ဝင်းမင်းခိုင် - ငါတို့ပြည်သူတွေကို ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်လို့မပြောနဲ့


ငါတို့ပြည်သူတွေကို 
ကျွဲနှစ်ကောင်ခတ်တဲ့ကြားက
မြေစာပင်လို့မပြောနဲ့
ဝင်းမင်းခိုင်
(သစ်ခက်သံလွင်) ဇွန် ၅၊ ၂၀၂၄

ငါက
ငှက်ကလေးတွေကိုအစာမကျွေး ရေမတိုက်ခဲ့ဖူးဘူး
သူတို့ရဲ့ရုန်းကန်နိုင်စွမ်းနဲ့
ဂေဟစနစ်ပျက်စီးသွားမှာစိုးလို့
ငါတို့ဆီကစစ်ဘေးသင့်ပြည်သူတွေကို
လိုအပ်တာတွေဖြည့်ဆည်းချင်တဲ့
ပြင်းပြတဲ့ဆန္ဒငါ့မှာရှိတယ်
သူတို့ဟာ
ဖိနှိပ်ချေမှုန်းသူနဲ့ တွန်းလှန်ရုန်းကန်သူကြားက
မြေစာပင်လို့ငါမမြင်ဘူး
သူတို့ကိုယ်တိုင်က
သာမန်ဒုက္ခထက်ပိုတဲ့အဆုံးစွန်ဆုံးဒုက္ခတွေကိုအရင်းနှီးလုပ်
အကျိုးမြတ်တခုကိုဆုတ်ကိုင်ဖို့
မတရားမှုကိုဆန့်ကျင်သူ သူရဲကောင်းတွေဖြစ်တယ်
ကျွဲ နှစ်ကောင်ကြားကမြေစာပင်ဆိုတာ
နှစ်ဖက်တိုက်ခိုက်သူတွေကြားကပြည်သူတွေလို့ ပြောတာဆိုရင်
တကမ္ဘာလုံးကအံ့ဩအလေးမြတ်ပြုရတဲ့
ငါတို့ပြည်သူတွေရဲ့ရပ်တည်ချက်၊ သတ္တိနဲ့ဂုဏ်ပုဒ်တွေကို
ရိုက်ချလိုက်တာပဲ
ကြံ့ကြံ့ခံနိုင်ရုံတင်မရဘူး
ထိထိရောက်ရောက်ထိုးနှက်နိုင်ဖို့ခွန်အားဟာ
ပြည်သူဆီကစီးဆင်းတယ်
ငါတို့ဆီမှာတော့
စစ်ဘေးသင့်တယ်ဆိုတာဟာ
အသက်ဘေးကလွတ်အောင်ကယ်တင်ဖို့
ခွဲစိတ်ရတဲ့နာကျင်မှုသာဖြစ်တယ်

၅.၆.၂၄

Comments