အလွမ်းဟာ မိုးစက်တွေလို တဖွဲဖွဲ ကြွေ
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဩဂုတ် ၂၇၊ ၂၀၂၄
ညသည် မိုးရိပ်မိုးသားတို့ကြောင့် ပိန်းပိတ်မည်းမှောင်နေသယောင် ဒုတိယဝါဆို၏ လဆန်းရက်ပင်ဖြစ်သော်လည်း လ သည် တိမ်မည်းညိုတို့ကြားမှ ကွယ်တခါ လင်းတလှည့်ဖြင့် ကမ္ဘာမြေပေါ်သို့ ချောင်း မြောင်း ကြည့်ရှုနေရသလို မပီဝိုးတဝါး ။
နယ်မြို့လေး၏ဟိုစဥ်ကာလတွေက ကြက်ပျံမကျ ကုန်တင်ကုန်ချစျေးသည်စျေးဝယ်တို့ဖြင် အမြဲမပြတ်စည် ကားခဲ့ဖူးသော ဘူတာရုံအိုလေးသည် အမှောင်ထဲ၌ တိတ်တဆိတ်ဖြင့် သူ့ရင်ခွင်ထဲ ခေတ္တခဏ ခိုဝင်ဆိုက် ကပ်ရပ်နားလာမည့် ရထားတစင်းအား မှိန်ဖျော့ဖျော့ မီရောင်တွေအောက်မှာ ပျင်းရိငြီးငွေစွာ ငုတ်တုတ် ထိုင်စောင့်ဆိုင်းနေသကဲ့သို့ တိတ်ဆိတ်လွန်းလှပေသည် ။
ရထားသံလမ်းတို့၏ မြောက်ဘက်စူးစူးအရပ်၌ တည်ရှိသော မြို့ကလေး၏ တခုတည်းသော နာရီစင်မှ အနုမြူရောင်လက်တံတို့သည် တရွေ့ရွေ့ဖြင့် အချိန်တခုကို သယ်ဆောင်နေသည်ကို အမှောင်တွေရဲ့ကြားမှပင် လင်းရှင်းစွာမြင်တွေ့နေရပြန်ပါသည်လေ ။
သံလမ်းတို့၏ ဟိုမှာဘက်အမှောင်ထုအတွင်း၌ အစာလုရင်း မာန်ဖီကိုက်ခဲနေကြသော ဒီဘူတာရုံအိုလေး၌ပင် ပေါက်ဖွားရှင်သန်ခဲ့ဟန်တူသော ခွေးလေခွေးလွင့်တအုပ်၏ရန်ပွဲသည်ပင် တခဏချင်း၌ ဘူတာရုံအိုလေး ၏ယာဒ်ဝန်းသို့ ဆူညံသံတို့ဖြင့် ဖုံးလွှမ်းသွားကြလေသည် ။
မြောက်ပြန်လေ တချက်အဝှေ့၌ သူမနှင့် ကျွန်တော် ယှဥ်တွဲထိုင်နေသော ထိုင်ခုံအိုလေး၏ညာဘက်အခြမ်းသို့ မိုးစက်မိုးမှုန်တို့ လွင့်ပါလာသကဲ့သို့ ခံစားမိ၍ ခန္ဓာကိုယ်အား သူမဘက်သို့ ပို၍ တိုးကပ်လိုက်မိသည် ။
ဟုတ်ပါသည် မြေလတ်အညာမြို့လေး၏ အစိုးမရနိုင်သောမိုးသည် မြောက်ပြန်လေနှင့်အတူ မိုးစက်မိုးမှုန်တို့အား ဆောင်ကျဥ်းလာကာ သူမနဲ့အတူရှိနေသော ဒီဘူတာရုံအိုလေး၏ ယာဒ်ဝန်းသို့ သက်ဆင်းကျလာနေကြပေပြီ ။
ဝေးလွင့်ခွဲခွာရခြင်းအဖြစ်၌ အလွမ်းတိုသည်ပင် ဖြေဆေးတခုပေလား မသိနိုင်ပြန်ပါ ။ ရထားသံလမ်းတွေဘက်သို့ အကြည့်ကို ပို့မိပြန်တော့ ပျော်ရွှင်ရခြင်းခရီးစဥ်တို့သည် ကျွန်တော်ထံပါးသို့ ရောက်ရှိလာရန် ဝေးကွာလွန်းနေသေးသည်ဟု မြင်မိပြန်ပါသည် ။
ချစ်တဲ့စိတ် တခုတည်းနဲ့ မိုင်ပေါင်းသုံးရာကျော် ခရီးသို့ တွန်းတိုက်မောင်းနှင်ခဲ့ပါသော်လည်း ရပ်တန့်ဆိုက်နားခွင့် အဆုံးသတ်တို့သည် ဘာကြောင့်များ အလွမ်းရဲ့ ဘူတာရုံအိုလေး ဖြစ်နေခဲ့ပါသနည်း ။
မိုးစက်မိုးမှုန်တို့သည် လေနှင့် အတူ ပိုမိုသည်းထန်စွာ ကမ္ဘာမြေပေါ်သို့ ခုန်ချသက်ဆင်းနေကြပေပြီ ၊ ထိုမိုးသံလေသံတွေကြားမှပင် ဘူတာရုံအိုလေး၏ဆောင်းဘောက်စ်မှ ကျေးဇူးပြု၍ နားဆင်ပါရှင်ဆိုသော အနောင်ဆာ အမျိုးသမီးငယ်အသံသည် မိုးသံလေသံတို့အား ထွင်းဖောက်ခွဲကာ ကျွန်တော်နဲ့ သူမ၏နားစည်သို့ ခွဲခွာခြင်း၏ အချက်ပေးခေါင်းလောင်းသံကဲ့သို့ ပဲ့တင်မြည်ဟည်း ရိုက်ခတ်လာလေသည် ။
မကြာမီမန္တလေးမှ ထွက်ခွာလာသော ရထားကြီးသည် ကျွန်တော်နဲ့ သူမရှိနေရာအရပ်ဖြစ်သော နယ်မြို့လေး၏ ဘူတာရုံအိုလေးအတွင်းသို့ ဆိုက်ကပ်ခိုဝင်ရောက်ရှိလာပေတော့မည် ။
ထိုအခါ ကျွန်တော်သည် သူမအား ချန်ထားခွဲရစ်ကာဖြင့် တကိုယ်ရေ လွမ်းဆွတ်ခြင်းခရီးကို အဖော်မဲ့စွာ နှင်ရပေဦးတော့ပြန်မည်လေ ။
ဘူတာရုံလေး၏မီးရောင်မှိန်မှိန်အောက်မှမြင်နေရသော ရထားသံလမ်းတို့သည် မိုးရေကြောင့် စွတ်စိုပြောင် လက်နေသော်လည်း သူမနဲ့ကျွန်တော့်ကြား၌ စကားလုံးတို့သည် တိတ်ဆိတ်ခြောက်ကပ်လွန်းနေပေသည် ။
မကြာမီပင် ဘူတာယာဒ်ဝန်းထဲသို့ မိုးသံတွေနဲ့ရောပြွန်းကာဝင်လာသော ရထားတစင်း၏ဥသြသံကို ကြား လိုက်မိတဲ့ခဏ သူမ၏ ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်လှုပ်သွားမိတာကို ကျွန်တော် သတိထားမိလိုက်သည် ။
နှစ်ယောက်တဘဝ ရင်နင့်အောင်ချစ်ခဲ့ကြပါသော်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် တယောက်တနေရာစီ ဝေးလွင့်ခွဲခွာနေကြရသော ချစ်သူတွေ ကျွန်တော်တို့ နိုင်ငံ၌ ဘယ်လောက်တောင်ရှိမည်နည်း မသိနိုင်ပါ ။
စူးကနဲ ကျဖြာလာသော မီးရောင်တန်းတခုသည် ကျွန်တော်နှင့် သူမထိုင်နေသော နေရာလေးသို့ လင်းကျင်းသွားသလို တရှုးရှူးနှာမှုတ်သံပေး၍ ကင်းခြေများတကောင်လို ရထားကြီးသည် နယ်မြို့လေး၏ ဘူတာရုံယာဒ်ဝန်းလေးသို့ ဆိုက်ကပ်ရပ်နားရန် တိုးဝင်လာနေသည်ကို နှစ်ဦးသား မကြည့်ချင်လျှက်မြင်နေရပေသည် ။
ကျွန်တော်သည် တခုတည်းသောကျောပိုးအိတ်လေးအား ဆွဲကာအထ " ကျန်းမာရေးကို ဂရုစိုက်ပါ ၊ လိမ်လိမ်မာမာနေပါနော် " ဆိုတဲ့ စကားတစွန်းတစတို့ သူမနှုတ်မှ ပွင့်အန်ကျလာသလို မှိန်ပျပျ မီးအလင်းရောင်အောက်၌ သူမ မျက်ဝန်းထောင်မှ ပေါက်ကနဲ့ ကျလာသော မျက်ရည်တစကို လှမ်းမြင်လိုက်ရပေသည် ။
လေးလံစွံ့အနေသော ကျွန်တော်သည် သူမ၏စကားကို အသိအမှတ်ပြုသင်္ကေတအဖြစ် ခေါင်းကိုသာညှိတ်မိကာ သူမ၏လက်ဖဝါးလေးအားတင်းတင်းဆုပ်ကိုင်ရင်း အလွမ်းတို့ဖြင့် လှိုက်ခုန်နေသော ရင်ကို ကြိုစားထိန်းချုပ်ကာ သူမနဖူးပြင်လေးထက်သို့ ချစ်ခြင်းသင်္ကေတ တံဆိပ်ရိုက်နှိပ်၍ ကျွန်တော်စီးရမည့် ရထားတွဲပေါ်သို့ လေးဖင့်သောခြှေလှမ်းတို့၏ သယ်ဆောင်မှုဖြင့်သာ ခန္ဓာကိုယ်သည် ရောက်ရှိခဲ့ရပေသည် ။
သံလမ်းတို့၏ခေါ်ဆောင်ရာအတိုင်း မကြာမီပင် ရထားကြီးသည် သူမနှင့် အတူ ဘူတာရုံအိုလေးအား ချန်ထားရစ်ကာဖြင့် ကျွန်တော့်အားတင်ဆောင်လျက်အမှောင်ထုထဲသို့ တရွေ့ရွေ့တွန်းတိုက်တိုးဝင်ရင်း အား သွန်ခွန်စိုက်ခုတ်မောင်းပေဦးတော့မည် ။
ရထားပြတင်းမှ ခေါင်းကိုထုတ်ပြီး စောင်းငဲ့အကြည့် မိုးစက်မိုးမှုန်တို့နှင့်မီးရောင်မှိန်ဖျဖျအောက်မှ လက်ပြရပ်ကျန်ရစ်ခဲ့သော သူမပုံရိပ်တို့သည် မျက်ရည်တွေကြားမှ ဝိုးတဝါး ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့ရပေပြီလေ ။
ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
21 . July . 2023
Comments
Post a Comment