွယ်ဖို့ လုံခြုံမှာမဟုတ်ဘူး ညီမလေးရဲ့။
မဖြစ်မနေ ကုတ်အင်္ကျီ တထည်တော့ ...
ဆန်တာကလော့ဆီက ယူရလိမ့်မယ်နော်။
ဒီအရိုင်းမွေးတွေနဲ့ရက်ထားတဲ့ ကုတ်အင်္ကျီတွေကို မင်းမဝတ်ချင်တာ နားလည်ပါတယ်။ ကိုယ်ချင်းစာပါတယ်။ မင်းနေရာမှာ ကိုယ်သာဆိုရင်တော့ ရမ္မက်ကြီးလွန်းတဲ့ အစိမ်းရောင်ဆောင်းဖုတ်ကောင်ရဲ့လက်သည်းစိမ်းစိမ်းတွေကို ရွံလွန်းမုန်းလွန်း အော့နှလုံးနာလွန်းလို့ အစိမ်းမဟုတ်တဲ့ တခြားအရောင် တထည်ထည်ကို ရွေးယူလိုက်မိမှာပဲ။
ဘယ်အရာမှမမြဲပါဘူး။
ညီမလေးးရေ ...
အားလုံးခဏပါ။
ဒီဆောင်းကုန်ရင် နွေဦးရောက်လာမှာပါ။
ဆောင်းဖုတ်ကောင်တွေ သေမှာပါ။
နွေဦးရောက်ရင် သားရိုင်းမွေးကုတ်အင်္ကျီတွေ
မင်းဝတ်စရာမလိုတော့ဘူးလေ။
နွေဦးမှာ တို့ပြန်ဆုံကြမယ်။

(၂၀၂၅ ဒီဇင်ဘာ ၂၃)



Comments