နေမင်းသ - ဆက်ထုံးမှတ် နှင့် သမိုင်းဆိုင်ရာ ခြေလှမ်းများ

ဆက်ထုံးမှတ် နှင့် သမိုင်းဆိုင်ရာ ခြေလှမ်းများ
နေမင်းသ
( သစ်ခက်သံလွင်) ဩဂုတ် ၁၇၊ ၂၀၂၄

သမိုင်းရဲ့အမှောင်ထုက ပို့ချလိုက်တဲ့ နုန်းမြေ
မနည်းတော့တဲ့ ချဲ့ထွင်မှုတွေနဲ့
အမာရွတ်တွေသာ တထပ်ပြီးတထပ်
......... ဖြစ်ထွန်းမှု နည်းလိုက်တာ
တခေတ်ပြီးတခေတ် စိုက်ပျိုးခဲ့ကြသမျှ
တိုရေရှားရေ လွတ်လပ် လုံခြုံမှု
သက်တောင့်သက်သာရှိမှု
ဘယ်အစိုးရဆီကများ ရခဲ့ဘူးသလဲ
ငိုခဲ့ကြရ ရယ်ခဲ့ကြရ
ဆင်ထားတဲ့ ဇာတ်လမ်းမှာ မျောပါခဲ့ကြရ
အမှန်တရားနဲ့ လွဲချော်ခဲ့ကြရ
လူ့အဖြစ်မှာ.....ငါတို့ဟာ
သေသော်မှတည့် ဪ ကောင်း၏ အကြိမ်ကြိမ်
ဒါဟာ...လျှို့ဝှက်အပ်တဲ့အရာ မဟုတ်ဘူး
အဟောင်းက အသစ်ဆီသို့
မနှစ်သက်မှုမှ နှစ်သက်မှုဆီသို့
သမိုင်းဆိုင်ရာ ရာဇဝတ်မှုတွေကို ပြစ်ဒဏ်စီရင်ဖို့
တခေတ်ပြီးတခေတ် ဆက်လက်စိုက်ပျိုးကြရ
စစ် ငွေကြေး အငတ်ဘေး
အရပ်ရပ်သော အကျပ်အတည်းတွေနဲ့
တော်လှန်ရေးမှာ 
ကျဆုံးခဲ့ရ အသက် ခန္ဓာများစွာ
ဆုံးရှုံးခဲ့ရ ကိုယ် လက် အင်္ဂါ
အိုးကွဲ အိမ်ကွဲ စစ်ဘေးရှောင်ပြည်သူတွေနဲ့
ပျက်ဆီးခဲ့ရ ငါတို့ အသက်အိုးအိမ်စည်းစိမ်
တကယ့်နာကျင်စရာတွေ
ဒါပေမယ့်
ဒါဟာ...တရားမျှတမှုကို သီးပွင့်စေဖို့
ငါတို့မနက်ခင်းတွေ လှပစေဖို့
နည်းခဲ့ရတဲ့ ဖြစ်ထွန်းမှုတွေအတွက် ဓါတ်စာတွေဆိုတာ
ရင်းခဲ့ကြသူတို့ ကောင်းကောင်းသိတယ်
ငါတို့ ကောင်းကောင်းသိတယ်
ဆိုတော...
ငါတို့ရှင်သန်ချိန်တွေ အချည်းအနှီး ဖြစ်ထိုက်ရဲ့လား
သမိုင်းဟာ တန်ဖိုးကြီးတယ်
ဒီထက်...သမိုင်းတန်ဖိုးဟာ ပိုတန်ဖိုးကြီးတယ်
ငါတို့ဟာ...လူ့ဂုဏ်သိက္ခာနဲ့ ထိုက်တန်သူတွေဖြစ်တယ်
ဒီတော့
ငါတို့ကမ္ဘာ ငါတို့ပခုံးနဲ့ထမ်းကြရမှာ မဟုတ်လား
ငါတို့သန်မာဖို့ ပို လိုပေမပေါ့
ငါတို့ လွတ်မြောက်တရားသာ ငါတို့ရှင်သန်ခြင်းဖြစ်မယ်
ပစ္စုပ္ပန်အခင်းအကျင်းနဲ့ အရှိတရား
သုံးနှစ်ခန့်ကြာသော် ငါးနှစ်ခန့်ကြာသော်ဆိုပြီး
ရုပ်ရှင်တကွက်လို ကာလ ဒေသ ပရောဂကို ရွှေ့လို့မရဘူး
ငါတို့အခွင့်အရေး ငါတို့နဲ့သာဆိုင်တယ်
မုန်တိုင်းရဲ့ချက်ကြိုးကို ငါတို့ကိုယ်တိုင်သာ ရွှေ့ယူရလိမ့်မယ် ။

၁၅ ဩဂုတ် ၂၀၂၄

Comments