သော်ရီ - တစ်နေ့တာ


တစ်နေ့တာ
သော်ရီ
(သစ်ခက်သံလွင်) ဇွန် ၄၊ ၂၀၂၄

တမျက်နှာလှန်တိုင်း
ထင့်ခနဲ
ဘယ်နေ့ဘယ်အချိန်လဲ
ဘယ်တော့များလဲ
ဘယ်ခါပြိုကျလာလေမလဲ
မိုးသားထက်မော့မော့ကြည့်ရင်း
ကုသိုလ်နည်းနည်း
အကုသိုလ် ကဲတဲ့ဘဝထဲ
အေးစက်စက်ဆော်ညှင်းတဲ့လေကတမျိုး
အရိုးစွဲတဲ့အကြောက်တရားကတစ်လီ
မသဒီစရာသွေးညှီနံ့တဖုံ
မျက်နှာမှာသာအပြုံးတုဆင်ရ
ရင်ထဲကဆဲရေးသံတွေအတိုင်းသား
ဒီလိုပဲ
ကမ်းပါးစွန်းမှာ
မြဲမြံစွာကုပ်ခြစ်တွယ်ကပ်ထား
အရှုံးချည်းသက်သက်
လွယ်လွယ်လွှတ်မချရက်ဘူးလေ
ရသလောက်တော့ဖွင့်လှန်ဖောက်ထွက်ရမှာပဲ
အသက်ကိုမှန်မှန်ရှူတယ်
စိတ်ကိုတည်အောင်ထားတယ်
လာသမျှရဲရဲ
ကဲ
လာစမ်းပေးစမ်းဟဲ့
သေခြင်းထက်ဆိုးတဲ့ဒုက္ခတွေ
တမင်ချန်ထားတဲ့
ငါ့ခန္ဓာထဲကအားအင်တွေ
ဘယ်နားသွားထားမလဲ။   ။

၇ ဖေဖော်ဝါရီ ၂၀၂၄

Comments