နွေလယ်နေ - မိသားစု

မိသားစု
နွေလယ်နေ
(သစ်ခက်သံလွင်) ဇူလိုင် ၁၊ ၂၀၂၄

တွင်းတိမ်တိမ်နဲ့
ရေကြည်လဲ့စေသား၊

ပင်နိမ့်နိမ့်လှမ်း
သီးရွက်ပြွမ်းစေသား၊

ခြံစည်းရိုးနွယ်
ဟင်းမျိုးကြွယ်စေသား၊

မြောင်းစပ်ခုန်တက်
ငါးစုံပွက်စေသား၊

လက်တစ်ကမ်းမှာ
ပန်းပေါင်းဖြာစေသား၊

ရှူသက်ပေါင်းစု
အနွေးဥစေသား၊

တံစက်မြိတ်စွန်း
လရောင်ရွှန်းစေသား၊

နေခြည်ထွေးခြုံ
အအေးလုံစေသား၊

အဘယ်သူတစ်ယောက်မှ
ခြံတံခါးကိုနောက်ပြန်မပိတ်
ခရီးဆောင်အိတ်မပြင်
အဝေးနှင်ဖိနပ်မစီး
နေ့လည်း…နီးစေသား
ညလည်း… နီးစေသား ။ ။

Comments