ဧဏီမင်း - ဗလာနိုင်ငံတော်

ဗလာနိုင်ငံတော် 
 ဧဏီမင်း 
(သစ်ခက်သံလွင်) မတ် ၁၂၊ ၂၀၂၅

 ဘာပြည်ကြီး၌ 
ဘာမင်းကြီး အုပ်စိုးစဥ်ဝယ် 
ဗလောင်းဗလဲ များစွာနဲ့ 
ဗလာပြည်ကြီး ရှိဖူးသတဲ့ 

 ဘာပြည်ကြီး၌ 
ဘာတန်ဖိုးမှ မသိ 
ဘာဦးနှောက်မှ မရှိ၍ 
ဗာလာနတို့ မင်းမူးသတဲ့ 

 ဘာပြည်ကြီး၌ 
ဘာရည်ကို နိုင်ငံအမည်နဲ့ထုတ် 
ဗာလာနတစ်အုပ်တို့ အမြတ်သုတ်သတဲ့ 

 ဘာပြည်ကြီး၌ 
ဘာလက်နက်ကိုပြ၍ 
ဗာလာနတို့ အုပ်စိုးသော် 
ဗလာနိုင်ငံတော်ကြီးဖြစ်လာသတဲ့ 

 ဗလာ ပညာရေး 
ဗလာ ဥပဒေ 
ဗလာ ဘာသာဝါဒ 
ဗလာ ဦးနှောက်နဲ့ 
ဗလာအလွတ်တွေသာ ရောင်းအားကောင်းလာသတဲ့ 

 ဗာလာမင်းကြီးက 
ဘာပြည်ကြီးကို 
ဘာမင်းကြီးဆီရောင်းပြန်လာတဲ့အခါ 
ဗာလာနတို့က ကြိုကြသတဲ့ 

 ဂေါဏေန ဂေါဏော 
သမဏေန သမဏော 
ဗာလာနေန ဗာလာနော 

 ဗာလာနတို့ တန်ခိုးကြောင့် 
ဘာနိုင်ငံကြီးဟာ 
(နောက်ဆုံးမှာတော့)
-ာနိုင်ငံကြီး ဖြစ်သွားသတဲ့။ ။

၁၀ မတ်လ ၂၀၂၅ 

Comments