သုတလင်း ဆင်ပေါင်ဝဲ - မုဆိုးမနိုင်ငံတော်

မုဆိုးမနိုင်ငံတော်
သုတလင်း ဆင်ပေါင်ဝဲ
(သစ်ခက်သံလွင်) ဇွန် ၂၂၊ ၂၀၂၄

နိုင်ငံရေးစင်မြင့်မှာ
လောဘမူစိတ်နဲ့
ဒေါသမူစိတ်တွေ နေရာရတယ်။

လူမှု့ဘဝဇာတ်လမ်းမှာ
ဆင်းရဲမွဲတေမှုနဲ့
အသိဉာဏ်ဆင်းရဲမှုက ဗီလိန်ဆန်တယ်။

စစ်ပွဲသတင်းမှာ
ငြိမ်းချမ်းရေးဟာ ယမ်းငွေ့သင့်ပန်း
ဘယ်တော့မှ မလန်းဘူး။

တစ်ကိုယ်ရည် ယဉ်ကျေးမှု အသိုက်အဝန်းများ
အတ္တ မာန်မာန ဖျော်ဖြေပွဲများ
မြို့ပြ ပဉ္စလက်ဆန်မှုမှုမှာ
စတေးခံ လူသားအရင်းအမြစ်များ
သဘာဝ သယံဇာတဟာ
ဓား အထောက်ခံထားရတဲ့ လည်မြိုလို
ထိတ်ထိတ်ပျာပျာ ကြောက်ရွံ့မှုများနဲ့
နိုင်ငံတော်ဟာ ဆင်းရဲတွင်းအောက်ရောက်ခဲ့။

စစ်ပွဲသတင်းတွေ မကြား မဖတ်လိုဘူး
ဆင်းရဲမွဲတေမှုတွေ မသိ မမြင်လိုတဲ့ နိုင်ငံတော်မှာ
ငါတို့ သွားလာနေထိုင်ရလည်း
နိုင်ငံရေး စင်မြင့်မှာ လောဘမူ ဒေါသမူကြီးသူများအသင်းဟာ
ခုထိ သက်ဦးဆန်ပိုင်စနစ်လို မင်းမူနေတဲ့အခါ
နိုင်ငံတော်ဟာ နုပျိုမှု ချွတ်ခြုံကျ အပူသည်လို
ရစရာမရှိအောင် ဆင်းရဲလွန်းတယ်။ ။

Comments