မောင်သစ်ကြည် - စစ်ပွဲ


စစ်ပွဲ
မောင်သစ်ကြည်
(သစ်ခက်သံလွင်) မေ ၃၁၊ ၂၀၂၄

သူတို့က ဆီးရီးယားစစ်ပွဲကို အတုယူလို့
ငါတို့က ယူကရိန်းစစ်ပွဲကို အားကျလို့
ဘယ်စစ်ပွဲမဆို အနိဋ္ဌာရုံချည်းပါပဲ
ငါတို့တွေက မြေဇာပင်တွေမို့။

ကျွဲနှစ်ကောင်ကတော့ သူသေကိုယ်သေ ခတ်နေတုန်းပေါ့။

သွေးသံရဲရဲမြင်ကွင်း
သေခြင်းတရားဆိုတာ အိမ်မှာနေရင်းလည်း
ဗုံးဆန် အမြောက်ဆန် မှန်လို့ သေပွဲဝင်ရ။

အပြာရောင်ခေါင်မိုးစွန်းမှာ
ချစ်မှုပြုနေတဲ့ စာကလေးရေ...
တို့များရဲ့နေရာကိုသာ ဒီစစ်ကြီးရောက်လာရင်ဖြင့်
မင်းရော မင်းချစ်သူပါ ခြေတုလက်တုနဲ့
ငြိမ်းချမ်းစွာ ချစ်မှုပြုကြပေတော့။  ။

10-5-2024


Comments